Sunday, April 5, 2009

”ကြိုးတွေဖြတ်ပစ်လိုက်တယ်”
မသိမသာနဲ့ ရင့်ရော်လာလို့
ကြည့်ပျော်ရှုပျော် ကျန်နေသေးတဲ့
မျက်နှာရုပ်ကို ဟန်လုပ်ရင်း
သိသိသာသာ ရှင်းလင်းထင်ဟပ်ပြနေတဲ့
ကြည့်မှန်တချပ်ရဲ့ အပေါ်မှာ
စိတ်တချို့နဲ့ပေါင်း..ပြီးတော့
အရည်ဖျော်ပြီး လောင်းချကြည့်လိုက်တယ်…

ခေါင်းပေါ်မှာ အနေကြာလာတဲ့
ကေသာတချို့ကတော့
အမှုတွေပွေလွန်းလို့
အနူပေါ် အရင့်တက်
တဖြေးဖြေးနဲ့ အဖြူဘက်သန်းလာသလို
ပါး နား သားရေတွေဟာလည်း
ကာလတိုက်စားမှုတွေကြောင့်
ပဲ့ပြိုလာတဲ့ ကမ်းပါးအိုလို
ယိုင် နဲ့ လဲပြို…

ညိုနေတဲ့ မျက်ဝန်းတွေပေါ်မှာတော့
ကွက်လပ်တခုဟာ
အရင်အတိုင်း မှိုင်းပျပျ
ကယ်တင်မယ့်သူကို မျှော်နေပုံရတယ်…

တကယ်ဆိုရင်
ကယ်တယ်ရှင်ဆိုတာ
မေခလာလည်း မဟုတ်သလို
ဂေါတမလည်း မဟုတ်လေဘူး
ကိုယ့်ဒူးခိုင်မှ
မယိုင်အောင် လျှောက်နိုင်မယ့်
ကိုယ့်ရဲ့ ခြေထောက်တွေအတွက်
ဘာတွေကို ရက်စက်တယ်လို့ အပြစ်ဖို့နေရဦးမှာလဲ
အဲဒီ ဆွဲဖြဲခံထားရတဲ့
ကံကောင်းခြင်းဆိုတဲ့ စာမျက်နှာများစွာကို
နေညိုတဲ့အထိ ထိုင်စောင့်ဖတ်နေမယ့်အစား
ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲမှာပဲ
ကိုယ့်ရဲ့သွေးနဲ့ စတေးရင်း
အသိမ်အဖျင်းတောမှာ အတင်းပြောနေကြတဲ့
သတင်းအမောတွေထဲက ရုန်းထွက်ရင်း
ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲ ဝကွပ်အပ်နှင်းလိုက်တယ်
….။

10 comments:

အိန္ဒြာ said...

ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲ ဝကွပ်အပ်နှင်းလိုက်တယ်…

ကိုယ့်စိတ်ပြုသမျှ..ကိုယ်ကပဲခံနေကြရာတာနော်....
ကိုယ့်စိတ်သွားတိုင်းကြ ကိုယ့်ကိုယ်ကမပါနိုင်ပြန်ဘူး...

ကိုယ့်ကိုကိုယ်...
ဆံပင်တစ်ချောင်းတောင်...
မဖြူအောင်...မတားနိုင်တဲ့...အခြေအနေပါအကို..

ကဗျာကကောင်းလိုက်တာ...အကိုရာ...

MANORHARY said...

လာဖတ်သွားပါတယ်။
နေညိုအောင်တော့ထိုင်မစောင့်ချင်ပါဘူး
ဒါပေမယ့်လည်း..နေညိုသွားခဲ့ရင်....

မမသီရိ said...

