Saturday, August 29, 2009

“နေ့တဓူဝစီးဆင်းမှုများနဲ့ တောင်တန်းတိမ်တိုက်တွေရဲ့အကြောင်း”

တိမ်တိုက်တွေကို တောင်တန်းထင်ခဲ့မိတဲ့အခိုက်
တောင်တန်းတွေတောင် တိမ်တိုက်ဖြစ်သွားခဲ့ကြတယ်
တနင်္ဂနွေမှတ်တိုင်မှအစပြု စနေဘူတာအဆုံးသတ်သည်အထိ
ကြည့်သမျှကိုမမြင်နိုင်တော့ မြင်သလောက်ကိုပဲကြည့်နေခဲ့ရတယ်…

တကယ်ပါ…နဝေတိမ်တောင်ဖြစ်ခဲ့တာမဟုတ်ပါဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ အိမ်တဆောင်ကိုအလှဆုံးဖြစ်အောင်ဆောက်
တမူးလောက်သာရုံမျှလောက်နဲ့ပဲ
ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူများနဲ့ အဝေးဆုံးသောအရပ်မှာ
ကိုယ်စိတ်နဲ့ကိုယ့်ကိုယ် ပုန်းဖျောက်ထားမိတတ်ခဲ့ပါရဲ့….

အဝေးကွင်းမှာ ခေတ်ဆွေးနေရတာကြာလှဆိုတော့လည်း
အတွေးအခင်းအကျင်းက သိပ်မလှ ….
အနှေးဆင်းနေရတဲ့ မည်ကာမတ္တဘဝဆိုတာ
လက်ဖက်ရည်ဆိုင်နဲ့ပြတ်လပ်နေသူတိုင်း နက်နက်ရှိုင်းရှိုင်းသိမှာပါ
ဒါကြောင့်ပဲနေမှာပေါ့
တိမ်တွေကိုတောင်လို့မှတ် ကိုယ့်အသိနဲ့ကိုယ်ကျေနပ်နေတတ်ခဲ့မိတာ…

အရာရာကို သတိနဲ့နေအသိနဲ့စား နှလုံးသားနဲ့ကြားချင်ခဲ့ပေမယ့်
ခါးသက်သက်ပူရှရှ ကော်ဖီတခွက်ကိုဇွတ်မြိုချနေရရုံမျှနဲ့ပဲ
သတိမေ့အသိပျောက် နှလုံးသားကခြောက်သွေ့….
ဈေးကွက်ဝင် စီးပွားတွေ့ ခေတ်သစ်လုပ်ကြံမှုသတင်းဆွေးမြေ့မြေ့တွေက
ဘယ်ဖက်ဝင်ညာဖက်ထွက် အာရုံပျက်နေတဲ့သောတနှစ်ဖက်ပေါ်မှာ
အပျော်ကြံရုံသတ်သတ် နေ့နဲ့ညစာအုပ်ကိုပုံပြင်တပုဒ်လိုဖတ်တယ်….

ပုံပြင်မဟုတ်တဲ့ လောကလူ့ဘဝဇာတ်ထုတ်မှာတော့
ဟောဒီကောင်က ခါချဉ်အုံတအုံထဲကခါချဉ်တကောင်ဖြစ်ရုံပေါ့
ခါချဉ်တကောင်ရဲ့မာနဟာ တိမ်တွေထက်မြင့်မားခဲ့ပြီး
တောင်တွေထက်လည်း ထွားကျိုင်းခဲ့ပါတယ်
ဒါပေမယ့် ဖဝါးသားအောက်မှာ ခုံပါးပါးဖိနပ်တရံသာရှိခဲ့ပါရဲ့လေ
တန်ဘိုးရှိသော မြေမှုန်တချို့ရေ…
ခင်ဗျားတို့ကိုတော့ လေးနက်စွာဦးခိုက်နေလိုက်ပါတယ်….

ပြက်ပြက်ထင်ထင်ရှိလှတဲ့ တနေ့နေ့ရဲ့မုချအကြောင်းတရားကို
ဝါးတားတားဖြစ်နေလေ့ရှိတဲ့ပစက္ခတိုင်းမှာ တွေးလေ့တွေးထရှိတဲ့အခါ
ကိုယ်မပါရင်မပြီးတဲ့ပွဲဆိုတာ နှစ်ပွဲပဲရှိမှန်းသေသေချာချာသိလာခဲ့ရ (မွေးဖွားခြင်းနှင့်သေဆုံးခြင်း)
တချို့ကတော့ သွားလာ ဝင်ထွက် နှုတ်ဆက်
ပြီးတော့လည်း အပြုံးမပျက်ပွဲဖျက်သိမ်းသွားတတ်ကြတာပါပဲလေ
ဒါကြောင့် မိတ်ဆွေစစ်ဆိုတာ
မယိမ်းတတ်တဲ့နွယ် မကွယ်တတ်တဲ့တိမ် မပြိုတတ်တဲ့တောင်မှန်း
တဦးကိုတဦးလှမ်းမကြည့်ပဲ အနှစ်၄၀ကြာရင်ဘတ်အနွမ်းနဲ့တန်းသိနေခဲ့ရပါတယ်….

