Friday, July 17, 2009

”အဖေနဲ့ကျနော်တို့တွေ့ဆုံခြင်း (ပြီးနောက်) အနက်ရှိုင်းဆုံးနှလုံးသားထဲကို
ပျော်ဝင်စီးဆင်းသွားခဲ့တဲ့ စကားတခွန်း”


တကယ်တော့....ကျနော်တို့ဟာ
သမုဒ္ဒရာထဲက ရေမှုန်ရေစက်လေးတွေပါ အဖေ
လွမ်းစရာအချစ်ရေးထက် ဝမ်းတထွာဘဝအရေးဖက်
ပြည်ရေးပြည်ရာက တွက်မရနိုင်တဲ့ပုစ္ဆာတပုဒ်ထက်ခက်ခဲ့လို့
ချို့တဲ့နေတဲ့အသက်ရှုလမ်းကြောင်းပေါ်မှာ ဆက်ထုံးတွေလည်းများခဲ့ရပေါ့…

အရောင့်ရဲတတ်ဆုံး စိတ်တွေနဲ့
ညောင်ရေမလောင်းတတ်ခဲ့သမျှ
ဘဝရဲ့စာမျက်နှာထဲ မင်နီအိုးလိုက်ကျကွဲခဲ့သလားတော့မသိဘူး
အညွန့်ခူးစားသူတွေရဲ့ လောင်မြိုက်မှုရမ္မက်တွေထဲမှာ
ကျနော်တို့ဟာ..ဒဏ်ရာရထားတဲ့လောင်စာအမှိုက်
လောကကြိုးဝိုင်းရဲ့ အလစ်အငိုက်ချောင်တနေရာထဲ
အရှိုက်ကိုအခါခါအလဲထိုး ရန်သူမျိုးငါးပါးနဲ့အမြဲထိပ်တိုက်တိုးနေခဲ့ရသူတွေပါအဖေ…

အဖေမရှိခဲ့တော့ပေမယ့်
အဖေ့ရဲ့အငွေ့အသက်လွှမ်းနေခဲ့တဲ့ တိုင်းပြည်မှာနေထိုင်ခဲ့ရင်း
အဖေဆုံးမဖူးတဲ့ စကားတခွန်းအောက်မှာကြီးပြင်းဖို့ကြိုးစားခဲ့ရင်း
ခရီးကြမ်းကိုတည့်တည့်လှမ်းခဲ့တဲ့ ကျနော်တို့ဟာ
ရိုးသားခြင်းထဲမှာ နေ့တဓူဝပျော်ဝင်ကြီးပြင်းခဲ့ရင်း
တော်ရာအရပ်မှာ လေပြင်းမုန်တိုင်းကျခဲ့လို့
ကယ်သူမဲ့ခဲ့ရတဲ့ ဘဝပေါင်း၄၈သန်းဟာ
ကမ်းခြေမဲ့လှိုင်းလုံးတွေထဲ စင်းလုံးမြုပ်ကျိုးပျက်ကွဲနေခဲ့ရပါတယ်အဖေ…

အဖေဖောက်ခဲ့တဲ့လမ်းက ကြမ်းခဲ့သလောက်
ကျနော်တို့ပျောက်နေတဲ့လမ်းကတော့ ခရာဆူးတွေလွှမ်းတယ်အဖေ
အဖေလျှောက်ခဲ့တဲ့လမ်းက မိုးခေါင်ခဲ့သလောက်
ကျနော်တို့ပျောက်နေတဲ့လမ်းကတော့ ညနက်လိုမဲမှောင်တယ်အဖေ
အဖေကျောခိုင်းသွားခဲ့တဲ့ တိုင်းပြည်ပေါ်မှာ
ဖုန်းဆိုးပြာနဲ့ ပြည်တွင်းစစ်ဒဏ်ရာတွေကမွစာကြဲ
အသေမဟုတ်ရင်ရှင်ကွဲကွဲနေကြရတဲ့ နေ့စဉ်လူမှုဘဝတွေနဲ့
ဗုဒ္ဒမြေမှာဒုက္ခဝေနေကြရတဲ့ကျနော်တို့ဟာ ဖောင်စီးရင်းနဲ့ရေငတ်နေရသူတွေပါပဲအဖေ….

ဒီကနေ့ …..ဒီနေရာမှာ
အဖေမရှိတော့တာ ကြာခဲ့ပြီဆိုပေမယ့်
ကျနော်တို့အားလုံးရဲ့ အတွင်းနက်နက်တနေရာမှာ
အဖေဟာ အနက်ရှိုင်းဆုံးရှိနေပါတယ်အဖေ
အဖေအကောင်းဆုံးထားခဲ့ပေးတဲ့ အဖေ့တိုင်းပြည်ဟာ
၁၉၈၇ခုနှစ်မှာ LDCစာရင်းဝင်တိုင်းပြည်အဖြစ်
ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ပစ်လိုက်ကြပါတယ်အဖေ
အဖေသာ လူ့လောကမှာအသက်ရှင်လျှက်
ဒီသတင်းကို နားနဲ့ဆက်ဆက်ကြားရမယ်ဆိုရင်
ရင်နှစ်ခြမ်းဗြန်းကနဲကွဲ အရှင်လတ်လတ်သေပွဲဝင်မှာသေချာတယ်အဖေ…..

