Sunday, July 26, 2009

”စိတ်နောက်ကိုယ်ပါရေးမိတဲ့ကဗျာ”

သိပ်မတော်ခဲ့တာက
ကိုယ့် ကိုယ်ပိုင်ကိစ္စဆိုတော့
ဘဝကိုအပြစ်ပုံချ ဆူးပုံကိုလည်းမနင်းခဲ့ရပါဘူး
အခြေအနေမပေးခဲ့တာတော့ သေချာတယ်
အဲဒီလိုပဲ…မကြိုးစားခဲ့မိတာလည်း သေချာတယ်…

ဘဝမှာ..ကိုယ့်ကိုယ်ကိုမညာချင်ခဲ့သလို
ဘယ်သူ့ကိုမှလည်း မညာချင်မိခဲ့ဘူး
ငါးပါးသီလလုံတယ်လို့လည်း
တခါမှ မပြောမိခဲ့ဖူးဘူး
တခါတလေ လိမ်ခဲ့တယ်
တခါတရံမှာ ညာခဲ့တယ်
ကိုယ့်ကိုယ်ကို မတော်မှန်းသိလာခဲ့တာတော့ ကြာခဲ့ပြီ
သိနေခဲ့တာကို မသိချင်ယောင်ဆောင်နေခဲ့တာလည်း ကြာခဲ့ပေါ့
ဒါကြောင့်…မကြာသေးခင်အချိန်ကထိ
သိပ်မညံ့အောင်ပဲ ကြိုးစားနေမိခဲ့တယ်
ဒါတောင် ညံ့မှန်းမသိအောင်ညံ့ပြီး တုံးနေတဲ့ကောင်
အိပ်ချင်ယောင်ဆောင်တဲ့သူ နှိုးရခက်တယ်ဆိုသလိုမျိုး….

ကဲ…ထားပါတော့လေ
ကိစ္စမရှိဘူး
အရေးမကြီးဘူး
ပြဿနာကိုမရှိဘူး
ဒီကနေ့ရဲ့ ဝင်္ကဝုတ္တိတွေက
မနက်ဖြန်အတွက် ယုတ္တိဗေဒတွေပဲ
ဒီကနေ့ မက်မက်စက်စက်ဖက်တွယ်လိုက်မိတဲ့အရာတွေက
ယမန်နေ့တွေက ပက်ပက်စက်စက်ပေးဆပ်ခဲ့ရတာတွေဖြစ်နိုင်ခဲ့သလို
မနေ့က မျက်ရည်ပြကွက်တွေက
ဒီကနေ့ရဲ့ ဟာသပြဇာတ်တပုဒ်လည်းဖြစ်သွားနိုင်ခဲ့သေးတာပဲ
အချိန်ကဖန်တီးပေးလိုက်တဲ့ တရားထဲမှာ
သက္ကရာဇ်စားသူဆိုတဲ့ဆိုင်းဘုတ်မချိတ်မိရင် ပြီးတာပဲ…

အခု.နားမလည်နိုင်သေးဘူးဆိုတာက
တချိန်ချိန်မှာနားလည်လာနိုင်မယ်လို့
ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ခြင်းတမျိုးပါပဲ
မြစ်ရေက ရပ်ရိုးထုံးစဉ်မရှိသလိုမျိုး
ခေတ်တွေကလည်း ပြောင်းပြန်မစီးဘူးဆိုတာ
ကိုယ့်အနာဖေးကိုယ်ကြည့်ရင်း သိခဲ့မှတ်ခဲ့ရ
မျှောချလိုက်ရင်တော့ မျောပါသွားမှာပဲ
တခုခုကို ဖက်တွယ်ထားချင်မိတဲ့အတွက်
တခုခုကို လွှတ်ချပစ်လိုက်မိပါရဲ့
ကိုယ့်အကြောင်းနဲ့ ကိုယ်ပေါ့……

မနက်အိပ်ရာထတုန်းကလည်း
မနေ့မနက်က အိပ်ရာထတုန်းကလိုပါပဲ
နေမသာတာတော့ သေချာနေတယ်
လှော်ခပ်ကြည့်လိုက်ဖို့အတွက်
တယောက်တည်း အားပေးနေတတ်မိခဲ့
မိုးသည်းပြီး မုန်တိုင်းထန်ရုံလေးပါ
မိုးကြိုးပစ်နေတာကို ထန်းလက်နဲ့မကာမိဖို့ပဲလိုတယ်……………….။


15 comments:

Anonymous said...

ဒီကနေ့ရဲ့  ၀င်္က၀ုတ္တိတွေက မနက်ဖြန်အတွက် ယုတ္တိဗေဒ
တွေပဲ...

