”၂၁နှစ်”
ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….
ဒီလိုပါပဲ
ဘာသိဘာသာနေလိုက်ကြပြန်တော့
စေတန်ရဲ့ မန္တရားတွေကိုတောင်
မိုးရေစက်တွေရဲ့ဂီတနဲ့ မှားယွင်းတီးခတ်မိကြ
အတွေးအမြင်တွေဖျောက်လိုက်ကြတော့
အပွေးလည်းမမြင် အပင်လည်းမပေါက်ကြတော့ဘူးပေါ့….
ဒါမေ့စရာမဟုတ်ဘူးလို့ ပြောမိရင်
ဘာကိုပြောတာလည်းလို့ ပြန်မေးသူမေးကြ
”ကြာခဲ့ပြီ”လို့ပြောမိရင်တောင်
သီချင်းခေါင်းစဉ်လားလို့ မေးလားမေးတတ်လာခဲ့ကြ…..
ရွှေတမြမြ ငွေပင်တွေလှအောင်စိုက်ရင်း
ကိုယ့်ကျောကိုယ်ခင်းရုံ
ဥုံဂါထာမန်းမှုတ်ခြင်းအတတ်မှာ
နေကိုရုပ်သိမ်းကြ
ကြိုးတွေရှုပ်နေတဲ့နေရာမှာ
စိတ်အသစ်ယောင်ဆောင် ခန္ဒာဝန်ဟောင်းအကောင်ကို
နေရောင်အောက် ထုတ်လှန်းကြ
နောက်ဆုံးတော့…..
လာရာလမ်းကိုလည်း မေ့ထားလိုက်ကြပေါ့…..
အသက်ကိုပုံပြီးတောင် ယုံခဲ့ကြတယ်လို့
ပြောလားပြောခဲ့ ပြောလားပြောရဲ့
ဒါနဲ့များတောင် မှောင်နေတုန်း….
၂၁နှစ်မှာ…ကျနော်
စကားတွေများများမပြောတတ်ခဲ့ဘူး
တရားတွေလည်းများများမဟောတတ်ခဲ့ဘူး
အခုပြောချင်နေတာက
တခုပဲပြောချင်နေတာက
အဖျောက်ခံရလို့လည်း မပျောက်မိစေနဲ့
အပျောက်ခံရဖို့လည်း မလျှောက်မိစေနဲ့
ခင်ဗျားရဲ့တည့်တည့်မှာ
ကျနော်နဲ့တည့်တည့်မှာ
၂၁နှစ်ဟာ သံခြေကျင်းနဲ့လမ်းလျှောက်
ထောင်ဝင်စာပျောက်နေတုန်း…..။
Wednesday, July 29, 2009
Posted by ဆောင်းယွန်းလ at 6:05 PM
Subscribe to:
Post Comments (Atom)
9 comments:
၂၁..နှစ်တဲ့..၂၁ရက်တောင်..မှ..
သံခြေကျင်းနဲ့ သာမန်လူတွေ..မနေနိုင်ကြတာပဲနော်
ခွက်ထဲက လက်ကျန်ဟာ လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့….အဲဒီစာသားလေး တော်တော်ကြိုက်တယ်အစ်ကိုရာ….ဒါနဲ့ အစ်ကို “မျှော်လင့်ခြင်းမိုး” ကူးယူထားချင် ကူးယူထားနိုင်ပါတယ်။ ကျနော်လဲ သိပ်ကြိုက်တာဗျာ။
ဖြတ်သန်းခဲ့ကြသူတွေကို လေးစားပါတယ်အစ်ကို...
ကြာခဲ့ပြီဆိုပေမယ့် မမေ့ပါဘူး။
အကို....
အရင်းအနှီးကြီးလွန်းလှပါတယ်...
၂၁ နှစ်မှာ ကျွန်တော်လည်း စကားအများကြီး မပြောခဲ့ပါဘူး။ ကဗျာလေး ကောင်းပါတယ်။
ဒီကဗျာလေးကို ကျနော် သေသေချာချာ သိမ်းထား
လိုက်မယ် ကိုဆောင်း။
နောက်ဆုံးတော့…..
လာရာလမ်းကိုလည်း မေ့ထားလိုက်ကြပေါ့…..
၂၁ ကိုနှစ်သက်စွာ ဖတ်ရှူသွားပါတယ် ဗျာ
၂၁ ...
စကားလုံးတွေ က အားပြည့်အင်ပြည့် ...
အစ်ကိုရေ လေးစားပါတယ်ဗျာ ...
Post a Comment