Friday, April 3, 2009

”ဝါသနာလို့ပဲ ပြောရတော့မှာပေါ့”

ကျနော်ငယ်ဘဝကတည်းက ယခုအသက်၄၀အရွယ်ရောက်တဲ့အထိ အနူပညာကို နှစ်သက်သလို
အနူပညာအလုပ်တွေကို ဝါသနာအပါဆုံးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ကဗျာရေးခြင်း ကဗျာ
တွေကိုဖတ်ပြီး တွေးခေါ်ခံစားခြင်းနဲ့ သီချင်းဆိုခြင်းတို့ကတော့ ကျနော့်ရဲ့ အနှစ်သက်ဆုံးနဲ့ ဝါသနာ
အပါဆုံးအလုပ်တွေလို့ပြောရင် ရနိုင်တယ်ဆိုပါတော့။ သီချင်းတွေနားထောင် သီချင်းတွေဆိုနေပြီး
ကဗျာတွေရေးနေဖတ်နေပြီဆိုရင် အဲဒီအချိန်တွေဟာ ကျနော့်စိတ်တွေလန်းဆန်းကြည်လင်နေတဲ့
အချိန်တွေပါပဲ။ ငယ်ဘဝတုန်းကတော့ ကျနော်ကြီးလာရင် အဆိုတော်တို့ ကဗျာဆရာတို့သိပ်ဖြစ်
ချင်ခဲ့တာပေါ့ဗျာ။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက သီချင်းတွေအများကြီးနားထောင် ပြီးရင်
နှစ်သက်တဲ့သီချင်းတွေကို မဖြစ်စလောက်တီးတတ်တဲ့ ဂီတာကြီးတဒေါင်ဒေါင်တီးပြီး သူငယ်ချင်း
တွေနဲ့ လမ်းဘေးမှာစိတ်ရှိလက်ရှိဟစ်ခဲ့တာလည်း ကျနော်ပဲဖြစ်ခဲ့ပါတယ်။ ကဗျာတွေစာတွေကို
တော့ ကိုယ့်ဗလာစာအုပ်တွေထဲမှာ တယောက်တည်းကြိတ်ပြီးရေးခဲ့တဲ့အခါတွေလည်း ရှိခဲ့တယ်
ဆိုပါတော့။ ဒါပေမယ့် ဘဝပေးအခြေအနေအကြောင်းကြောင်းတွေကြောင့် အဆိုတော်ဖြစ်မလာ
နိုင်ခဲ့သလို ကဗျာဆရာလည်းဖြစ်မလာနိုင်ခဲ့ပါဘူး။

