Monday, August 3, 2009

”ခုတလောမှာ”

မနော်တယောက်သူ့အသက်နဲ့ကွက်တိဖြစ်အောင် လူ၃၆ယောက်ကိုရွေးပြီး

တဂ်လိုက်လားဆိုတာကို စဉ်းစားနေမိတယ်။
ကျနော်ခန့်မှန်းတဲ့အသက်က လက်ရှိအသက်ထက်ပိုကြီးသွားရင်
ခွင့်လွှတ်ပါမနော်ရေ။ ငယ်နေရင်တော့ မုန့်ဝယ်ကျွေးဗျို့။

ခုတလောမှာ
တွေးနေမိတာက………
မနေ့တနေ့ကမှ ကြည့်လိုက်ရပြီး ကြိုက်နေမိတဲ့ Brad Pitt နဲ့ Cate Blanchett

တို့သရုပ်ဆောင်ထားတဲ့ Benjamin Button ဆိုတဲ့ရုပ်ရှင်ဇာတ်ကားအကြောင်း
မွေးတုန်းကအဖိုးကြီးအိုရုပ်ပေါက်ပြီး အသက်ကြီးလာတာနဲ့အမျှ ကလေးရုပ်ပေါက်ပြီး


မွေးကင်းစအရွယ်ပြန်ဖြစ်သွားတဲ့ Benjamin Button ရဲ့အကြောင်းကို
ရုပ်ရှင်ရိုက်ထားတာ…..ဒီရုပ်ရှင်ကိုကြည့်ပြီး အတွေးတွေအများကြီးပွားမိနေလို့…..
ဥပမာ.လူတိုင်းသာမွေးကင်းစအရွယ်မှာ လူအိုပုံပေါက်နေပြီး
သေခါနီးအိုမင်းမစွမ်းအရွယ်မှာသာ ကလေးငယ်ပုံပေါက်နေမယ်ဆိုရင်
ပျိုခြင်းကိုအိုခြင်းလို့သတ်မှတ်ပြီး အိုခြင်းကိုပျိုခြင်းလို့သတ်မှတ်မလား!
ဒါမှမဟုတ်ရင် အိုခြင်းကလှပနေပြီး နူပျိုခြင်းကခြောက်ခြားဖွယ်ရာများ
ဖြစ်နေမလားလို့..ဘာပဲဖြစ်ဖြစ် အလှတရားက အိုခြင်းနဲ့ပျိုခြင်းနှစ်ခုစလုံးမှာ


သူ့နေရာနဲ့သူတော့ရှိနေမှာပါပဲလေ….စသဖြင့်၊စသဖြင့်….တွေးနေမိတယ်။
ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့်တွေးမယ်ဆိုရင်လည်း တွေးစရာတွေကတပုံတပင်ပါ။

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက…..
မဆင်မခြင်ဖြစ်နေမိတဲ့ ”ကိုယ့်အကြောင်းနဲ့ကိုယ်”အတော်များများကို

ကျန်းမာရေး………
နားမထောင်ပဲကြားနေရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းပါ။

နားထောင်ဖြစ်နေတဲ့သီချင်း………..
အိမ်မှာသီချင်းနားမထောင်ဖြစ်တာတော့ကြာပြီ။
ကားပေါ်မှာတော့ တချိန်လုံးဖွင့်ထားဖြစ်ပါတယ်။
ကိုငှက်ရဲ့ ”ကြယ်တွေစုံတဲ့ ည” ကို ထပ်တလဲလဲ
ပြန်နားထောင်ဖြစ်နေမိတယ်။
ပြီးတော့….အဲဒီ ”ည”ကို ဘယ်တော့များမှ ကြည့်မြင်ခွင့်
ရပါ့မလဲလို့ စဉ်းစားနေမိတာလည်း အခါခါ….

ဖတ်ဖြစ်တဲ့စာအုပ်တွေ…….
ပိုင်စိုးဝေရဲ့ ”မူးနေတဲ့ ကြယ်တံခွန်” ကဗျာစာအုပ်
(သူငယ်ချင်းကို ပြန်ပေးလိုက်ပြီ)

ဆရာမြသန်းတင့်ရဲ့ ”ဘဝနေနည်း အနူပညာ”
အိုခြင်းအနူပညာဆိုတဲ့အပိုင်းကို အကြိုက်ဆုံးဖြစ်နေမိတယ်
(ကိုယ်ကအိုလာလို့ပဲဖြစ်မယ်)

အနည်းဆုံး၂ခါလောက်ဖတ်ပြီးသားဖြစ်ခဲ့ဖူးတဲ့
ဆရာမဂျူးရဲ့ ”အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ”
(ဆော့ခရတ္တိ၏ အဆိပ်ရည်ကိုသောက်သုံးခြင်း….ဆိုတဲ့အပိုင်းကို အကြိုက်
ဆုံးဖြစ်နေမိပြန်တယ်။)

