”အတွင်းကြေ”
သူလိုကိုယ်လိုဘဝတွေထဲမှာတောင် ကြပ်ကြပ်တည်းတည်း
ငါတို့ဖယောင်းတိုင်တွေကျမှ မီးတောက်ကမစွဲဘူး
ကံကောင်းခြင်းဆိုတဲ့ ငနဲသားကလည်း
ခေတ်စကားအရပြောရရင် ”ပဲ”သိပ်များတဲ့အကောင်
ဝင်လာရင်ခဏ ထွက်သွားရင်ပြန်ပေါ်မလာ
ပျောက်ချက်က ဘာမြူဒါမှာစုံးစုံးမြုပ်တဲ့လိပ်တကောင်လိုမျိုး
ကံဆိုးခြင်းတွေကသာ မိုးမှောင်ခြင်းနဲ့ပေါင်း
ငါတို့ဘဝဂိုးတိုင်တည့်တည့်ကိုမှ တဂိုးပြီးတဂိုးသွင်းထည့်ကြတယ်….
ဒီလိုပါပဲ
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အရောင်မပြောင်တဲ့ နေ့ပေါင်းထောင်ချီဖြတ်သန်း
တောင်ကိုမှန်းပြီးစမ်းလျှောက်နေရတဲ့ခြေထောက်တွေက မြောက်ကိုရောက်နေ
ကိုယ့်ခြေထောက်နဲ့ကိုယ့်လမ်း ပဋိပက္ခဖြစ်နေရတဲ့ဘဝ
ကိုယ့်ရာစုမှာဇောက်ထိုးကျတဲ့ဂျောက်ကမှ တမင်ရွေးပြီးနက်ရတယ်လို့
”အင်း” ဘယ်လို အာမေဋိတ်မျိုးကို ရေရွတ်ရမယ်တောင်မသိ
ဒါနဲ့ပဲ ”တချို့”ဆိုတဲ့တချို့ကို ”မြို့”အမည်ခံတဲ့မြို့တမြို့ကနေ
တိတ်ဆိတ်စွာခြေရာခံကြည့် အကောင်းမြင်ဝါဒနဲ့ဟောဒီလိုသိလိုက်ရတယ်…
တချို့က မမြင်နိုင်တဲ့ ငရဲကိုမကြောက်ကြတော့
ထင်သာမြင်သာတဲ့ငရဲမှာ ကိုယ်ဖော့ပညာနဲ့လမ်းလျှောက်
အဝီဇိကိုဗီဇာမပါပဲ ကမ္ဘာတပတ်ရောက်ကြတယ်….
တချို့က လျှပ်တပြတ်စိတ်ယာဉ်ကို ဘရိတ်မပါပဲမောင်း
ကိုယ်ရည်သွေး လမ်းကြောင်းတွေတောင်းတောင်းပြီး
ဓာတ်ပြားဟောင်းတီးလုံးကြီး လှည်းလုပ်လုပ်စီးကြတယ်…
တချို့က အစာပြေအာရုံကို ကာမဂုဏ်ပန်းကုံးတွေတိတ်တိတ်ခိုးချိတ်
လူရှေ့ရောက်ရင် ဂုဏ်တော်ပုတီးတွေစိတ်စိတ်ပြ
သြကာသနဲ့ဦးသုံးကြိမ်ချပြီး ဘုရားကိုတောင်မျက်လှည့်ပြကြတယ်….
တချို့က ကမ္ဘာမကြေတေးကို မျက်လုံးမှာတံတွေးဆွတ်ရွတ်ဆို
ပါးစပ်အော်စကာအက်ရှင်နဲ့ လက်တမ်းပုံပြင်လုပ်ငိုကြ
ဂိုးမသွင်းပဲခြေထောက်ရိုက်ချိုးတဲ့ ဘောလုံးပွဲကိုပဲဇွဲနဲ့ကန်ကြတယ်….
တချို့က စိတ်မေ့ဆေးကို နှစ်ပြားတပဲစည်းစိမ်နဲ့ရောထိုး
ကိုယ့်ဂိုးကိုယ်သွင်းပြီး အကောင်းဆုံးရွှေတံဆိပ်ဆုကိုယူ
ရာဇမတ်ထူသဲဖြူခင်း ရွှေနားတော်သွင်းသီချင်းတွေနဲ့ အပျင်းဖြေကြတယ်….
တချို့က ဖျာတလိပ်ကိုခေါင်းပေါ်တင် ပွဲခွင်တိုင်းဝင်ခင်း
ကိုယ့်လှေကို သူများတက်နဲ့လှော်နင်းတော့
ဘယ်နေရာပဲရောက်ရောက် မတ်တပ်အိပ်ပျော်လမ်းပျောက်နေကြတယ်…..