အရမ်းငယ်တဲ့အရွယ်တုန်းကတော့ ”ကိုင်ဇာ”ရဲ့သီချင်းထဲကလို ရည်းစားထားဖို့အသက်
မပြည့်သေးလို့ ဘော်လုံးကိုကြုံးကြုံးကန်ခဲ့ရတာကို ဝါသနာပါခဲ့ပါတယ်။ ငယ်ငယ်ကဆို ကျောင်း
ကို ကျောင်းမတက်ခင် စောစောရောက်အောင်သွားပြီး သူငယ်ချင်းတွေနဲ့ မုန့်ဖိုးတွေစုပြီး ကော်
ဘောလုံးစုဝယ်ကြတယ်။ ပြီးတာနဲ့ ကျောင်းမတက်ခင်တကြိမ် နေ့လည်မုန့်စားကျောင်းဆင်းချိန်
တကြိမ်နဲ့ ညနေကျောင်းဆင်းရင်တကြိမ် စုစုပေါင်းသုံးကြိမ်တိတိမဖြစ်မနေ ဘောလုံးကန်တဲ့အထိ
ဘောလုံးကန်ခြင်းကိုလည်း ဝါသနာကြီးခဲ့ပါတယ်။ ကျနော်တို့ကျောင်းက ယောကျာင်္းလေးကျောင်း
ဖြစ်သလို ဘောလုံးအားကစားကို အထူးပဲအလေးပေးတဲ့အတွက် မိုးရာသီဆိုရင် အတန်းလိုက်မိုးရာ
သီဖလား ဘောလုံးပွဲတွေကျင်းပပေးလေ့ရှိခဲ့တာကြောင့် ကျနော်၎တန်းအရွယ်ကစပြီး ၁၀တန်းရောက်
တဲ့အထိ အတန်းလိုက်ဘောလုံးပွဲတွေမှာ နှစ်တိုင်းဝင်ကန်ခဲ့ပါတယ်။ ကျနော်က ဘောလုံးကန်တာထက်
ဂိုးဖမ်းရတာကိုပိုပြီးဝါသနာပါခဲ့လို့ တချို့နှစ်တွေမှာ ရှေ့တန်းမှာကန်ခဲ့သလို တချို့နှစ်တွေမှာ အတန်း
ထဲမှာ ဂိုးဖမ်းမယ့်ဂိုးသမားကောင်းကောင်းမရှိရင် ကျနော်ကိုယ်တိုင်ဂိုးဝင်ဖမ်းခဲ့လေ့ရှိပါတယ်။ မှတ်မိ
သေးတယ် ၁၀တန်းနှစ်ကပေါ့ ကျနော်တို့အတန်းနဲ့ တချိန်ကမြန်မာ့လက်ရွေးစင်ဂိုးသမားဖြစ်ခဲ့ဖူးတဲ့
ဂိုးသမားယဉ်ထွေးတို့အတန်းကန်ရတဲ့ပွဲမှာ အချိန်ကုန်တဲ့အထိ သရေကျနေလို့ နောက်ဆုံးအချိန်ပိုကန်
ပြီး ပယ်နယ်တီကန်ရတဲ့အခါ တဖက်အသင်းကကန်လိုက်တဲ့ ပယ်နယ်တီဘောလုံးကို ကျနော်ကဒိုက်ထိုး
ပြီးဖမ်းလိုက်ရင်း ဂိုးတိုင်နဲ့ ကျနော့်လက်ဝင်တိုက်မိပြီး လက်ကျိုးမတတ်နာကျင်သွားခဲ့ကတည်းက နောက်
ပိုင်းမှာ ကျနော်ဂိုးဖမ်းတာကိုလုံးဝဝါသနာမပါတော့လောက်အောင်ကို ကြောက်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ
ကျနော်တို့အတန်းကရှုံးသွားခဲ့တယ် ဆိုပါတော့ဗျာ။ ဒါကတော့ ကျနော့်ဝါသနာတွေထဲက ကျနော်ရရှိခဲ့
လိုက်တဲ့ အမှတ်တရလေးတခုပေါ့ဗျာ။