ဒီလိုနဲ့ပဲ….ကိုယ့်ပေတံတချောင်းနဲ့
ကိုယ့်ခေါင်းကိုကိုယ် မျဉ်းညှိချဖို့ကြိုးစားမိခဲ့တော့
မျက်လုံးနဲ့မြင်ပြီးသမျှထဲကမှ နှလုံးသားနဲ့တွေ့နိုင်တဲ့အရာတချို့သာ
ကဗျာတပုဒ်အဖြစ်
စိတ်ဆိုတဲ့ကြိုးမျှင်တချောင်းပေါ်မှာ သပ်သပ်ရပ်ရပ်ငြိတွယ်
အတွေးဆိုတဲ့ လူမမြင်သူမမြင်မြစ်အသွယ်သွယ်ထဲ စီးဆင်းသွားခဲ့ကြပါတယ်….။

11 comments:

မမသီရိ said...

ဒီလိုနဲ့ပဲ….
ကိုယ့်ပေတံတချောင်းနဲ့
ကိုယ့်ခေါင်းကိုကိုယ် မျဉ်းညှိချဖို့ကြိုးစားမိခဲ့တော့
မျက်လုံးနဲ့မြင်ပြီးသမျှထဲကမှ နှလုံးသားနဲ့တွေ့နိုင်တဲ့အရာတချို့သာ
စိတ်ဆိုတဲ့ကြိုးမျှင်တချောင်းပေါ်မှာ
သပ်သပ်ရပ်ရပ်ငြိတွယ်
အတွေးဆိုတဲ့ လူမမြင်သူမမြင်မြစ်အသွယ်သွယ်ထဲ ကဗျာတပုဒ်အဖြစ်
စီးဆင်းသွားခဲ့ကြပါတယ်….။
..
...

ကိုဆောင်းယွန်းရဲ့ မြစ်အသွယ်သွယ်လေးတွေ
ကျမတို့ တကယ် နှစ်သက်ပါတယ် ရှင်

ကဗျာဆရာတိုင်းမရေးနိုင်တဲ့ ကိုယ်ပိုင်ဟန်နဲ့
စကားလုံးအသုံးအနှုန်းတွေ
ကျမ တကယ်အားကျ မိပါတယ်

kyalkalay said...

အကိုရေ holiday မို့ လာလည်ရင်းကဗျာဖတ်သွားတယ်

အတွေးနဲ့ မမျော နိုင်သေးဘူး
ချွေးနဲ့မောနေလို့
ဘဝက ကျွန်ဘဝကိုး

နောက်တပွဲမှာပါဖြစ်အောင်ပါမယ်လို့ ကျိန်းဝါးစဲ

emayarKhin said...

ဒီလိုနဲ့ပဲ….ကိုယ့်ပေတံတချောင်းနဲ့
ကိုယ့်ခေါင်းကိုကိုယ် မျဉ်းညှိချဖို့ကြိုးစားမိခဲ့တော့
မျက်လုံးနဲ့မြင်ပြီးသမျှထဲကမှ နှလုံးသားနဲ့တွေ့နိုင်တဲ့အရာတချို့သာ
ကဗျာတပုဒ်အဖြစ်
စိတ်ဆိုတဲ့ကြိုးမျှင်တချောင်းပေါ်မှာ သပ်သပ်ရပ်ရပ်ငြိတွယ်
အတွေးဆိုတဲ့ လူမမြင်သူမမြင်မြစ်အသွယ်သွယ်ထဲ စီးဆင်းသွားခဲ့ကြပါတယ်….။

ရင်ထဲကိုလဲစီးဆင်းသွားတဲ့စာသားတွေပါ....

Anonymous said...

နေ့တဓူဝစီးဆင်းမှုများနဲ့......
မိတ်ဆွေစစ်ဆိုတာ
မယိမ်းတတ်တဲ့နွယ် မကွယ်တတ်တဲ့တိမ် မပြိုတတ်တဲ့တောင်မှန်း
တဦးကိုတဦးလှမ်းမကြည့်ပဲ အနှစ်၄၀ဋ္ဌကာရင်ဘတ်အနွမ်းနဲ့တန်းသိနေခဲ့ရပါတယ်….


နှစ်၄၀ဋ္ဌကာတူနေလို့လား စီးဆင်းမှုများထပ်တူပါဘဲလား
ကိုဆောင်းယွန်းလရေ

ရည်မွန်

အိုင်လွယ်ပန် said...

ဒါကြောင့် မိတ်ဆွေစစ်ဆိုတာ
မယိမ်းတတ်တဲ့နွယ် မကွယ်တတ်တဲ့တိမ် မပြိုတတ်တဲ့တောင်မှန်း သိခဲ့ရ ...
လှတယ်အစ်ကို ရေ ...

