”စိတ်ကမ္ဘာထဲ ကဗျာစွန်တွေလွတ်လပ်စွာပျံဝဲပါရစေ…ကောင်မလေးရေ”
သူများစကားလုံး အငှားသုံးနေရတဲ့ အရှုံးနဲ့ဘဝကြီးထဲမှာ
အရှုံးကိုသိမ်းဖျောက် အပြုံးတုတွေနဲ့လျှောက်နေရတာလောက်
ကြီးမားလေးပင်လွန်းတဲ့ အရှက်အကြောက်တွေရဲ့ အစက်အပြောက်တွေရှိဦးမလား
အရှေ့ခြမ်းကိုလွမ်းနေတဲ့ ငါ့ရဲ့အနောက်ဖက်ကမ်းစာမျက်နှာတွေက
ခါးသက်ရှတ ဒဏ်ရာလှလှတွေနဲ့ ချိုမြ ကြေမွနေခဲ့ရပါတယ် ကောင်မလေးရေ…
တကယ်တော့ ငါဟာအမှုန်အမွှားအစက်အပြောက်လေးတခုအဖြစ်
ကမ္ဘာ့မြေပုံရဲ့တနေရာမှာ ခဏတာအမြစ်တွယ်နေရရှာတဲ့
အလေ့ကျ သောကပေါက်ပင်ဆိုလည်းဟုတ်
ဒုက္ခတောအုပ်ထဲက အပင်ငယ်တပင်ဆိုရင်လည်းဟုတ်ခဲ့ပါတယ်
တနေ့နေ့မှာတော့ မမြဲတဲ့တရားက သူ့ရဲ့ခံတွင်းကိုဟ
ငါ့ကိုကောက်နှုတ်ပြီး မျိုချသွားမှာသေချာပါတယ် ကောင်မလေးရေ….
ကမ္ဘာကြီးရဲ့ ချို့တဲ့မှုပေတံနဲ့ ချိန်ထိုးရမယ်ဆိုရင်တော့
ငါ့ချို့တဲ့မှုဆိုတာက အမှုန်အမွှား အစက်အပြောက်လေးတခုရယ်ပေါ့
ကမ္ဘာကိုမှန်မယ့် နျူကလီးယားဗုံးတလုံးက ငါ့ကိုမှန်မယ့် နျူကလီးယားဗုံးတလုံးပါ
ငါ့ကိုမှန်မယ့် အနူမြူဗုံးတလုံးကတော့ ကမ္ဘာကိုမှန်မယ့် အနူမြူဗုံးစတစပေါ့
ဘာမှမမြဲတဲ့တရားထဲမှာ အမှားနည်းအောင်နေနိုင်ရင်ပဲ
ဘဝကိုကျေနပ် ဘဝမှာနေတတ် ရဲရဲသေတတ်ရတော့မှာပေါ့ ကောင်မလေးရေ…
စိတ်တခုအတွက် အလျော်အစားပေးလိုက်ရတဲ့ စိတ်တခုနဲ့ပဲ
နားမလည်ခြင်းတချို့ကို မစို့မပို့နားလည်ခြင်းတချို့အဖြစ် အရေခွံလဲ
စိတ်မဲ့ခန္ဒာကိုယ်ပေါ်မှာ ရာသီဥတုသုံးပါးကို ထည်လဲဝတ်ရင်း
ဆုံးရှုံးသွားခဲ့တဲ့ နေ့လည်ခင်းတွေအတွက် စိတ်ပျက်ခြင်းလွှာရုံကိုခြုံ
ပိုင်ပိုင်ယုံယုံမကိုင်နိုင်သေးတဲ့ နောက်တနေ့ကိုမျှော်တလင့်လင့်
နေထွက်လှုံ လမ်းလျှောက်ကျင့်နေခဲ့ရသူဟာလည်း ငါပါပဲ ကောင်မလေးရေ….
ဆုံးရှုံးခြင်းကို စိမ်ပြေနပြေခံစားနိုင်ဖို့အတွက်
၃၆၀ဒီဂရီ လည်ပတ်မှုမောင်းနှင်တံတချောင်းရဲ့ လှည့်ပတ်မှုပေါင်းများစွာကို
ငါ့ကမ္ဘာမှာ ဥဒဟိုဝင်ထွက် အကြိမ်ကြိမ်လည်ပတ်စေခဲ့ပြီးပါပြီ ကောင်မလေးရေ….
သွားသွက်သွက်လာသွက်သွက် ၂၄နာရီစာရွက်တရွက်ထဲမှာတော့
မင်နီကြက်ခြေခတ်တွေက ငါ့ရဲ့ဖွားဘက်တော်မိတ်ဆွေတွေပဲပေါ့
အခုတော့ ငါ့ဦးနှောက်တွေကလည်း အရင်လိုမသွက်နိုင်ကြတော့ပါဘူး ကောင်မလေးရေ…
ငါ့ဦးနှောက်တွေက လေးလံလွန်းလှတော့
အတွေးဆိုတဲ့သောင်ပြင်ပေါ်မှာ ငါ့စာမျက်နှာကိုကျောက်ချ
အချစ်ဆိုတဲ့ရင်ဘတ်တံခါးမကို ပိတ်ထားခဲ့တာလည်းကြာခဲ့လှပါပြီ ကောင်မလေးရေ….