ကျနော်ကအနူပညာကိုဝါသနာပါခဲ့တယ်ဆိုပေမယ့် ကျနော့်မိဘတွေကတော့ ကျနော့်ကို အနူ
ပညာနဲ့ပတ်သက်တဲ့အလုပ်ကို အားကစားလောက်အားမပေးခဲ့ပါဘူး။ ကျနော့်အမေဆိုရင် ကျနော်ဘော
လုံးကန်တာကိုတောင် သိပ်ပြီးအားပေးတာမဟုတ်ဘူး။ ဒါကြောင့် ကျနော်၇တန်းနှစ်လောက်မှာ ကျနော်
ကကြက်တောင်ရိုက်ချင်တယ်ဆိုတော့ အမေက ကြည်ကြည်ဖြူဖြူနဲ့ပဲ သိမ်ဖြူလမ်းကဝိုင်အမ်စီအေမှာ
ကြက်တောင်ရိုက်သင်တန်းပေးတက်ခဲ့ပြီး ”ဘောလုံးမကန်နဲ့တော့သားရယ် ကြက်တောင်ပဲရိုက်တော့
အမေက သားဘောလုံးကန်တာတို့ဂိုးဖမ်းတာတို့ကို ကြိုက်တာမဟုတ်ဘူး တော်ကြာငါ့သားဘောလုံးကန်
လို့မတော်တဆခြေတွေလက်တွေကျိုးမှဖြင့် အမေရင်ကျိုးရမှာ”လို့ပြောပြီး ကျနော့်ရဲ့ဝါသနာကို ငြင်ငြင်
သာသာလေးတားမြစ်ခဲ့ပါတယ်။ ကျနော်လည်း ၇တန်းနှစ်ကနေစပြီး ၁၀တန်းနှစ်ရောက်တဲ့အထိ ဝိုင်အမ်
စီအေမှာ ကြက်တောင်ရိုက်ခဲ့ရင်း ကြာတော့လည်း ကြက်တောင်ရိုက်ရတာကို ဝါသနာပါလာခဲ့ပါတယ်။
ဒါပေမယ့် ကြက်တောင်ရိုက်ရတာ အမြင်မှာသာသိပ်ပြီးမပင်ပမ်းဘူးလို့ ထင်ရပေမယ့် တကယ်တမ်း
လေ့ကျင့်ကွင်းဆင်းတဲ့အချိန်မှာ ဘောလုံးကန်တာထက်တောင်ပိုပြီးပင်ပမ်းတယ်ဆိုတာကို ကြက်တောင်
ကိုထဲထဲဝင်ဝင်ရိုက်ဖူးတဲ့သူတွေတော့ သိမှာပါ။ ဒီမှာတင် ရွှေကိုယ်တော်ချောကျနော်က ကြက်တောင်
ထက်ပိုပြီးသက်သာပြီး ပေါ့ပေါ့ပါးပါးနဲ့ချွေးထွက်ပြီး ပိုလည်းပျော်စရာကောင်းတဲ့ စားပွဲတင်တင်းနစ်ကို
စပြီးမျက်စောင်းထိုးမိတော့တာပါပဲ။ ကျနော်ကြက်တောင်သင်တန်းကွင်းဆင်းတဲ့ ဝိုင်အမ်စီအေမှာ ကြက်
တောင်သင်တန်းခန်းမမှာပဲ ကရာတေးသင်တန်းပေးသလို စားပွဲတင်တင်းနစ်(ပင်ပေါင်)ခုံလည်းရှိပါတယ်.
အဲဒီခန်းမမှာပဲ မင်္ဂလာဆောင်တွေလည်းလုပ်လေ့ရှိပါတယ်.။ တရက်တော့ ကျနော်တို့ရဲ့ကြက်တောင်
သင်တန်းဆရာမလာခင် ကျနော်လည်းပင်ပေါင်ခုံမှာ ပင်ပေါင်ဝင်ရိုက်နေတုန်း ဆရာရောက်လာတော့
ဆရာကကျနော့်ကိုခေါ်ပြီး ”မင်းကြက်တောင်ဆက်ရိုက်မှာလား ပင်ပေါင်ရိုက်မလား”လို့မေးပါတယ်။
ဆရာကတော့ကျနော့်ကို စေတနာနဲ့မေးခဲ့ပြီး စေတနာနဲ့အကြံပေးခဲ့တာပါ ”မင်းပင်ပေါင်ရိုက်မယ်ဆိုရင်
ကြက်တောင်ဆက်မရိုက်နဲ့တော့ အဲဒီအားကစားနှစ်ခုက နည်းလမ်းမတူလို့ နှစ်ခုစလုံးကို လုပ်မယ်ဆိုရင်
မင်းတခုမှထူးချွန်တော့မှာမဟုတ်ဘူး”ဆိုပြီး ကျနော့်ကို ကြက်တောင်နဲ့ပင်ပေါင်နှစ်ခုထဲက တခုကိုပဲရွေး
ချယ်စေခဲ့ပါတယ်။ ကျနော်က ကြက်တောင်ရိုက်ရတာ သိပ်ကိုပင်ပမ်းလာပြီဆရာ.ဒီတော့ကျနော်ပင်ပေါင်
ကိုပဲရွေးတော့မယ်လို့ ဆရာ့ကိုလွယ်လွယ်ပဲပြောလိုက်ပြီး ကြက်တောင်ဆက်မရိုက်တော့ပါဘူး။ ပြောရမယ်
ဆိုရင်တော့ အဲဒီအချိန်မှာ ကျနော်ကပင်ပေါင်ကိုငြိနေခဲ့ပြီလေ။ ကျနော်နဲ့ကျနော့်သူငယ်ချင်းတချို့ ပင်ပေါင်
ကိုဘယ်လောက်ထိငြိခဲ့သလဲဆိုရင် ကျောင်းပိတ်ရက်တွေမှာ မနက်စာညနေစာလွတ်အောင်ကို တနေကုန်
ပင်ပေါင်နဲ့အချိန်ကုန်ခဲ့ကြပါတယ်။ တခါတလေဆိုရင် ရန်ကုန်မြို့တော်ခမ်းမပေါ်က ပင်ပေါင်ခုံတွေဟာ
ကျနော်တို့ပိုင်တဲ့ပင်ပေါင်ခုံတွေလိုမျိုးအနားမရကြပဲ ကုန်သွယ်လယ်ယာရုံးပေါ်က ပင်ပေါင်ခုံတွေလည်း
အနားမရကြပါဘူး။ အဲဒီအချိန်မှာ ကျနော်ဟာ ပင်ပေါင်ရိုက်ရတာကို သိပ်ပြီးနှစ်သက်ဝါသနာပါခဲ့တာပေါ့ဗျာ။

