Thursday, July 30, 2009

”စိတ်ကူးတွေကျက်စားတဲ့ကွင်း.ခင်ဗျားရောဆင်းခဲ့ဦးမလား!”

တွေးကြည့်မှ သိရမယ်ဆိုရင်
ကျနော်သိချင်တာတွေက ကမ္ဘာကြီးနဲ့မဆန့်ဘူး
မတွေးပဲနဲ့သိနိုင်မယ့်အရာဆိုရင်တော့
ကမ္ဘာပေါ်မှာ…
အခုကျနော့်တကိုယ်လုံးကို သိမ်းကြုံးပတ်ဝိုင်းထားတဲ့
ကမ္ဘာလုံးကြီးရဲ့အပေါ်မှာ
ကျနော်သိချင်တာ ဘာဆိုဘာမှမရှိဘူး
အရိုးသားဆုံးဝန်ခံရမယ်ဆိုရင်
ကျနော်ဘာမှမသိချင်ဘူး…..ဆိုပါတော့
ဒီတော့..ခင်ဗျားက
ကျနော့်ကို…တခုခုသတ်မှတ်ပစ်လိုက်နိုင်တယ်
ဒါဟာ..ခင်ဗျားရဲ့မူပိုင်ခွင့်
ကျနော်နဲ့..ပလဲပနံမသင့်ရင်လည်းဖြစ်တယ်….

စိတ်တွေ သက်တောင့်သက်တာအညောင်းဆန့်ဖို့အတွက်
ကျနော်တို့စိတ်တွေ…ခိုင်တောင့်ခိုင်မာဖြစ်နိုင်ဖို့အတွက်
နှစ်သက္ကရာဇ်တွေရဲ့ဂုတ်ပိုးကိုခွစီး
အတွေးပင်လယ်ကြီးပေါ်မှာ ဖြတ်သန်းကြီးပြင်းခဲ့တယ်ဆိုတာကို
ခင်ဗျား..ယုံမလား!
ခင်ဗျား..ယုံသလား!
ယုံခြင်းမယုံခြင်းဆိုတာကလည်း ခင်ဗျားရဲ့ရွေးချယ်မှု
အတုအစစ်ဆိုတာတော့ ရွေးချယ်စီစစ်သူခင်ဗျားရဲ့အပိုင်း
ကိုယ်နဲ့နှိုင်းရင်တော့..ခင်ဗျားဟာခင်ဗျားပဲဖြစ်တယ်
ကိုယ်ဟာကိုယ်ကလွဲရင် ဘယ်သူမှမဖြစ်နိုင်
ဒါပေမယ့်…ကိုယ့်ကိုကိုယ်လည်းကိုယ်မပိုင်ကြပါဘူး
ဒီလိုပါပဲ.ကျနော့်ရဲ့စိတ်ကူးကို ခင်ဗျားမပိုင်သလို
ခင်ဗျားရဲ့စိတ်ကူးကိုလည်း ကျနော်မပိုင်နိုင်ဘူး…..

တစုံတရာကို ကျနော်က.ဖွင့်ဆိုမယ်
လောကကြီးကို မြင်ကွင်းကျယ်ကျယ်မြင်နိုင်ဖို့အတွက်
ခင်ဗျားမှာ..ကလေးသူငယ်တယောက်ရဲ့ မျက်ဝန်းတစုံလိုတယ်
သို့တည်းမဟုတ်
လောကကြီးကို.မြင်ကွင်းကျယ်ကျယ်မြင်နိုင်ဖို့အတွက်
ခင်ဗျားမှာ..ကလေးသူငယ်တယောက်ရဲ့မျက်ဝန်းတစုံပဲရှိသေးတယ်
ကဲ…အခုခင်ဗျားဘယ်လိုထင်သလဲ
ကျနော့်အဆိုအပေါ်မှာ
ခင်ဗျားဘယ်လိုမြင်ပါသလဲ!
ခင်ဗျားရဲ့ ”ကလေး”အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့
ကျနော့်ရဲ့ ”ကလေး”အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်
တသမတ်တည်းကျချင်မှကျနိုင်လိမ့်မယ်
ဒီနေရာမှာ.ခင်ဗျားနဲ့ကျနော် လွတ်လပ်စွာကွဲလွဲနိုင်တယ်….