တခုခုကို ဖက်တွယ်ထားချင် မိတဲ့အတွက် တခုခုကို လွှတ်ချပစ်လိုက်မိပါရဲ့ ....

ကဗျာလေး ကြိုက်တယ်ဗျို့ ....

mie nge

မယ့်ကိုး said...

စိတ်နောက်ကိုယ်ပါရေးမိတဲ့ကဗျာကို စိတ်ထဲထည့် စူးစူးနစ်နစ်ဖတ်သွားပါတယ်။
စာတစ်ကြောင်းချင်းစီတိုင်း ကြိုက်ပါတယ်။

စိတ်စမ်းရေ said...

အစ်ကိုရေ....
ကဗျာလေးကို လာရောက်ခံစားသွားပါတယ်....။

Nyein Chan Aung said...

ကဗျာကောင်းတစ်ပုဒ်ပါကိုဆောင်းရေ။

မမသီရိ said...

ဒီကနေ့ မက်မက်စက်စက်ဖက်တွယ်လိုက်မိတဲ့အရာတွေက
ယမန်နေ့တွေက ပက်ပက်စက်စက်ပေးဆပ်ခဲ့ရတာတွေဖြစ်နိုင်ခဲ့သလို
မနေ့က မျက်ရည်ပြကွက်တွေက
ဒီကနေ့ရဲ့ ဟာသပြဇာတ်တပုဒ်လည်းဖြစ်သွားနိုင်ခဲ့သေးတာပဲ
အချိန်ကဖန်တီးပေးလိုက်တဲ့ တရားထဲမှာ
သက္ကရာဇ်စားသူဆိုတဲ့ဆိုင်းဘုတ်မချိတ်မိရင် ပြီးတာပဲ…


ဒီစာတပိုဒ်တော့ အလွန်ကြိုက်မိပါရဲ့ ကိုဆောင်းယွန်းရေ့

ကောင်းကင်ပြာ said...

အားပေးနေမယ့် ညီမတွေ ရှိပါတယ် အကို

minn thuka said...

အားပါးပါး...ကောင်းလိုက်တဲ့ကဗျာတွေ မျက်စေ့တဆုံးပဲ...ဒီနေ့တော့ နေဝင်ရကြိုး နပ်သွားပါပြီ...
လေးစားပါတယ် ခင်ဗျာ...၊

နွေဆူးလင်္ကာ said...

စိတ်နောက်ကိုယ်ပါ ဖတ်သွားပါတယ်။

pandora said...

၂ ခေါက်ဖတ်သွားပါတယ်..

စိတ်လိုက်မာန်ပါ အသံတွေ ကြားလိုက်ရတယ်

မိုးတွေတော့ ခြိမ်းနေတယ် ကိုဆောင်း..

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် ကိုဆောင်း၊ ကောင်းပါတယ်၊
အားပေးလျက်။

Moe Cho Thinn said...

နေမသာတာ သေချာနေတဲ့ နေ့တွေ အတွက်... :(

မိုးစက်အိမ် said...

ကဗျာစားသားတိုင်း စုတ်ချက်ပြင်းတယ်
ဗျာ...မြစ်ရေက ရပ်ရိုးထုံးစဉ်မရှိသလိုမျိုး
ခေတ်တွေကလည်း ပြောင်းပြန်မစီးဘူး ဆိုတဲ.
နေရာလေးတော. ပိုကြိုက်မိပါရဲ.ဗျာ...

emayarKhin said...

မနက်အိပ်ရာထတုန်းကလည်း
မနေ့မနက်က အိပ်ရာထတုန်းကလိုပါပဲ
နေမသာတာတော့ သေချာနေတယ်
လှော်ခပ်ကြည့်လိုက်ဖို့အတွက်
တယောက်တည်း အားပေးနေတတ်မိခဲ့
မိုးသည်းပြီး မုန်တိုင်းထန်ရုံလေးပါ
မိုးကြိုးပစ်နေတာကို ထန်းလက်နဲ့မကာမိဖို့ပဲလိုတယ်....
အဲဒီအပိုဒ်ကိုအကြိုက်ဆုံးပဲ..အကိုဆောင်းယွန်းရေ....

kyalkalay said...

အချိန်ကဖန်တီးပေးလိုက်တဲ့ တရားထဲမှာ
ကျနော်ကတော့သက္ကရာဇ်စားသူဖြစ်နေသေးတယ်

Anonymous said...

ကိုယ့်ကိုယ်ကို မတော်မှန်းသိလာခဲ့တာတော့ ကြာခဲ့ပြီ
သိနေခဲ့တာကို မသိချင်ယောင်ဆောင်နေခဲ့တာလည်း ကြာခဲ့ပေါ့ . . .
မှန်တယ် အကိုရေ ကျွန်တော်လည်း တူတူပါပဲဗျာ