ဂစ်တာတီးပြီးသီချင်းဆိုတဲ့အလုပ်ကိုတော့ အိမ်ကမိဘတွေကလုံးဝခွင့်မပြုခဲ့လို့ ၁၀တန်း
လောက်ရောက်တဲ့အထိ ဂစ်တာမကိုင်ခဲ့ရပါဘူး။ လမ်းမမှာ သူငယ်ချင်းတွေဂစ်တာတီးရင်လည်း တိုက်
ခမ်းပေါ်ကနေငေးကြည့်နေရတဲ့ဘဝထက်ပိုပြီး ဂစ်တာကိုမထိခဲ့မကိုင်ခဲ့ရသလို သီချင်းတွေကိုလည်း မြို့
ထဲက သီချင်းကောင်းကောင်းဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင်တွေမှာသွားခိုးနားထောင်ခဲ့ရတဲ့ ဘဝမျိုးနဲ့
ပဲ သီချင်းဆိုဂီတာတာခြင်းကို ဝါသနာပါခဲ့ရပါတယ်။ ကျနော်၁၀တန်းနှစ်မှာ ကျနော့်အဖေနဲ့အမေနှစ်ယောက်
စလုံးအလုပ်တာဝန်နဲ့ ရန်ကုန်ကနေပုသိမ်ကိုပြောင်းရပါတယ်။ ကျနော့်ညီတွေနဲ့ညီမက အဖေအမေတို့နဲ့
ပုသိမ်ကိုလိုက်သွားကြပြီး ကျနော်တယောက်တည်း ရန်ကုန်ကကျနော့်ဘကြီးအိမ်မှာ ကျောင်းဆက်တက်ဖို့
ကျန်ခဲ့ပါတယ်။ ဒိတော့မှပဲ ကျနော့်ရင်ထဲက နှစ်ပေါင်းများစွာထိမ်းမနိုင်သိမ်းမရဖြစ်ခဲ့ရတဲ့ ဂစ်တာတီးပြီးသီ
ချင်းဆိုတဲ့ ဝါသနာကိုအကောင်အထည်ဖော်ခွင့်ရခဲ့ပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ဘကြီးက
မွေးတဲ့ ကျနော့်အကိုဝမ်းကွဲက အဲဒီအချိန်မှာ ဂစ်တာကိုကျွမ်းကျွမ်းကျင်ကျင်နဲ့တီးတတ်နေပြီး ဘကြီးကလည်း
သူ့သားကို သူ့အိမ်မှာလွတ်လွတ်လပ်လပ်သီချင်းဆိုဂစ်တာတီးခွင့်ပေးထားတာဆိုတော့ ကျနော့်အနေနဲ့က
ရေငတ်နေတဲ့သူ ရေတွင်းထဲပြုတ်ကျသလိုမျိုးဟန်ကျသွားတာပေါ့ဗျာ။ အကိုက သူကိုယ်တိုင်သာဂစ်တာကို
ကျွမ်းကျွမ်းကျင်ကျင်တီးတတ်တာ ကျနော့်ကိုတော့ကောင်းကောင်းသင်မပေးခဲ့ဖူး။ သူဂစ်တာတီးပြီဆိုရင်
ကျနော့်ကို သီချင်းပဲလိုက်ဆိုခိုင်းခဲ့တယ် ”မင်းကသီချင်းဆိုတာကောင်းတယ်.ဒီတော့မင်းပိုင်တဲ့သီချင်းတွေ
လိုက်ဆိုကွာ”ဆိုပြီးတိုက်တွန်းခဲ့ပေမယ့် ဂီတာကိုတော့ဖြစ်ရုံလောက်လက်ကွက်တချို့ပြပြီး သေသေချာချာ
သင်မပေးခဲ့ပါဘူး။ ပြီးတော့သူ့ဂစ်တာကိုတီးရင်လည်း တခါတလေသိပ်မကြိုက်တတ်တော့ သူ့အလစ်ကျမှ
သူပြပေးထားတဲ့လက်ကွက်တချို့ကိုထင်သလိုနှိပ်ပြီး ရတဲ့သီချင်းတွေပဲဟဲရတော့တာပေါ့ဗျာ။