Unknown said...

တကယ်ပါ…နဝေတိမ်တောင်ဖြစ်ခဲ့တာမဟုတ်ပါဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ အိမ်တဆောင်ကိုအလှဆုံးဖြစ်အောင်ဆောက်
တမူးလောက်သာရုံမျှလောက်နဲ့ပဲ
ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူများနဲ့ အဝေးဆုံးသောအရပ်မှာ
ကိုယ်စိတ်နဲ့ကိုယ့်ကိုယ် ပုန်းဖျောက်ထားမိတတ်ခဲ့ပါရဲ့….

သေချာတယ် ကိုဆောင်းရေ...
ထပ်တူထပ်မျှခံစားသွားပါတယ်....
စကားလုံးတိုင်း မှတ်သားစရာတွေပါ ကိုဆောင်းရေ...

ခင်တဲ့
ပြည့်စုံ(ဝေါသားလေး)

ကောင်းကင်ပြာ said...

အကို့ နှလုံးသားနဲ့ ထပ်တူ စီးဆင်းလာတဲ့ ကဗျာလေးကို သေချာ လာခံစားတယ်၊

လေပြေ said...

ဒီလိုနဲ့ပဲ….ကိုယ့်ပေတံတချောင်းနဲ့
ကိုယ့်ခေါင်းကိုကိုယ် မျဉ်းညှိချဖို့ကြိုးစားမိခဲ့တော့
မျက်လုံးနဲ့မြင်ပြီးသမျှထဲကမှ နှလုံးသားနဲ့တွေ့နိုင်တဲ့အရာတချို့သာ
ကဗျာတပုဒ်အဖြစ်
စိတ်ဆိုတဲ့ကြိုးမျှင်တချောင်းပေါ်မှာ သပ်သပ်ရပ်ရပ်ငြိတွယ်
အတွေးဆိုတဲ့ လူမမြင်သူမမြင်မြစ်အသွယ်သွယ်ထဲ စီးဆင်းသွားခဲ့ကြပါတယ်….။

အဓိပါယ်လေးကိုသိပ်ကြိုက်သွားပါတယ်ကိုဆောင်း.....
ကိုယ့်ပေတံကိုယ်ကိုင်ပြီးကိုယ့်နှလုံးသားနဲ့ ထပ်တူကျ
တဲ့အ၇ာတွေကိုမှကဗျာအဖြစ်ဆွဲထုတ်သုံးနှုန်းပစ်လိုက်
တယ်။ဟုတ်လားဗျ.....
ကျနော်ကတော့မှီသလောက်ဘာသာပြန်သွားတယ် :)

မြစ်ကျိုးအင်း said...

မိတ်ဆွေစစ်ဆိုတဲ့ ဖွဲ့နွဲ့မှုလေးကို နှစ်သက်တယ်...။
ဘ၀မှာ မိတ်ဆွေအစစ်နဲ့ တကယ်ကိုတွေ့ချင်ပါတယ်။
မိတ်ဆွေစစ်ဆိုတာ ဘယ်လိုပုံစံမျိုးဆိုတာ သင်ပေးစရာ မလိုတဲ့သူမျိုးပေါ့....၊။

ကိုယ်မပါရင်မပြီးတဲ့ပွဲဆိုတာ နှစ်ပွဲပဲရှိမှန်းသေသေချာချာသိလာခဲ့ရ (မွေးဖွားခြင်းနှင့်သေဆုံးခြင်း)

တစ်ပွဲတော့ နွဲပြီးပြီ နောက်တပွဲ မနွဲခင်မှာ မြင်ချင်တဲ့ နိင်ငံကို မြင်ခွင့်ရသွားရ ကောင်းမယ်ဗျာ...။

နှင်ေးဟမာ said...

အစ်ကိုဆောင်းရေ....

မယိမ်းတတ်တဲ့နွယ် မကွယ်တတ်တဲ့တိမ် မပြိုတတ်တဲ့တောင်မှန်း
တဦးကိုတဦးလှမ်းမကြည့်ပဲ အနှစ်၄၀ကြာရင်ဘတ်အနွမ်းနဲ့တန်းသိနေခဲ့ရတဲ့
အသိတွေထဲကနေ ထွက်ကျလာခဲ့တဲ့
ကဗျာလေးကလည်း ကောင်းလိုက်တာ အစ်ကို ရေ...
အရသာရှိရှိလေး ချက်ထားတဲ့ ဟင်းအိုးလေးတစ်လုံးလိုပါပဲ...။အမြဲအားပေးနေတယ်..။
ခင်မင်လေးစားလျှက်ပါ အစ်ကိုရေ.....။
ညီမလေး နှင်း

mgngal said...

အပိုဒ်တိုင်းရဲ့ လေးနက်မှုတွေက ကဗျာကို ရုပ်လုံးပေါ်သွားစေတယ် ။ ခံစားသွားပါတယ် ကိုဆောင်း ပြောတဲ့ အကြောင်းတွေကို ။