အတ္တာဟိ အတ္တနော နာထော တဲ့
(စာလုံးပေါင်းကတော့မှန်ရဲ့လားမသိ..း)
မိမိ ကိုယ်က လွဲပြီး တခြားအားကိုးရာ ဆိုတာ
မသေချာပါဘူး ကိုဆောင်းယွန်းရေ..
သံဝေဂသံ ရိပ်ရိပ်လေးစွက်နေတဲ့ ကဗျာလေးက
အဓိပါယ်တွေပြည့်နေပါတယ်ရှင်

မသက်ဇင် said...

နေညိုတဲ့အထိ ထိုင်စောင့်ဖတ်နေမယ့်အစား
ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲမှာပဲ
ကိုယ့်ရဲ့သွေးနဲ့ စတေးရင်း
အသိမ်အဖျင်းတောမှာ အတင်းပြောနေကြတဲ့
သတင်းအမောတွေထဲက ရုန်းထွက်ရင်း
ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲ ဝကွပ်အပ်နှင်းလိုက်တယ်….။

အတိအကျအမှန်ဆုံးပါပဲ----ကိုဆောင်းယွန်းလ
အားလုံးကို လွှတ်ချထားလိုက်ပါ---
ကိုယ်ချစ်တဲ့ အနုပညာထဲမှာ မြုပ်နှံထားလိုက်ပါ-

မောင်မျိုး said...

တကယ်ဆိုရင်
ကယ်တယ်ရှင်ဆိုတာ
မေခလာလည်း မဟုတ်သလို
ဂေါတမလည်း မဟုတ်လေဘူး
ကိုယ့်ဒူးခိုင်မှ
မယိုင်အောင် လျှောက်နိုင်မယ်

မိုက်တယ် အစ်ကိုရေ့ မိမိကိုယ်သာ အားကိုယ်ရာပေါ့နော် ဒါပေမယ့် တစ်ခါခါ ချိနဲ့ နေတော့လည်း ကယ်တင်သူ ရှာမိပြန်ကောပေါ့ ။ ဆံပင်တွေဖြူရင်ဆေးဆိုးလိုက်ဗျး)

အိုင်လွယ်ပန် said...

“ကိုယ့်ကိုအမြင့်တင်ပေးမယ့်သူကလည်းမင်း
ကိုယ့်ကို ဆွဲချမယ့်သူကလည်းလဲမင်း
ကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းရှိတယ်တဲ့” ....

အဲဒီစာသားလေးသွားသတိရမိတယ်အစ်ကိုရေ .....

----- Jennifer ----- said...

ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.

မိုးမြင့်အောင် said...

အတ္တဟိတော အတ္တနောပါဗျာ
ကဗျာကိုကြိုက်တယ်

Nyein Chan Aung said...

တကယ်ဆိုရင်
ကယ်တယ်ရှင်ဆိုတာ
မေခလာလည်း မဟုတ်သလို
ဂေါတမလည်း မဟုတ်လေဘူး
ကိုယ့်ဒူးခိုင်မှ
မယိုင်အောင် လျှောက်နိုင်မယ့်
ကိုယ့်ရဲ့ ခြေထောက်တွေအတွက်
ဘာတွေကို ရက်စက်တယ်လို့ အပြစ်ဖို့နေရဦးမှာလဲ

အသိမ်အဖျင်းတောမှာ အတင်းပြောနေကြတဲ့
သတင်းအမောတွေထဲက ရုန်းထွက်ရင်း
ကိုယ့်ကိုကိုယ် ကိုယ့်လက်ထဲ ဝကွပ်အပ်နှင်းလိုက်တယ်

ကဗျာ ကြိုက်တယ် ကိုဆောင်း။ စိတ်မှာ လာထင်တဲ့ ခံစားမူတွေကို စကားလုံးတွေအဖြစ် ပြောင်မြောက်စွာ ချရေးနိုင်ပါပေတယ်။ အားပေးလျှက်ပါဗျာ။

Moe Myint Tane said...

သိပ်ကောင်းတယ်အကိုရာ။ ဒီကဗျာလေး တော်တော်ကြိုက်တယ်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်