Friday, August 7, 2009

”ငရဲကိုပြိုင်တူတွန်းရွှေ့ကြစို့”

အိမ်ကွင်းက သူငယ်ချင်းရေ
မင်းကတော့
ရုပ်ရှင်ဇာတ်ကားတွေကို
ပိတ်ကားပေါ်ကနေ တလွှာချင်းချွတ်ချ
ပြီးတော့…ကဗျာတပုဒ်ကိုရွတ်ပြသွားတယ်
”စိန်စိန်ရေ..အချိန်တွေသိပ်မရှိတော့ဘူး”တဲ့…

ဒီမှာတော့…
အနှေးဆင်းနေရတဲ့ အဝေးကွင်းမှာကတော့
မိုးကောင်းတုန်း ရေခံကြ
လေကောင်းတုန်း အနေမှန်ကြနဲ့
လက်မဲ့ရာဇဝင်တွေကို ပါးစပ်နဲ့စာသင်နေကြ…

ဒါကြောင့်လည်း
၂၁နှစ်မှာ ရက်တွေကိုသာဓားရှ
ဖိနပ်တွေပိုကာပါးလျသွားရတယ်……

၂၁နှစ်စာလုံးကို
အရှုံးပင်လယ်ထဲ ရွက်လွှင့်
သည်းခံခြင်းတရားတွေကျင့်နေရတာလောက်
နောက်ကျိနေရတဲ့စိတ်ရေအိုင် ဘယ်မှာရှိနိုင်မလဲ…

ငါတို့အားလုံး
လက်တွေခြေတွေလှုပ်နိုင်ခဲ့တဲ့အချိန်တုန်းက
စစ်မြေပြင်ပေါ်မှာ ဗုံးကျဲ
တလုံးတည်းသော ဝေါဟာရအတွက်
သူပုန်ဆိုတဲ့နာမကိုလည်း နှစ်ခြိုက်စွာသုံးစွဲခဲ့ကြဖူးတယ်…

အခုလို
ပါးစပ်တွေပဲလှုပ်နိုင်တဲ့အချိန်မှာတော့
စိတ်ဝေဟင်ထဲမှာ ဗုံးခွဲ
တလုံးတည်းသော ဝေါဟာရအတွက်
ဘဝနွံနက်နက်မှာ ကိုယ့်အသက်ကိုပဲကိုယ်ပြန်ရှာနေမိကြတယ်…

ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ကိုကိုယ်ညစ်နေတဲ့ အညစ်က ”တစ်”
၂၁နှစ်စာဘာမှဖြစ်မလာတာကိုညစ်နေတဲ့ အညစ်က .”တစ်ရာ”
ဘယ်လိုမှ အီကွေးရှင်းချလို့မရတာသေချာတယ်….

သေချာတယ်ဆိုတာထက်
ပိုပြီးတော့တောင် သေချာသေးတယ်
ကမ္ဘာ့အပြင်ဘက်ကိုပဲ အလည်ရောက်ရောက်
စကြာင်္ဝဠာရဲ့အပြင်ဘက်မှာပဲ လမ်းသလားလား
ဖျောက်မထားရင် ပျောက်မသွားပါဘူး
ကိုယ်သွားလေရာလမ်း
ဌာနေကိုထမ်းပိုးထားသူတိုင်းရဲ့ ပခုံးနှစ်ဖက်ပေါ်မှာ
သူတို့ရဲ့တိုင်းပြည်တပြည်လုံးစာပါတယ်….

မထိုးပဲပေါက်တဲ့ ဂျက်ပေါ့နဲ့အောင်ဘာလေမရှိသလို
မတိုးပဲရောက်နိုင်တဲ့နေရာ ဒီလိုခေတ်ကြပ်ကြီးမှာဘယ်ရှိပါ့မလဲ
လက်မလှုပ်ခြေမလှုပ်ရင်
မျှော်လင့်ချက်ဆိုတာလည်း မြုပ်နေတဲ့ငုပ်ကောင်လိုအမျိုး
မျှော်လင့်ချက်ကို ထီလိုဝယ်ပြီးထိုးလို့မရနိုင်တာသိရင်
ကိုယ့်လမ်းကိုကိုယ်ပြင် ကိုယ့်အပင်ကိုယ်စိုက်
ငရဲကိုတိုက်ဖို့ တိမ်ပေါ်ဓားထမ်းလိုက်လို့မရတော့ဘူး
နိဗ္မာန်ကိုရောက်ဖို့အတွက် ငရဲလမ်းကိုတော့ဖြတ်လျှောက်ရမယ်…..

ဖြတ်လို့မရောက်ဘူးဆိုတာက
ကြပ်လို့မလျှောက်ဘူးဆိုတာထက်တော့
ပိုပြီးနားထောင်လို့ကောင်းတာပေါ့
တောင်းမရလို့ တိုက်ခဲ့ရတဲ့၂၁နှစ်မှာ
အမှားတွေကိုလက်ညှိုးထိုးဖို့ထက်
အမှန်တရားအတွက် လက်ညှိုးကိုကွေးညှစ်
သူပုန်ပြည်ကို သူပုန်လိုချစ်တတ်ဖို့တော့လိုတယ်….