ရွတ်တော့မရွတ်မိဘူး (ဒါပေမယ့် ကြိုက်နေမိတဲ့ ကဗျာတပုဒ်)
မောင်နန္ဒရဲ့ ”မျှော်လင့်ခြင်းမိုး”ဆိုတဲ့ကဗျာလေးပါ။
၁၉၉၆ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်းမှာပါခဲ့တဲ့ ကဗျာလေးတပုဒ်ပါ။
ဖတ်ချင်ရင်တော့ ညီလေးညိုထက်ညိုရဲ့ စပ်မိစပ်ရာဘလော့ http://smsy.mmwordpress.com/ မှာသွားဖတ်နိုင်ပါတယ်။

ရောက်ဖြစ်နေတဲ့ နေရာ…..
မသွားချင်လည်း တပတ်ကို၅ရက်ရောက်နေရတဲ့ ရုံးနဲ့
မကြာခဏရောက်ဖြစ်နေတဲ့ ဒုက္ခသည်တွေရဲ့ အိမ်တွေ
စိတ်ထဲမှာရောက်ဖြစ်နေတာက ”အမေ့အိမ်”နဲ့
ကန်သုံးဆင့်က တံတားဖြူဖြူလေးဆီကို

ရေးဖြစ်နေတာတွေက….
အပိုင်းပိုင်းအစစဖြစ်နေကြတဲ့ ဟိုမရောက်ဒီမရောက် ကဗျာတွေ
(စိတ်ထဲမှာရော၊ ကွန်ပျူတာပေါ်မှာပါ)
ပြီးတော့ ပိုက်ဆံရမယ့်အလုပ်တခု
(စာမျက်နှာ၄၀လောက်ရှိတဲ့ ဘာသာရေးစာတချို့ကို
ဘာသာပြန်ပေးနေတယ် အခြေအနေအရ သူကပေးမယ်ဆိုတော့လည်း
ကိုယ်ကငြင်းရင် ရိုင်းရာကျမယ်လေ)

ဖြစ်ချင်နေတာက….
မပန်ဖြစ်ချစ်နေတဲ့အတိုင်းပဲ..ကော်ပီသွားကူးလိုက်ဦးမယ်..ခဏ
ပိုက်ဆံရှာတဲ့ အလုပ်ကို မလုပ်ဘဲ ဇိမ်နဲ့ထိုင်စားပြီး ပိုက်ဆံမရတာတွေကို လုပ်ခြင်း

စားဖြစ်နေတာက….
ကြုံရာဆုံရာ ထမင်းနဲ့ဟင်း
(ဘာစားစား စားလို့သိပ်မကောင်းဘူး)

သောက်ဖြစ်နေတာက…
ကော်ဖီခါးခါးတွေ
(ခွက်ထဲကလက်ကျန်ကို လက်ထဲကမနက်ဖြန်ခါတွေအတွက်မထားဘူး
အကုန်မော့သောက်ပစ်တာ)

သနားနေမိတာက…
မိမိကိုယ်မိမိ (ကဗျာကို သဒ္ဒါလိုမရေးတတ်လို့ပါပဲ)

လွမ်းနေမိတာက….
အဝေးကအိမ်ကလေးဆီကို (တချို့မရှိကြတော့ဘူး)

သတိရနေမိတာက….
ကိုယ့်ထက် ၇ နှစ်လောက်ကြီးတဲ့ သူငယ်ချင်းကဗျာဆရာတယောက်ကို….

မေ့လျော့နေမိတာက…
ကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ အရာခပ်သိမ်းနီးပါးကို (အိမ်ကအမျိုးသမီးက
ကွန်ပျူတာနဲ့ပေးစားနေတာလည်း ခဏခဏပေါ့)

ခါးသက်နေမိတာက….
တရားနည်းပြီး စကားမစဲတဲ့လူတချို့ကိုပေါ့….

တမ်းတနေမိတာက….
လေးနှစ်သားအရွယ် လူမမယ်ဘဝကို….