ကျနော်ဆယ်တန်းအောင်ပြီး ရန်ကုန်မှာကျောင်းဆက်မတက်တော့ပဲ ကျနော့်မိသားစုရှိတဲ့
ပုသိမ်ကိုအပြီးပြောင်းလာခဲ့ပါတယ်။ ပထမနှစ်ကို ပုသိမ်ဒီဂရီကောလိပ်မှာစတက်ခဲ့ပြီး ကျောင်းမတက်ခင်
နွေကျောင်းပိတ်ရက်မှာ ကျနော့်မိဘတွေက ကျနော့်ကိုဂီတာတီးခွင့်စပေးခဲ့ပြီး ကျနော့်ကိုဂီတာတလုံးလည်း
ဝယ်ပေးခဲ့ကြပါတယ်။ ပုသိမ်ကိုရောက်ပြီးသိပ်မကြာခင်မှာပဲ ကျနော့်မှာသူငယ်ချင်းတွေအများကြီးရနေခဲ့ပါပြီ။
ညဆိုရင် မြို့လည်ကပလက်ဖောင်းဘေးမှာ ဂီတာတွေတီးကြရင်း သီချင်းတွေဆိုကြတဲ့အခါမှာ များသော
အားဖြင့်ကတော့ ကျနော်က ကိုမွန်းအောင် ကိုခင်မောင်တိုးနဲ့ ကိုခင်ဝမ်းတို့ရဲ့သီချင်းတွေကိုဆိုရပါတယ်။
ကျနော့်ကို ကျနော့်သူငယ်ချင်းတွေက ”မင်းအသံနဲ့ဆိုပေါက်တွေက ကိုတိုးကြီးသီချင်းတွေနဲ့သိပ်လိုက်တယ်
ဆိုပြီး ကိုတိုးကြီးရဲ့ ”မဟာဆန်သူ”တို့ ”ရိုးရိုးလေး”တို့ ပြီးတော့ ကိုမွန်းအောင်ရဲ့ ”လွမ်းရတဲ့ညတွေလွန်ပါစေ”တို့
”ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ”တို့စတဲ့သီချင်းတွေကို အမြဲဆိုခိုင်းလေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သီချင်းဆိုဝါသနာ
ပါခဲ့တဲ့ကျနော်ဟာ ကိုတိုးကြီးရဲ့သီချင်းတွေကိုဆိုရတာ ဝါသနာအပါဆုံးဖြစ်ခဲ့ပါတယ်။ ကျောင်းကမြန်မာစာဌာန
ရဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာလည်း ကိုတိုးကြီးရဲ့ ”အချစ်စစ်ဆိုတာ”ဆိုတဲ့သီချင်းကိုတက်ဆိုခဲ့ရပါတယ်။
မှတ်မိသေးတယ် အဲဒီိတုန်းက အခုကဗျာဆရာလူအိမ်က တတိယနှစ်လားနောက်ဆုံးနှစ်လားရောက်နေပြီ။
သူကတော့အဲဒီပွဲမှာဗိုလ်ထီးရဲ့ ”နေရာတိုင်းမှာ”ဆိုတဲ့သီချင်းကိုဟဲခဲ့တာပေါ့။ သူနဲ့အဲဒီအချိန်ကစပြီးရင်းနှီးခွင့်
ရခဲ့ပြီး သူကတော့ကဗျာတွေ အများကြီးရေးနေပြီ။ ကျနော်ကတော့ ကိုယ်ပိုင်စာအုပ်ထဲမှာပဲ အချစ်လိုလို
ဒဿနလိုလိုဟိုမရောက်ဒီမရောက်ကဗျာတွေကို တိတ်တိတ်ကြိတ်ပြီးရေးနေခဲ့တာပေါ့။ ပထမနှစ်မှာပဲ တခြား
သူငယ်ချင်းနှစ်ယောက်သုံးယောက်နဲ့ပေါင်းပြီး ကဗျာစာအုပ်လေးတအုပ်ထုတ်ဖြစ်ခဲ့ကြပါတယ်။ ရည်းစားထား
ဖို့လည်းဝါသနာပါခဲ့တယ်ဆိုပါတော့ဗျာ။ အများကြီးထားဖို့တော့ ဝါသနာမပါခဲ့ပါဘူး ကောင်မလေးတယောက်
တည်းကိုရွေးပြီးချစ်ဖို့ ဝါသနာပါခဲ့တာပါဗျာ။