ကဲ..ကဲ
ကိုယ့်လိပ်ပြာကိုယ်လုံဖို့အတွက်
သူပုန်သိက္ခာကို ခြုံထည်လိုအထပ်ထပ်ခြုံ
မိစ္ဆာမီးပုံကို ရန်ငါစည်းဖြတ်ပြီး
Proposalနှစ်ထပ်တိုက်ကြီးပေါ်က ခုန်ဆင်းခဲ့ကြ
အခု၂၁နှစ်ကို နောက်ထပ်၂၁နှစ်ထပ်မရင်းရအောင်
မျိုးဆက်အမှောင်ကို အလင်းရောင်ထွန်းကြဖို့
ငါတို့အားလုံး ငရဲကိုပြိုင်တူတွန်းရွှေ့လိုက်ကြစို့……..။

14 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဆောင်း ကဗျာထဲက အဓိပ္ပါယ်တွေ အရမ်းကို
ကောင်းပါတယ် အကို။

Anonymous said...

ကဗျာတပိုဒ်ချင်းစီကို ကောင်းနေပါတယ်....

နိဗ္မာန်ကို ရောက်ဖို့ ဖြတ်လျောက်ရမယ့် ငရဲလမ်းမှာ
နောက်ထပ် ၂၁ နှစ်တော့ မရင်းပါရစေနဲ့တော့ဗျာ......

mie nge

နဒီမိုးညို said...

ကဗျာ..အရမ်းကောင်းပါတယ်
(မျိုးဆက်အမှောင်ကို အလင်းရောင်ထွန်းကြဖို့
ငါတို့အားလုံး ငရဲကိုပြိုင်တူတွန်းရွှေ့လိုက်ကြစို့…)
မှန်လိုက်တာ..အစ်ကိုရေ..

Nge Naing said...

သိပ်ကို အားပါတဲ့ ကဗျာပဲ။ ဒီလိုကဗျာမျိုးကျတော့ ၀င်္ဂ၀ုတ္တိ အလင်္ကာ ဘယ်လောက်ပဲ သုံးသုံး ကျွန်မ ဖတ်လို့ နားလည်ပါတယ်။

မိုးစက်အိမ် said...

အဓိပ္ပါယ်တွေ ကအရမ်းကောင်းတယ် အကို ...
စကားလုံးဆိုတာ ရေးလို.ထွက်တာ မှန်ပေမဲ.
ခံစားမှု ဆိုတဲ. နှလုံးသားကြောင်.သာ
စကားလုံးတွေ ပိုတန်ဖိုးတက် ခဲ.ရတာပါ ...
အားပေး လျက် ...

Lynn Nay Ko said...

အဓိပ္ပါယ် ရှိလိုက်တာဗျာ

kyalkalay said...

ငရဲကို ပြိုင်တူတွန်: ပါမည်
နောက် တရက်တောင် ထပ်မရင်းချင်ဘူးအကိုရာ

စစ်လက်နက် မပါပဲ ပြည်သူနဲ့လက်လက်ခြင်းတိုက်မယ်လို့လူသိရှင်ကြားကြေငြာလိုက်စမ်းပါ
နောက်နေ့မကူးပါဘူး

Nyein Chan Aung said...

နိဗ္မာန်ကိုရောက်ဖို့အတွက် ငရဲလမ်းကိုတော့ဖြတ်လျှောက်ရမယ်…..

နိဗ္မာန်ကိုရောက်ဖို့အတွက် ငရဲလမ်းကိုတော့ဖြတ်လျှောက်ရမယ်…..

နိဗ္မာန်ကိုရောက်ဖို့အတွက် ငရဲလမ်းကိုတော့ဖြတ်လျှောက်ရမယ်…..

အမရာ said...

အကိုရေ..ဘယ်တော့မထပ်တဲ့
သကားလုံတွေနဲ့အတူ..ကဗျာတွေ
ကအားကောင်းမောင်းသန်နေတုံးပဲနော်.......

လေပြေ said...

ပါးစပ်တွေပဲလှုပ်နိုင်တဲ့အချိန်မှာတော့
စိတ်ဝေဟင်ထဲမှာ ဗုံးခွဲ
တလုံးတည်းသော ဝေါဟာရအတွက်
ဘဝနွံနက်နက်မှာ ကိုယ့်အသက်ကိုပဲကိုယ်ပြန်ရှာနေမိကြတယ်…

ကဗျာလေးကမိုက်တယ်ဗျာ။ကြိုက်တယ်။

လေပြေ said...

ပါးစပ်တွေပဲလှုပ်နိုင်တဲ့အချိန်မှာတော့
စိတ်ဝေဟင်ထဲမှာ ဗုံးခွဲ
တလုံးတည်းသော ဝေါဟာရအတွက်
ဘဝနွံနက်နက်မှာ ကိုယ့်အသက်ကိုပဲကိုယ်ပြန်ရှာနေမိကြတယ်…

ကဗျာလေးကမိုက်တယ်ဗျာ။ကြိုက်တယ်။

စိတ်စမ်းရေ said...

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတဲ့ ငယ်
ငယ်တုန်းက ဖတ်ဖူးတာလေးကို သတိရသွားပါတယ်.....။ ကဗျာတွေက အရမ်း
အသက်ဝင်လွန်းတယ်ဗျာ....။

mgngal said...

ခံစားချက်တွေ တီးခေါက်သွားတယ်ဗျ ကိုဆောင်း ။

Nyo Htet Nyo said...

ကဗျာလေး ကြိုက်တယ်အစ်ကိုရာ…အတွေးလဲပွားသွားပါတယ်ဗျာ။