(ငါးနှစ်သားဆိုရင် ကျောင်းစတက်ရတော့မှာမို့)

ကြိတ်ပြီးချီးကျူးနေမိတာက….
ဖာသိဖာသာနေနိုင်တဲ့သူတချို့ကို..
(တချို့တွေနေနိုင်လွန်းတယ်ဆိုတဲ့ သီချင်းစာသားက
ကျနော့်စိတ်ထင်တော့ တချို့တချို့ကိုတင်မကပဲ
ကျန်တဲ့တချို့တချို့တွေကိုပါ ရည်ညွှန်းသလားလို့
အဲဒီ ကျန်တဲ့တချို့တချို့ကို ကြိတ်ပြီးချီးကျူးနေမိတာပါ)

ဆန္ဒမရှိတဲ့နေရာ….
စကားတွေအများကြီးပြောရပြီး
စကားတွေအများကြီးနားထောင်ရတဲ့နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
နားအေးပါးအေးနေရာမှာ သီချင်းနားထောင်ခြင်း
ဒါမှမဟုတ် သီချင်းတခိျု့ရေးချင်နေမိတယ်

မုန်းနေမိတာက…
စစ်လက်နက်တွေချည့်တပ်ဆင်နေတဲ့သူတွေ

ချစ်နေမိတာက….
၁နှစ်နဲ့၎လပဲရှိသေးတဲ့ သားငယ်လေးနဲ့သမီးနှစ်ယောက်

စိတ်ပျက်နေမိတာက…
နောက်ကျိနေတဲ့ရေအိုင်လို အခြေအနေ
ကျိုးနေတဲ့ ကိုယ်ပိုင်ခြေထောက်တွေ
ဖောက်နေတဲ့ သစ္စာတွေ

စွဲလမ်းနေမိတာက….
မြက်ခင်းစိမ်းနဲ့တဲငယ်လေး
(မိုးမခပင်တွေ ကခုန်တဲ့ညတွေ)

လိုအပ်နေတာက…
အသွားထက်ထက် ဓားတလက်
(ကိုယ့်အတ္တကိုယ်ဖြတ်ချချင်လို့)

တောင်းနေမိတဲ့ဆု…..
”ကလေးတွေ မိဘမဲ့မဖြစ်ပါစေနဲ့”လို့

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက…
”နာကျင်စွာတယောက်တည်း
တရေးနိုးတဲ့ညတို့ မှောင်နေဆဲ
အိမ်ပြန်ချင်ပေမယ့်
မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့”

ဝန်ခံချင်တာက….
ကျနော်လူကောင်းတယောက်မဟုတ်ပါ။

ရေးပြီးပြီ မနော်ရေ။ ကျေနပ်မယ်ထင်ပါရဲ့။

17 comments:

မမသီရိ said...

ဝန်ခံချင်တာက….
ကျနော်လူကောင်းတယောက်မဟုတ်ပါ။


အာာာာာာာာာာာာာာာ

ကျန်တာတွေအားလုံး ဖတ်လို့ကောင်းပါရဲ့
ဒီကိစ္စတော့ သဘောမတူဘူးနော်

စိတ်စမ်းရေ said...

အိမ်ပြန်ချိန်ကို လွမ်းနေတာလား အကို....

Nge Naing said...

လွမ်းနေမိတာနဲ့ မေ့လျော့နေတာ နှစ်ခုတော့ ကျွန်မနဲ့ တူတယ်။ အမြဲတမ်း ကဗျာပဲ ဖတ်နေရာကနေ tag သမားရှိလို့ စကားပြေလေး ဖတ်ရတာ tag တဲ့ မနော်ကို ကျေးဇူးတင်သွားပါတယ်။

MANORHARY said...

ခါးသက်နေမိတာက….
တရားနည်းပြီး စကားမစဲတဲ့လူတချို့ကိုပေါ့….................
..တဲ့..ဟုတ်ပ
ကန်သုံးဆင့်ထဲက တံတားဖြူလေးက မဖြူတော့ဘူး
သစ်သားအဟောင်းတွေနဲ့ ကျိုးပျက်လို့
မနည်းရေမနစ်အောင် ဖြတ်ခဲ့ရကြောင်း
....................
နောက် အသက်ကို နည်းနည်းလေး တစ်လက်မလောက်ပဲ ကပ်ငယ်ပေးတဲ့တွက် မုန့်လည်း နည်းနည်းပဲကျွေးပါမယ် ရော့ သကြားလုံးတစ်လုံး ...ကလေးတွေပါခွဲပေးလိုက်နော် လူကြီးကတော့အချို ရှောင်ရမယ့်အရွယ်ရောက်နေပြီ
း)း)
ကွန်ပျူတာနဲ့ပေးစားခံရတာများကွယ်...း)
ရိုးနေပြီ....................
ကျေးဇူးပါ အမြန်ဆုံးရေးပေးကြတော့
ပျော်စရာလည်းကောင်းပါတယ်။

မိုးစက်အိမ် said...

ရေးပုံရေးနည်းလေး နဲ.
ရေးသားချက်လေးတွေ
သဘောကျတဲ.ဗျာ ကိုဌက်ရဲ.
ကြယ်တွေ စုံတဲ.ညနဲ. ဆရာမဂျူး
ရဲ. စာအုပ်တော. အကြိုက်ချင်း
တူသွားပြီ အကိုရေ ...

kay said...