ပထမနှစ်ရဲ့နွေကျောင်းပိတ်ရက်မှာ ဝါသနာပါတဲ့ဂီတာတီးခြင်းအလုပ်ကို ယခုသီချင်းရေးဆရာ
ဖြစ်နေတဲ့ ကိုမြင့်မိုးအောင်ဆီမှာစနစ်တကျသင်ခွင့်ရခဲ့ကြပေမယ့် ကျနော်တို့သူငယ်ချင်းတစုက သီချင်းတွေ
တီးတတ်ဖို့ကိုပဲသိပ်အားသန်နေခဲ့ကြလို့ နှစ်လလောက်သင်အပြီးမှာ ဆရာကောင်းနဲ့ဝေးခဲ့ကြရတာပေါ့။ ဒုတိ
ယနှစ်မှာတော့ စိတ်ထဲမှာအားခဲထားခဲ့တာတခုရှိခဲ့ပါတယ်။ ”ငါဒီနှစ်ဂုဏ်ထူးတန်းထွက်အောင် ကြိုးစားမယ်
ပြီးရင် ရန်ကုန်မှာကျောင်းသွားတက်ပြီး ကဗျာတွေရေးမယ် သီချင်းတွေလေ့လာမယ် ဂုဏ်ထူးတန်းပြီးရင်
မြန်မာစာဌာနမှာ ကျောင်းဆရာဖြစ်အောင်လုပ်မယ်”လို့ဆိုပြီး ဝါသနာပါတဲ့အလုပ်ကိုဖြစ်အောင် အကောင်
အထည်ဖော်ဖို့ စိတ်ထဲမှာအားခဲထားခဲ့ပေမယ့် မမြင်နိုင်တဲ့ဘဝတဆစ်ချိုးက ကျနော့်ရဲ့ဘဝကိုပြောင်းပြန်လှန်
ပစ်စေခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ဟိုးငယ်ငယ်တုန်းက ဝါသနာပါခဲ့တဲ့ စစ်တိုက်တမ်းကစားနည်းကို ကလေးကစား
သလိုကစားရခြင်းမျိုးမဟုတ်ပဲ လက်တွေ့ကွင်းဆင်းရင်း လူကြီးသေနတ်ပစ်တဲ့အလုပ်ကို မထင်မှတ်တဲ့ကံ
ကြမ္မာအလှည့်အပြောင်းက ကျနော့်ပခုံးပေါ်ကို သမိုင်းပေးတာဝန်ဆိုတဲ့တံဆိပ်ကပ်တင်ပေးလိုက်တယ်
ဆိုပါတော့ဗျာ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ရှိရင်းစွဲဝါသနာတွေက သေတဲ့အထိဖျောက်လို့မရနိုင်တာမို့
တောခိုလာပြီးတဲ့နောက်ပိုင်းမှာ ကဗျာတချို့ကိုဆက်ရေးတယ် ရောက်တဲ့နေရာမှာ ပေးတဲ့အခွင့်အရေးတွေ
နဲ့သီချင်းတွေဆိုဖြစ်တယ်။ သိပ်ကိုအားလပ်ပြီးအချိန်ရခဲ့တဲ့ ကာလတချို့မှာသီချင်းတချို့ရေးနိုင်အောင်ကြိုး
စားခဲ့တယ်.ကိုယ်ပိုင်သံစဉ်သီချင်းတချို့ကိုရေးပြီးကိုယ်ပိုင်စီးရီးလေးတခွေလောက်ထုတ်ဖို့လည်း စိတ်ကူးရှိ
ခဲ့သလို အဲဒီစိတ်ကူးတွေကခုထိလည်း ရှင်သန်နေဆဲပါ။ တနေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့ထင်တာပါပဲ ဒါပေမယ့် ဝါသနာထက်ဝမ်းရေးခက်နေတဲ့ဘဝမှာ စိတ်ကူးတွေကစိတ်ကူးအတိုင်းပဲရှိနေပါသေးတယ်။
လတ်တလောအခြေအနေမှာတော့ ဝါသနာအရ ဘလော့ပေါ်မှာ ကဗျာတွေရေးတယ်ဆိုပါတော့ဗျာ။

ကဲ..ညိမောင်မျိုးရေ ကျေနပ်တယ်မဟုတ်လား....ညီလေးတက်ဂ်ထားတဲ့အကြောင်းလေးကို အကိုကြိုးစား
ပြီးရေးပေးလိုက်ပါပြီ...ကျေနပ်တော့ကိုယ့်ညီရေ...။

ချစ်ခြင်းများစွာဖြင့်.....
ဆောင်းယွန်းလ

16 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်း...

ငယ်စဉ်က ဝါသနာတွေတော့ သိသွားပြီ...