ဒီကနေ့….ဒီနေရာမှာ
အဖေမရှိတော့တာ ကြာခဲ့ပြီဖြစ်သလို
ဘာဆိုဘာမှကုန်းကောက်စရာမရှိခဲ့တော့တာလည်း ကြာခဲ့ပါပြီအဖေ
ဒီကနေ့…ဒီနေရာမှာ
အဖေမရှိတော့တာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သလို
အဖေတိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးပျောက်ဆုံးခဲ့တာလည်း ကြာခဲ့ပါပြီအဖေ…

အဖေမရှိတော့ပေမယ့်
တမလွန်ကနေ အဖေပြောနေမယ့်စကား
ကျနော်တို့ရဲ့ အနက်ရှိုင်းဆုံးနှလုံးသားတွေနဲ့နားလည်နေပါတယ်အဖေ
”ငါ့ကိုလွမ်းဆွတ်နေကြမယ့်အစား
ငါစွန့်စွန့်စားစားတိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို
ပြန်ရအောင်တိုက်ယူကြပါတော့လား” ဆိုတဲ့စကား
ကျနော်တို့နှလုံးသားတွေနဲ့ ကြားနေရပါတယ်အဖေ
ကျနော်တို့ရဲ့အနက်ရှိုင်းဆုံးနှလုံးသားတွေနဲ့ ကြားနေရပါတယ်အဖေ……..။

12 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
အဖေ့စကားတွေ ကြားယောင်ရင်း
ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်..

အိုင်လွယ်ပန် said...

စကားလုံးတိုင်း
လေးလေးနက်နက်ခံစားသွားပါတယ်အစ်ကိုရေ ။

မယ့်ကိုး said...

ကောင်းလိုက်တာအစ်ကိုရယ်။စကားလုံးတိုင်း ခံစားရပါတယ်။

mgngal said...

တိုးတိုးတိတ်တိတ်ပဲ ဖတ်ဖြစ်သွားတယ် ဒီကဗျာကို ။

စိတ်စမ်းရေ said...

အရမ်းကောင်းတဲ့ကဗျာလေးပါပဲ....။အဖေပြောခဲ့
တဲ့စကားတွေကို ပြန်လည်ကြားယောင်နေဆဲပါ
ပဲ....။

မမသီရိ said...

အဖေမရှိတော့တာ ကြာခဲ့ပြီဆိုပေမယ့်
ကျနော်တို့ ကျမတို့အားလုံးရဲ့
အတွင်းနက်နက်တနေရာမှာ
အဖေဟာ အနက်ရှိုင်းဆုံးရှိနေပါတယ်အဖေ

အိန္ဒြာ said...

အဖေပေးခဲ့တဲ့ မြေပုံ လမ်းပြ ကွန်းပတ်စ်လေးနဲ့....ပေမယ့်....

ခံစားကြေကွဲသွာပါတယ်..အကို

Nge Naing said...

ကဗျာသိပ်ကောင်းတယ်။ ကောင်းမှန်းသိတာက ဒီကဗျာကို ဖတ်ပြီး တလုံးမကျန် အကုန်နားလည်လို့ပါ။

kyalkalay said...

”ငါ့ကိုလွမ်းဆွတ်နေကြမယ့်အစား
ငါစွန့်စွန့်စားစားတိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို
ပြန်ရအောင်တိုက်ယူကြပါတော့လား” ဆိုတဲ့စကား
ကျနော်တို့နှလုံးသားတွေနဲ့ ကြားနေရပါတယ်အဖေ



ရင်ဘတ် ထဲက ကြားမိပီ
အကိုရေးတဲ့အဖေ, အသံ

မိုးစက်အိမ် said...

ကဗျာလေး ကခံစားမှု အငွေ.အသက်လေး
တွေက ၁၉ဇူလိုင် အကြိုလေး လိုပါဘဲဗျာ...

နွေဆူးလင်္ကာ said...

ကဗျာလေးကောင်းသလို ကျွန်တော်တို့အားလုံး ဘယ်တော့မှ မမေ့နိုင်တဲ့ အဖေတစ်ယောက်ကို ရိုင်းစိုင်းသူတွေက မေ့အောင် လုပ်နေကြတယ်လေ။

အချစ်မဲ့ဂစ်တာ said...

ကောင်းလိုက်တာဗျာ....တကယ်ကိုပဲ ခံစားမိပါတယ်..။