ကိုဆောင်း လတ်တလော တွေ ကို..အကုန်တော့ မော့သောက်မသွားဘူး.. ပြောင်းလဲ နေအုံးမှာတွေ ရှိသေးတယ်လေ။း)

ကိုအောင် said...

ကိုဆောင်းရေးတာတွေကို ဖတ်ရတာ ကဗျာတစ်ပုဒ်ကို
ဖတ်ရသလိုပဲ ကောင်းတယ်။

Anonymous said...

သမီး ၂ ယောက် သား ၁ ယောက် ရ ထားတာဆိုတော့
ကံကောင်းတာပေါ့...

mie nge

မယ့်ကိုး said...

ကဗျာကောင်းလေး တစ်ပုဒ်လိုပဲ ဖတ်လို့ ကောင်းလိုက်တာ။

kyalkalay said...

အင်း ~~~~~~
အကို့ စာဖတ်မှ
ကိုယ် လွမ်းစရာတွေ
ပိုသတိရလာတယ်
ဒီညအိပ်မပျော်တာ အကိုစီကအစရလို့

နှစ်ခါပြန်ဖတ်သွား၏

အိုင်လွယ်ပန် said...

ကျွန်တောလည်း ကြယ်တွေစုံတဲ့ညကို
ခုတလောနားထောင် ဖြစ်နေတယ်အစ်ကို ..

ပျော်ရွှင်ပါစေအစ်ကိုရေ ....

mirror said...

ဟေး အစ်ကိုဆောင်းရ ကဗျာရှည်တစ်ပုဒ်ဖတ်ရသလိုပဲပ၊

ရှည်ရှည်ဝေးဝေးတွေ မပြောနေတော့ဘူး။
ရေးထားပုံလေး နှစ်သက်မိတယ်။

မနော်တဂ်ထားမှန်း သိလို့
မတဂ်တော့တာ..။

လေးစားခင်မင်လျက်

tin min htet said...

ကိုဆောင်းယွန်းလ ခင်ဗျား။ လင့်ခ်ကလေး ခဏငှားပါ။ (ပြန်ပေးမည်မဟုတ်)

ကျွန်တော်လည်း မောင်အံ့ (မောင်နန္ဒ)ကဗျာကို ခုတလော ဖတ်ဖြစ်နေတယ်။

ATN said...

ကဗျာတွေ ဖိတ်လျှံကျနေတာကိုး...

ကျနော်လူကောင်းတယောက် မဟုတ်ပါ။
လူဆိုးတယောက်လည်း မဟုတ်ပါ။
(ထပ်ဖြည့်ပေးသွားသည်... ဘ၀တူချင်းမို့လို့...း)

Nyein Chan Aung said...

ဆန္ဒမရှိတဲ့နေရာ….
စကားတွေအများကြီးပြောရပြီး
စကားတွေအများကြီးနားထောင်ရတဲ့နေရာ

စိတ်ပျက်နေမိတာက…
နောက်ကျိနေတဲ့ရေအိုင်လို အခြေအနေ
ကျိုးနေတဲ့ ကိုယ်ပိုင်ခြေထောက်တွေ
ဖောက်နေတဲ့ သစ္စာတွေ

ကိုဆောင်းက စကားပြေကိုလည်း ချောမွတ်နေအောင်ရေးနိုင်တယ်ဗျာ။ လူကောင်းမဟုတ်ဘူးလို့ ဆိုထားပေမဲ့ ကိုဆောင်းရဲ့ ရိုးသားမူကို ကျနော်ထိတွေ့ခံစားနေမိပါတယ်။

လင်းဒီပ said...

အစ်ကိုရေ ကွန်ပျူတာနဲ့ညားနေတာ ကြာပေါ့..
သူက အလိမ္မာလေ....ဘယ်တော့ မှပြန်မပြော လိုချင်တာပေးတယ်...။

Democratic Information Department said...

ရေးချင်သလိုရေးလို့ကောင်းချင်သလိုကောင်းနေတာပေါ့
မြှောက်မပြောပါ၊အချင်းချင်းတွေဘဲ၊
ဒီမှာတော့ဂျွန်းထိုးမှောက်ခုံ၊ပက်လက်လန်နေလဲ အလံမလဲစေအောင် လိပ်မြဲ၊လိပ်ဆဲ၊လိပ်ရင်းကွဲ နေတော့လက်မပေါ်နိုင်တော့ဘူးလေ၊
ကျွန်တော်လူကောင်းတယောက်မဟုတ်ပါ ဆိုတော့လည်း
လူဆိုးကြီးလားဟင် ၊ အဲဒါလည်းကောင်းသားဘဲ
ဆိုးချင်သလိုသာဆိုးလိုက်တော့ဟေ့