ကောင်မလေးတယောက်
တည်းကိုရွေးပြီးချစ်ဖို့ ဝါသနာပါခဲ့တာပါဗျာ။


အဲ့ဒါ ဂယ်ရီးလားဟင်..!! :P

လက်ရှိဝါသနာလည်းသိပြီ..
မသိသေးတာ အနာဂါတ်မှာ ဘယ်လိုဝါသနာမျိုးများ ရှိလာနိုင်ပါလိမ့်နော်..!!

လေးစားခင်မင် ချစ်ခြင်းအားဖြင့်..

မေ့သမီး said...

အကိုရေးတာကို ပထမဆုံးကွန်မန့်ရေးရပြီ။ ၀ါသနာတွေပြန်လည်ရှင်သန်နိုင်ပြီး အိပ်မက်တွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်တဲ့ အခြေအနေရောက်ပါစေ။ အကို့အတွက်တင်မဟုတ်ဘဲ ညီမတို့အားလုံးအတွက်ပေါ့။

မေ့သမီး said...

ဟာ ရေးနေရင်းနဲ့ဒုတိယဖြစ်သွားတယ်။ သြော်။

လင်းဒီပ said...

အစ်ကိုက ဝါသနာအကြောင်း ရေးတယ်ဆိုပေမယ့် ဘဝအကြောင်း တစ်စိတ်တဒေသကို ဖွင့်ပြသွားတယ်..။
ဒီလိုပါပဲအစ်ကိုရယ် ဘဝတွေက ပျော်ရာမှာမနေဖြစ် တော်ရာကို လေလွင့်နေကြရတာ မဟုတ်လား..။
ဝါသနာဆိုတာမျိုးကတော့ ရာသီကိုလည်း ဂရုမစိုက်ဘဲ ဘယ်လို နေရာဒေသမျိုးမှာဖြစ်ဖြစ် အမြဲရှင်သန်ဖို့ အသင့်ဖြစ်နေတဲ့ သစ်ပင်မျိုးပါပဲလေ..။
ခင်မင်စွာ
လင်းဒီပ

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

စီးရီးစ် ထုတ်ရင် လက်မှတ်ပါ ထိုးပေးပါ..
ခုထဲက တန်းစီထားပြီ..
တော်ကြာမေ့မသွားပါနဲ့....
...
ကိုဆောင်းယွန်းရေ ကျမ စာစဖတ်တော့.. အသက် ၄ နှစ် မပြည့်သေးပါဘူး..
ကျောင်းစတက်တော့ အသက် ၄နှစ် ၃ လ... တစ်လလောက် နေပြီး ပထမတန်းကို.. ကျော်တက်ခဲ့တာ..
အပြင်စာတွေ ဖတ်လွန်းလို့ ထင်ပါရဲ့.. ဘ၀မှာ ဟိုစပ်စပ် သိတာလေးတွေ များပြီး.. ဘာမှ ထွန်းထွန်းပေါက်ပါက် ဖြစ်မလာခဲ့ဘူး လေ..း)..
နောက်ပြီး.. ရွယ်တူ မိတ်ဆွေ သူငယ်ချင်းတွေ နည်းခဲ့ရတယ်..
ကိုယ်ဖတ်တဲ့စာတွေက ဦးလေးတွေ ဖတ်တာ မှန်သမျှ လိုက်ဖတ်တော့.. ဘကြီးတွေ ဦးလေးတွေနဲ့ လူကြီးတွေရဲ့ စကားဝိုင်းနားတွေ မှာပဲ ပျော်မွေ့ ခဲ့တာလေ..
တခုကောင်းတာကတော့.. ကျောင်းဆရာမ ဘ၀မှာ ကျောင်းစာတွေ အပြင် ကိုယ်လေ့လာ ဖတ်မှတ်ဖူးတာလေးတွေ ပြောပြတတ်တော့ ချစ်တဲ့ တပည့်တွေပေါခဲ့တယ်
အသက် ရ နှစ်မှာ အပ်ချုပ်တတ်တာ မဟုတ်ပါဘူး
ဝါသနာပါလွန်းလို့ အပ်ချုပ်စက် တက်နင်းတာပါ
ရ တန်းလောက်ရောက်မှ ချုပ်တတ်ခဲ့တာပါ

ကလူသစ် said...

သိပါဘူး။ ဂိုးတိုင်နဲ့ခေါင်းနဲ့ဆောင့်မိလို့ ကဗျာတွေ ၀ါသနာပါသွားတာလားလို့ :)

အိန္ဒြာ said...

