Tuesday, July 21, 2009

”ဖွင့်ကြည့်မှသိနိုင်မယ့်ကဗျာ ဘာဘာညာညာတွေမပါဘူး”

ဒါမဟုတ်သေးဘူးဆိုရင်
ဘယ်ဟာကဟုတ်နေပြီလဲ

ဘာမှမဟုတ်သေးဘူးဆိုတာ
ဘာမှမလုပ်ရသေးတာကြောင့်များလားလို့

တွေးမနေနဲ့
တွေးနေတာကြောင့်ပဲ ဘာမှမဟုတ်သေးတာပေါ့
ပေါ့ပေါ့နေတော့ ပေါ့ပေါ့ပဲကြေလွယ်မွလွယ်

ဆူလွယ်နပ်လွယ်ဖြစ်ဖို့
အထူအပါးနားလည်အောင် တရားနားထောင်လို့မရဘူး
မူးနေအောင်နားစွင့်ထားလည်း
အရူးစကားတွေက သဲနဲ့တရှပ်ရှပ်
လူလုံးကွဲအောင်မကြည့်တတ်ရင်
အဖြူကို အဖြူလို့မြင်တတ်မှာမဟုတ်ဘူး

ကိုယ်တိုင်အရောင်တွေစွန်းနေရင်တော့
အဖြူကိုဖွင့်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က
ဝေါဟာရခါးသက်သက်အပေါ်မှာ သတ်ပုံမင်ဓာတ်ခမ်းနေသလိုမျိုး

စနေမိုးကစွေတယ်ဆိုတိုင်း
တနင်္ဂနွေနေသာသာပေါ်မှာချည့် နေရာထိုင်ခင်းယူလို့မရဘူး
တနင်္ဂနွေတိုင်းလည်း အပျင်းမပြေနိုင်ဘူး
ရာခိုင်နှုန်းတချို့ပေါ်မှာ ရာခိုင်နှုန်းတချို့ပါတယ်

မိုးလေဝသအကြောင်းကောင်းကောင်းခန့်မှန်းတတ်သူတွေက
ထီးတချောင်းကို လိုအပ်သလိုဆောင်တယ်
အနွေးထည်တထည်ကို လိုအပ်သလိုဆောင်တယ်
ရေတဗူးကိုလည်း လိုအပ်သလိုဆောင်တယ်

ကိုယ့်အကြောင်းကိုယ်သိတဲ့ လူတယောက်က
သူ့ကိုယ်သူရှာဖွေတွေ့ရှိခြင်းထဲမှာ
တဆောင်တယောင်တခမ်းတနားနေလေ့မရှိဘူး
သူ့မှာ……….ရှိခြင်း…ဆိုတာ
သူ့မှာ….ဘာမှမရှိခြင်းပဲ….ဖြစ်တယ်
ဘာမှမသိသေးရင်
တနေရာရာကိုဝင်ကြည့်လိုက်
တခုခုသိလိုက်ရရင်
တခုခုတော့လုပ်ချင်မိလာလိမ့်မယ်
လက်တော့မနှေးနဲ့
”ကွေးသောလက်မဆန့်ခင်”ဆိုတာ ကြားဖူးတယ်မဟုတ်လား………။

11 comments:

Anonymous said...

ကဗျာလေးက ကောင်းတယ်ဗျာ ။
တကယ်ပါပဲ ။

mirror said...

အစ်ကိုကြီးရေ...လေးစားအားကျစွာ နှလုံးသားနဲ့ဖတ်သွားကြောင်းပါ။

Moe Cho Thinn said...

မိုးလေ၀သ ကောင်းကောင်း မခန့်မှန်းတတ်သူ တဦးရယ်ပါ ကိုဆောင်းရေ..
ကဗျာလေးကို နှစ်သက်မိပါတယ်။ စိတ်ခံစားချက်ချင်းလဲ တူတယ်လို့ ခံစားရပါတယ်။

အိုင်လွယ်ပန် said...

အားပါး
ဒီကဗျာ သိပ်ကောင်းတယ်အစ်ကို ...ကြိုက်တယ်

nyohtetnyo said...

ကဗျာခံစားသွားပါတယ် အစ်ကိုရေ

mgngal said...

ခုမှဖွင့်ကြည့်ဖြစ်တယ် ။ လတ်ဆတ်နေတုန်းပဲ ။
အတွေးအားကောင်းကောင်းရေးထည့်လိုက်တဲ့ ကဗျာဆိုတာ ဖွင့်ကြည့်လိုက်တာနဲ့ သိသာပါတယ် ။

ကိုယ်တိုင်အရောင်တွေစွန်းနေရင်တော့
အဖြူကိုဖွင့်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က
ဝေါဟာရခါးသက်သက်အပေါ်မှာ သတ်ပုံမင်ဓာတ်ခမ်းနေသလိုမျိုး

သိပ်ကြိုက်တယ်ဗျာ ။
အဲဒီအပိုဒ်ပေါ့ ခင်ဗျားတို့  ကျနော်တို့  ... ပြီးတော့ သူတို့ ။း)

mgngal said...

တကယ်က ဘယ်ဟာမှ ဘာမှ မဟုတ်ဘူးဗျ ကိုဆောင်း ။ ပြောဖို့ ကျန်ခဲ့လို့  ။ ကဗျာကောင်းတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးအထူး ။

ကိုအောင် said...

တွေးနေတယ်လို့တော့ ကျနော်တော့ သိပ်မထင်ဘူး၊
ငူနေတာ .. ငိုင်နေတာ ... ငေါင်နေတာ သို့မဟုတ်
အကြောက်တွေ သင်ကြားရတာများကြလို့ မြစ်တွေ
ပြောင်းပြန်စီးသွားသလားလို့၊ ကျနော့်အဓိပ္ပါယ်တွေ
လွှဲချော်ခဲ့ရင် ခွင့်လွှတ်နော် ကိုဆောင်း၊ အားပေးလျက်။

kyalkalay said...

ကဗျာကောင်းလေး ဖတ်ခွင့်ပေးလို့ကျေးဇူးပါ အကို
အဖြူလဲမသိကိုယ့်ကိုယ်ကိုလဲမသိတော့ ဝေးနေသေးတယ်
ဟူး~~~~~~

Mhu Darye said...

သေချာ ဖတ်တာပဲ။ တပိုဒ်ချင်း ဖတ်နေတုန်းက နားလည်သလိုနဲ့၊ အစအဆုံးတွဲ အဓိပ္ပာယ် ထုတ်ကြည့်တော့မှ နားမလည်ဘူး ဖြစ်သွားတယ်။
း(

ကိုဆောင်း ကဗျာခေါင်းစဉ်နဲ့ ညီမ ဖြစ်အင်နဲ့ လိုက်တယ်။
း(

ကောင်းကင်ပြာ said...

ရင်ဘတ်ကြီးနဲ့ ဖတ်သွားတယ် အကို