Sunday, July 19, 2009

”ခေတ်ကြီးကိုက……”
စေးပျစ်ပျစ်စိမ်းရွှေရွှေ
ကျည်ဒဏ်ရာဇကာပေါက်တွေနဲ့ ခေတ်မှာ
ဖြစ်ပြီးခဲ့သမျှ ”အစ”
ဖြစ်ခဲ့ပြီးသော ”အလယ်”
ဖြစ်လို့မပြီးဆုံးနိုင်သေးတဲ့ အစနဲ့အလယ်ရဲ့ နောက်ဆက်တွဲ
အားလုံးရဲ့ရင်ထဲ ချိန်ကိုက်ဗုံးများလိုကွဲနေကြ
ဆုတောင်းသမျှလည်း လွဲနေရ..။

ခေတ်ကြီးကိုက….
အမှန်တရားကို သေနတ်နဲ့ချိန်
ဗီလိန်တွေက စည်းစိမ်မာန်တက်
သူခိုးကို သားမက်အရာတင်
ရှင်ဘုရင် ပလ္လင်ပျောက်လို့
အာဏာရှင်တွေကခါးထောက် တရားပျောက်နေရတဲ့ခေတ်ပေါ့…..

ခေတ်ကြီးကိုက….
သစ္စာတရားကို ဓားနဲ့ထောက်
လူမိုက်တွေ ခါးထောက်ပြီးစီးကရက်သောက်
လူယဉ်ကျေးတွေ အစာအိမ်ပျောက်နေရတဲ့ခေတ်ပေါ့……

ခေတ်ကြီးကိုက
မေတ္တာသုတ်ကို ဗုံးခွဲဖျက်ဆီး
အဖြူရောင်လူတန်းစားတွေ မွဲနေရ
အစိမ်းရောင်ကားစီးသူတွေ ထင်ရာကျဲနေကြတဲ့ခေတ်ပေါ့….

ခေတ်ကြီးကိုက….
ကိုယ်ချင်းစာတရားကို ဂူသွင်းအကျဉ်းချ
မြတ်စွာဘုရား မျက်ရည်ကျနေရ
ဂန်းစတားတွေ လမ်းသလားနေကြတဲ့ခေတ်ပေါ့…..

ခေတ်ကြီးကိုက…
နားလည်မှုတရားကို မျက်ခြေဖျက်
ဖာသိဖာသာနေတတ်သူတွေ ရမ္မက်ဝေနေကြ
မနေတတ်သူတွေ ရတက်ပွေနေရတဲ့ခေတ်ပေါ့…

ခေတ်ကြီးကိုက…
မာကျောနေရမှုတွေနဲ့ နေသားကျ
ယဉ်ကျေးမှုတွေ ပြတိုက်ထဲရောက်နေကြ
မုသာဝါဒတွေနဲ့မှ နေ့ဖို့ညစာလှနေရတဲ့ခေတ်ပေါ့…….

ခေတ်ကြီးကိုက….
ရောင့်ရဲတင်းတိမ်မှုကို ဓားပြတိုက်
ကံကြမ္မာကောင်းတွေ ခါးပိုက်နှိုက်ခံနေရ
ဒဏ်ရာအဟောင်းတွေပေါ် ခလုတ်ထပ်တိုက်ခံနေရတဲ့ခေတ်ပေါ့….

ခေတ်ကြီးကိုက…
ခေတ်ကြီးကိုက..
ခေတ်ကြီးကိုက……….။

7 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးဆောင်း...

ကောင်းလိုက်တာ ကိုကြီးဆောင်းရာ..

ဖတ်ရတဲ့ စာကြောင်းတွေတိုင်း တဆစ်ဆစ်နဲ့
ထိတယ်..

ခေတ်ကြီးကိုက…
ခေတ်ကြီးကိုက..
ခေတ်ကြီးကိုက……….။

ဂန်းစတားတွေ... လမ်းသလားလို့... မေတ္တာထားမရတဲ့ခေတ်...။

မမသီရိ said...

ခေတ်ကြီးကို က
အမှန်တရား အတွက် ကြောက်ရွံ့
အမှန်တရား အတွက် မလုံခြုံ
အမှန်တရား အတွက် သွေးစွန်း
အမှန်တရား အတွက် မိသားစုတွေ ပွန်းပဲ့
အမှန်တရား အတွက်..အိမ်ဝေး
အမှန်တရား အတွက် နှလုံးသားတွေ ကွဲကျေ

Anonymous said...

အဲဒီခေတ်ကြီးကို ကျွန်တော်တို့ လက်ထက်မှာ ပြောင်းအောင် ကြိုးစားကြတာပေါ့ဗျာ။ လှည်းဘီးနွံထဲ ကျွံနေတာကို ပြိုင်တူတွန်းရင် ရွေ့ရမှာပေါ့။

kyalkalay said...

အကို့ ကဗျာတွေဖတ်ရတာ အားရတယ်

ခေတ် ခေတ် ခေတ် ခေတ်ကြီး ထဲ တွေ. လိုက်ရင်ဒီလိုကြီးပဲ

စိတ်စမ်းရေ said...

ကောင်းလိုက်တဲ့ ကဗျာ.....
ခေတ်ကို ပုံဖော်သွားပုံလေးတွေကို မျက်စိထဲ
မြင်ယောင်သွားပါတယ်....။

rose of sharon said...

ဟုတ်ပနော်... နေချင်စရာကိုမကောင်းတော့ဘူး... ခေတ်ကြီးကိုက... အထူးသဖြင့် မြန်မာပြည်မှာပေါ့

အိုင်လွယ်ပန် said...

အင်းးးး
အစ်ကိုရေ ...