ခင်ဗျားနဲ့ကျနော်ရဲ့ တနေရာစီမှာ
တစုံတခုစီကို ရဖို့အတွက်
ကျနော်တို့ တုံးတွေခုခုပြီးလှမ်းနေကြရတယ်
ဒီလိုပဲ
တခြားတနေရာစီမှာ
ခင်ဗျားနဲ့ကျနော် တစုံတရာအနားဆီကိုရောက်ဖို့အတွက်
ကျနော်တို့ ပခုံးတွေကိုအားပြုပြီးထမ်းနေရတယ်
ကျနော်တို့ ခြေထောက်တွေကိုအားပြုပြီးလှမ်းနေရတယ်
မြင့်လွန်းလို့ လှမ်းမမီနိုင်တာတွေရှိသလို
ဝေးလွန်းလို့ လမ်းမညီနိုင်တာတွေလည်းရှိတယ်
မတူညီနိုင်တဲ့ရေချိန်တွေကို ဘယ်လိုမှညှိလို့မရနိုင်ပါဘူး….

စစ်ရေးပြလေ့ကျင့်ရေးကွင်းထဲမှာ
လူတွေကိုတန်းညှိလို့ရနိုင်ပေမယ့်ပေါ့ဗျာ
ဟောဒီမှာ…ဟောဒီနေရာဟာ
အနူပညာနဲ့ စိတ်ကူးတွေကျက်စားတဲ့ကွင်း
စင်စင်ကြယ်ကြယ်ကြည့်တတ်မှ လင်းလင်းချင်းချင်းမြင်နိုင်တဲ့နေရာ
ကျနော်တို့ တခုခုကိုရှာနေကြတာပါ
ကျနော်တို့တွေ့တဲ့တခုခုက ခင်ဗျားတွေ့တဲ့တခုခုတော့ဖြစ်ချင်မှဖြစ်မှာပေါ့…။

9 comments:

ကောင်းကင်ပြာ said...

တခုခု တွေ့သွားပါတယ် အကို၊ လွတ်လပ်စွာကွဲလွဲပြီး နားလည်သလို ဖတ်သွားပါတယ်

အိုင်လွယ်ပန် said...

ဟုတ်တယ်အစ်ကို ...
ဆင်းလာတဲ့ ကွင်းခြင်းတူရင်တောင်မှ
မတူညီတာတွေ ...
တစ်ယောက်နဲ့တစ်ယောက် သိပ်များတယ် ...

မယ့်ကိုး said...

အစ်ကို့ ကဗျာလေးတွေ ဖတ်တိုင်း လင်းလင်းချင်းချင်းနဲ့  လှလိုက်တာလို့  ခံစားရတယ်။
ကွဲလွဲခွင့်ကို ဖွင့်ဆိုထားတာ သဘောကျမိပါတယ်။

မိုးစက်အိမ် said...

အပိုဒ်တိုင်းမှာ ကွဲလွဲချက်လေးတွေ
ကိုယှဉ်တွဲ ဖော်ပြသွားတာ ကောင်းတယ်ဗျာ
သုံးသွားတဲ. စကားလုံးလေးတွေလည်း
ရိုးရှင်းတယ် ဒါပေမဲ. အဓိပာယ်ပြည်.တယ်
ဖတ်လို.ကောင်းတဲ. ခံစားလို.ကောင်းတဲ.
ကဗျာလေး တစ်ပုဒ်ပါဘဲဗျာ...

နွေဆူးလင်္ကာ said...

စိတ်ကူးတွေကျက်စားတဲ့ကွင်းကို ခဏဆင်းကြည့်ခဲ့ပါတယ်

မေ့သမီး said...

အကိုရေးတဲ့ကဗျာတပုဒ်လုံးကိုတော့ ဥာဏ်မမီဘူး။ လွတ်လပ်စွာသဘောကွဲလွဲခွင့်၊ ခံစားခွင့်၊ တန်ဖိုးထားခွင့် ရှိတယ်လို့ပြောချင်တာလား။ လူတွေဟာကိုယ်ရှာတာကို ပဲကိုယ်တွေ့တတ်ကြတယ်တဲ့။

MoeThwayNge said...

အကို ကဗျာတွေက တခုခု ကိုတော့ ပေးနေသလိုပဲဗျ..။
ဒီထပ်မက ပိုရေးနိုင်ပါစေဗျာ။
ခင်တဲ့
အားလုံးကိုပျော်စေချင်တဲ့

မမသီရိ said...

မတူညီတာတွေ ကြားထဲမှာ တူညီတာတွေလဲ ရှိမှာပါ
ကိုဆောင်းယွန်းရေ
အနည်းဆုံးတော့ ချစ်ခြင်းမေတ္တာ၊
အမှန်တရားမြတ်နိုးခြင်းနဲ့
အလင်းရောင်အတွက် အိပ်မက်များ...

အရုပ်ကလေး said...

ပို့စ်ကောင်းလေး တစ်ပုဒ်ကို ဖတ်သွားတယ် အစ်ကို
ကွင်းထဲမှာ ချော်လဲရတဲ့ အဖြစ်ကလည်း ခဏဏပဲ
အစ်ကိုရေ ..။


ခင်မင်စွာ
idulize (အရုပ်ကလေး)