Sunday, April 12, 2009


”ဒုက္ခမျက်ရည်စိုလူးနေတဲ့ ပိတောက်ဖူးတွေ”

ပေါလောမျော နိယာမတွေနဲ့
ထပ်တူကျနေတဲ့ မိုးသက်လေထန်ဘဝမှာ
ဧပရယ်ရဲ့ကာရန်ကို ကဗျာဆန်ဆန်မဖွဲ့နိုင်တော့လို့
အိမ်လွမ်းစိတ်တွေကို ပေါ့သွားရစေခြင်းအလို့ငှာ
မြန်မာသံတေးတပုဒ်ကို ရွေးထုတ်ရင်း
ဆရာမြို့မငြိမ်းရဲ့သီချင်းနဲ့ သက်ပြင်းချနေတဲ့အခိုက်
အတာလေပူတချက်က လူကိုဖြတ်တိုက်သွားတယ်…

စိတ်ထဲမှာ ဘာမှမရှိလေအောင်
ဟန်ဆောင်ပြီးနေခါမှ
သောတကိုလာပြီး ထိရှတဲ့အသံ
အလွမ်းဓာတ်ခံကို တည့်တည့်မှန်တယ်….

ဗွီစီဒီဓာတ်ပြားပေါ်က ဂီတ
နှလုံးသားပေါ်ကို ကြွေကျလာတော့လည်း
ပိတောက်နဲ့နွှဲပျော်ခဲ့တဲ့ ကာလတချို့အကြောင်းက
အဆွေးဇာတ်ကားဟောင်း တပုဒ်အဖြစ်
ပစက္ခဧပရယ်ရဲ့ပိတ်ကားပေါ်မှာ ရုပ်ပုံလွှာထင်ရစ်တယ်…

အတိတ်ကာလငယ်ဘဝက ချစ်စရာပိတောက်
ခုလောက်ဆို အရင်လိုရနံ့ကြွယ်ပါ့ဦးမလား!!!
ပင့်သက်များစွာနဲ့ စဉ်းစားနေတဲ့အခိုက်
အတာလေပူတချက်က လူကိုထပ်ပြီးဖြတ်တိုက်တယ်…

လေပူထဲမှာ အရှေ့ကမ္ဘာဘက်ခြမ်းက
သွေးထွက်နေတဲ့ ပိတောက်ပန်းရဲ့
အငွေ့အသက်တွေက ရစ်ခြုံလွှမ်းနေကြပြီး
နာဂစ်အဖျားသွေးမကျသေးတဲ့
ကလေးလူကြီးတွေရဲ့ ငိုရှိုက်သံတွေက နားဝကိုလျှံကျသလို
ဒုက္ခလေပွေတွေက ပိတောက်ပျိုခက်တွေကို ခြွေချ
ဘယ်လိုမှမလှတော့မယ့် သင်္ကြန်ရဲ့ အနံ့အသက်ကိုရတယ်…


ဒီအချိန်ဆို….
”ကောင်းကင်ကို” ပြောတဲ့ အငိုဒုက္ခတိုင်းပြည်မှာ
ထူးမခြားနား ပတ်ပျိုးတွေနဲ့
သင်္ကြန်မိုးတွေ ရွာချနေဦးမှာဖြစ်သလို
ခံစားချက် ထုထည်ကြီးမား
ဒုက္ခတွေစုပြီး မျိုးပွားနေရတဲ့ ပိတောက်တခက်ဟာ
မျက်ရည်တွေဥနေတဲ့ သင်္ကြန်ရက်ကိုကြိုရင်း
တမြန်နှစ်တွေကလိုပဲ ကြေကွဲစွာပွင့်ဖူး
ဒုက္ခမျက်ရည်တွေစိုလူးနေဦးတော့မှာ သေချာတယ်….။

ဓာတ်ပုံကို Google.comမှ ကူးယူထားပါသည်။

12 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်းရေ..

ပိတောက်တွေနဲ့ အတူ ငိုသွားမိတယ်..

လေးစားခင်မင်ချစ်ခြင်းအားဖြင့်..

mgngal said...

ရာသီစာ ကဗျာတစ်ပုဒ်ပဲ ။ နဲနဲ ခါးတယ် ။း)

mgngal said...

ပိတောက်ပန်းပုံလေး ခွင့်မတောင်းပဲ ကူးသွားမိတယ်ဗျ ။ လွမ်းသလိုလို ။

အိုင်လွယ်ပန် said...

ပိတောက်ပူပူ ကို
စိတ်မကောင်းစွာနဲ့ နမ်းရှိုက်သွားတယ်အစ်ကိုရေ ....

မိုးမြင့်အောင် said...

ကျနော်ကတော့လူထုအသံမှားသွားပြီး မိုးမြင့်အောင်ရဲ့ "စောင့်ကန်ထုတ်ပစ်လိုက်တဲ့ပိတောက်ပွင့်များ" ကိုချန်ထားခဲ့တယ်

Nyein Chan Aung said...

ဧရာဝတီတိုင်းထဲက ကလေးတွေ ရေကစားနိုင်ပါ့မလား။ ပိတောက်ဖူးတွေမှာ မျက်ရည်တွေစိုလူးနေတာ ကြာခဲ့ပြီဗျာ။

ဦးဂင်ကြီး said...

အားပါး ကဗျာကောင်းတယ်ညီရေ အားပေးလျှက်ပါ။

ကောင်းကင်ကို said...

အိမ်လွမ်းစိတ်တွေကို ပေါ့သွားရစေခြင်းအလို့ငှာ
မြန်မာသံတေးတပုဒ်ကို ရွေးထုတ်ရင်း
ဆရာမြို့မငြိမ်းရဲ့သီချင်းနဲ့ သက်ပြင်းချနေတဲ့အခိုက်
အတာလေပူတချက်က လူကိုဖြတ်တိုက်သွားတယ်

စာသားလေး ထိတယ် အစ်ကိုရာ။ ထပ်တူထပ်မျှပဲ ခံစားရတယ်ဗျာ။

စိတ်စမ်းရေ said...

ကဗျာလေးကို လာရောက်ခံစားသွားပါတယ် အကို.........

လင်းဒီပ said...

နှစ်သစ်ရောက်ရင် ငြိမ်းချမ်းကြပါစေ..။

Moe Myint Tane said...

မျက်ရည်နဲ့ ပွင့်တဲ့ပိတောက်တွေ...
အာရုံကို ခြောက်ကပ်စွာနဲ့ လှစ်ထုတ်ရင်း...
သင်္ကြန်မိုးဟာ ပူနေပါပေါ့လား...
ကဗျာလေးကို ဖတ်ရင်း စိတ်မကောင်းခြင်းတွေ ရင်ထဲထည့်လိုက်တယ် အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိန္ဒြာ said...

ခံစားချက် ထုထည်ကြီးမား
ဒုက္ခတွေစုပြီး မျိုးပွားနေရတဲ့ ပိတောက်တခက်ဟာ
မျက်ရည်တွေဥနေတဲ့ သင်္ကြန်ရက်ကိုကြိုရင်း
တမြန်နှစ်တွေကလိုပဲ ကြေကွဲစွာပွင့်ဖူး
ဒုက္ခမျက်ရည်တွေစိုလူးနေဦးတော့မှာ သေချာတယ်….။

ဒုက္ခမျိုးပွားပိတောက်တဲ့လား..အကို...
ထိရှနိုင်ပါပေ့