အစ်ကို...

ကိုကြီးအောင်သာငယ်လို..
သီချင်းဆိုတာပါတင်ပါလား...

ခင်မောင်တိုးအသံနဲ့တူတယ်..ဆိုလို့
စိတ်ဝင်စားတယ်ဗျို့...

Nyein Chan Aung said...

အစကနေဖတ်လိုက်တာ ဆုံးတဲ့အထိ ရသမျိုးစုံနဲ့ ဆွဲခေါ်သွားတယ်ဗျာ။ ငယ်ဘ၀ဆိုတာ တကယ့်လွမ်းစရာပါပဲ။ ရွှင်လန်းချမ်းမြေ့ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ် ကိုဆောင်းရေ..

ကောင်းကင်ပြာ said...

အကိုရေးတဲ့ တဂ်ပို့စ်လေးက ဖတ်လို့ကောင်းလိုက်တာ၊ အခွေ ထုတ်ရင်လဲ သတင်းပို့ဦးနော်

အိုင်လွယ်ပန် said...

သေသေချာချာကိုဖတ်သွားတယ်အစ်ကိုရေ :P

ဒူကဘာ said...

မအားလွန်လို့ အခုမှပဲ ရောက်ဖြစ်တော့တယ်၊ တခေတ်ထဲ ပြေးတဲ့သူတွေမို့ ဖတ်ရင်းနဲ့ တရံတဆစ်မှာ ကိုယ့်အကြောင်း ကိုဆောင်း ...ပြောနေ သလားတောင် ထင်တတ်အောင် ကဗျာဆရာ .. စကားပြေလဲ ကောင်းသကိုး!။

စိတ်စမ်းရေ said...

အကိုရဲ့ ဝါသနာတွေက အစ်ကိုရဲ့ ဘဝကို
တပိုင်းတစမြင်ခွင့်ပေးလိုက်ပါတယ်....။
အစ်ကိုရဲ့ ဝါသနာတွေက စိတ်ကူးကနေ
တကယ်ဖြစ်လာပါစေလို့ ညီဆုတောင်းပေးပါ
တယ်.....။

မောင်မျိုး said...

အစ်ကိုကြီးရေ့ တကယ့်ကိုဖတ်လို့ကောင်းအောင်ရေးပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုက ကဗျာတွေပဲရေးတော့ ဒီလို တဂ်ပို့စ်တွေ မကြိုက်ဘူးထင်နေလို့ အားနာသွားတယ်ခုလို ဂရုတစိုက်ရေးပေးတော့ ပျော်သွားတယ်း) ။ အစ်ကိုရေးတဲ့ သီချင်း ကိုယ်ပိုင်သံစဉ်နဲ့ ကိုယ်တိုင်သီဆိုမယ့် သီချင်းကို ညီတို့လည်း နားထောင်ခွင့်ရချင်ပါသေးတယ် တစ်နေ့နေနေ့ပေါ့လေ အစ်ကိုပြောသလို ။ မမြင်နိုင်တဲ့ဘဝတဆစ်ချိုးကက အပြောင်းလဲကို ရင်ဆိုင်လိုက်ရတဲ့ အစ်ကို့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ် ပြီးတော့ လေးလည်းလေးစားတယ် အနုပညာကို နေရာဒေသမရွေး ဖက်တွယ်နေတာကိုလည်း သဘောကျမိပါတယ် ။အစ်ကိုကြီးဖြစ်ချင်တဲ့ ၀ါသနာတွေ အမြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။

ကောင်းကင်ကို said...

အစ်ကိုရေ။ ကြုံရင် အစ်ကို့ ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေလည်း နားထောင်ချင်သေးတယ်ဗျ။ စိတ်ကူးအိပ်မက်တွေ အမြန်ဆုံး အကောင်အထည် ပေါ်ပါစေဗျာ။

Anonymous said...

ကျနော်လည်း အကို့လိုပဲ အဏ္ဏ၀ါတည်းခိုခန်းနားက ဦးဆန်းသူအောင် ကျူရှင်နေရာက ဂစ်တာသင်တန်းတစ်ခုမှာ လေ့ကျင့်ခဲ့ဖူးတယ်...။ အကို့ ပို့စ်က ကိုယ့်ဘ၀ကိုယ် ပြန်ဖတ်နေရသလိုမျိုး ဖြစ်နေတယ်...။ တစ်စိတ်တစ်ပိုင်းပေါ့...။