လောကရဲ့ အချက်ပေးခေါင်းလောင်းသံတွေအောက်မှာ
အမြဲတမ်းလိုလို ခြေတလှမ်းမဟုတ် နောက်တလှမ်းနောက်ကျနေခဲ့တဲ့ ငါဟာ
ဖြတ်သွားဖြတ်လာ ရင်းနှီးကျွမ်းဝင်ခဲ့ရာရောင်စုံကမ္ဘာကို စိတ်အဆာပြေရုံရင်ခုန်ခဲ့ရင်း
စိတ်တချို့ကိုတော့ မြက်ခင်းစိမ်းတနေရာမှာ နေသားတကျဖြန့်ခင်းချတတ်ခဲ့ပါပြီ
ခဏတဖြုတ်ဖြစ်ဖြစ်ပေါ့
ကြည့်လိုက်ဦး….ဒီမှာ..ရင်ဘတ်ထဲ
ရောင်စုံစက္ကူစွန်ကလေးတွေ လေထဲ ပျံဝဲမြောလွင့်နေတဲ့ ညနေခင်းတခု
မင်းရော.စိတ်ရဲ့ကမ္ဘာတခုထဲ လွတ်လပ်တဲ့ကဗျာစွန်တွေနဲ့ ပျံဝဲဦးမလား ကောင်မလေးရေ…..။
Thursday, September 3, 2009
Posted by ဆောင်းယွန်းလ at 6:15 PM
Subscribe to:
Post Comments (Atom)
9 comments:
ဘာတွေမှ လွတ်လပ်လို့ မရနိုင်သေးတဲ့ အခိုက်
ကဗျာစွန်တွေ ပဲ လွတ်လပ်စွာ ၀ဲပျံ နိုင်ပါစေ ကို ဆောင်းယွန်းရေ
ကျမတို့ စိတ်ကူးနဲ့ နှလုံးသားတွေ ဘယ်သူလာပြီး
အုပ်စိုး လို့ ရမှာလဲ
ကျမ တို့ အမှန်တကယ်ပိုင်ဆိုင်တာ ဆိုလို့ အဲဒီ နှလုံးသား တစုံ နဲ့ စိတ်ကူး တွေပဲ ရှိတာ လေ နော်
ကဗျာစွန်လေးတွေ ပျံဝဲကြစို့ရဲ့
လွတ်လပ်တဲ့ ဒီ ဘလော့ဂ် မိုးကောင်းကင်ဆီ မှာ....
ခံစားသွားတယ်အကို တချို့ဟာတွေ နားမလည်ဘူး။
ဘာမှမမြဲတဲ့တရားထဲမှာ အမှားနည်းအောင်နေနိုင်ရင်ပဲ
ဘဝကိုကျေနပ် ဘဝမှာနေတတ် ရဲရဲသေတတ်ရတော့မှာပေါ့ ကောင်မလေးရေ…တဲ့
ကောင်းလိုက်တဲ့ ကဗျာလေးပဲ အစ်ကို ....
သုံးထားတဲ့ စကားလုံးလေးတွေကို နှစ်သက်လိုက်တာ..။
ညီမလေး မွေးနေ့ရောက်တဲ့ အခါ မွေးနေ့လက်ဆောင်ကဗျာလေးတစ်ပုဒ်လောက်ရေးပေးပါလားအစ်ကို ...။
ခင်မင်လေးစားမှုများဖြင့်
နှင်းဟေမာ
စာကြောင်းတိုင်း စာကြောင်းတိုင်း ကောင်းလိုက်တာ အစ်ကိုရေ....
တစ်ပိုဒ်ချင်းစီက ကဗျာတစ်ပုဒ်ပြန်ဖွဲ့လို့တောင် ရတယ် =)
“မင်နီကြက်ခြေခတ်တွေက ငါ့ရဲ့ ဖွားဘက်တော် မိတ်ဆွေတွေပဲပေါ့” ဆိုတဲ့ စာသားကို အရမ်းသဘော
ကျတယ် ကိုဆောင်း၊ ဒီပို့စ်ရဲ့ ရှေ့ပို့စ်တုန်းက ကျနော့် စီဘောက်စ်ထဲ အကိုပေးတဲ့ အတိုင်း ကျနော်လုပ်တယ်၊ ဒါပေမဲ့ ကြည့်လို့ မရဘူး အကို။
အားပေးလျက်ပါ။
စိတ်ကမ္ဘာထဲ
လွတ်လပ်စွာပျံဝဲ
မြဲမြဲမြံ ကဗျာစွန်များ
အားကောင်းမောင်းသန် ။
ကိုဆောင်ယွန်းရေ...ကျနော်လေးတွေလွတ်လွတ်လပ်
လပ်ပျံသန်းနေတာလာကြည့်သွားတယ်ခင်ဗျ....။
ငါ့ဦးနှောက်တွေက လေးလံလွန်းလှတော့
အတွေးဆိုတဲ့သောင်ပြင်ပေါ်မှာ ငါ့စာမျက်နှာကိုကျောက်ချ
အချစ်ဆိုတဲ့ရင်ဘတ်တံခါးမကို ပိတ်ထားခဲ့တာလည်းကြာခဲ့လှပါပြီ ကောင်မလေးရေ….
ကျနော်ကတော့ ဖွင့်ထားတယ်ဗျ။ ဘယ်သူမှ ၀င်မလာတာ:) နောက်တာ။ ကိုဆောင်းကဗျာတွေက အမြဲတမ်းကိုလေးနက်နေတော့တာပဲ..
ဘ၀ ကို ကျေနပ် ဘ၀ မှာနေတတ် ရဲရဲ သေတတ်ရတော့မှာပေါ့ တဲ့...
အတွင်းကြေ ကြေ ပြီး ပြန်သွားတယ် အကိုရေ
Post a Comment