စသဖြင့် စသဖြင့်…အဆုံးမရှိသော
မယုံကြည်နိုင်စရာ အကြောင်းအရာများကသာ
ယုံကြည်မှုရင်ဘတ်ဟောင်းထဲထိုးခွဲစိုက် ကျည်ဆံရထားလိုဝုန်းဒိုင်းကျဲဝင်လာခိုက်
စိတ်ကြယ်သီးကိုဖြုတ်လို့ ရင်ဘတ်တောအုပ်ကိုငုံ့ကြည့်လိုက်မိတယ်
ဒီတခါဖြစ်တဲ့ဒဏ်ရာက…အရင်အခါပေါင်းများစွာရလိုက်တဲ့ဒဏ်ရာလိုပဲ…
တဖြည်းဖြည်းနဲ့ ………………………အတွင်းကြေ
တဖြည်းဖြည်းနဲ့ ……………………………………….အတွင်းကြေ
တဖြည်းဖြည်းနဲ့ …………………………………………………....အတွင်းကြေ…။
Saturday, September 5, 2009
Posted by ဆောင်းယွန်းလ at 10:49 PM
Subscribe to:
Post Comments (Atom)
19 comments:
အတွင်းကြေတွေ သိပ်များလာရင်တော့ မကောင်းဘူးနော် အစ်ကို။း)
တပုဒ်လုံး ကြိုက်တယ်။ကူးထားလိုက်ပြီ။
ကဗျာလေး ကောင်းတယ်လို့ ပြောရမှာတောင် အားနာတယ်။စကားလုံးတွေ ပြင်းထန်နာကျင်လွန်းလို့။
..ကိုယ်ရည်သွေး လမ်းကြောင်းတွေတောင်းတောင်းပြီး
ဓာတ်ပြားဟောင်းတီးလုံးကြီး လှည်းလုပ်လုပ်စီးကြတယ်…
စကားလုံးတွေ အရမ်းကောင်းတယ် အစ်ကိုရေ... ကဗျာတွေ ဘယ်လောများများ ဝေါဟာရတွေ ထပ်မသွားတာ တကယ်ချီးကျူးလေးစားပါတယ်။
အကိုရေ တကြောင်းချင်းစီမှာ စိတ်ဒဏ်ရာတွေကို မြင်နေရတယ်။
တကြောင်းချင်းစီမှာ ဘ၀တွေကို တွေ့နေရတယ်။
ဘယ်လိုစိတ်အာရုံတွေနဲ့ ဒီလိုစားလုံးတွေ စုစည်နိင်သလဲ ဆိုတာ အကို့ကဗျာ ဖတ်ပြီးတိုင်း တွေးနေရတဲ့ အတွေးတွေပါပဲ..။
လေးစားပါတယ်အကိုရေ
တကယ်ကောင်းတယ် အရမ်းနှစ်သက်မိတယ်...။
အဲဒီလိုတွေနဲ့ဘဲ အတွင်းကြေ ဒဏ်ရာတွေလည်း များလာခဲ့ပါပေါ့ အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အကိုရေ..အဲဒီလို..တချို့တချို့တွေရဲ့
ဆွဲဆောင်မှုနောက်ကိုပြေးပြေးလိုက်နေရင်း
ငါကိုယ်တိုင်ကလဲတချို့တချို့လူဖြစ်လို့လေ....
စိတ်တွေအတွင်းကြေနေလိုက်တာများ........
အရမ်းကြိုက်တယ်..အကိုရေ....
ကဗျာလာဖတ်သွားတယ် ကိုဆောင်း၊ အားပေးလျက်။
စကားလုံးတွေက ကောင်းတယ်အကိုရေ...
ပါးစပ်အော်စကာအက်ရှင်နဲ့ လက်တမ်းပုံပြင်လုပ်ငိုကြ
ဂိုးမသွင်းပဲခြေထောက်ရိုက်ချိုးတဲ့ ဘောလုံးပွဲကိုပဲဇွဲနဲ့ကန်ကြတယ်….
မိုက်တယ်ဗျာ ...
ဖတ်ရှုပြီး အားပေးသွားပါတယ်။ ဒါပေမယ့် ဘယ်သူ့ကို ပြောထားမှန်းမသိဘူး။ အဲဒီလို ၀င်္ဂ၀ုတ္တိတွေ သိပ်များရင် နားမလည်တော့ဘူး။
ဖွဲ့နွဲ့ပုံ အရမ်းကောင်းတာပဲ....။ပြောင်မြောက်တဲ့
ကဗျာတွေ များစွာရေးသားနိုင်လို့ လေးစားမိပါတယ်......။
ခံစားမှုတွေအရမ်းရင့်ကျက်လာတယ်
ကျေးဇူးပါဗျ။
ကိုယ့်စကား ကိုယ်ပြန်ကြားရသလိုပဲ။ အပိုလိုခေတ်ထဲမှာ မြင်တွေ့နေကြရူခင်းကို တချို့ကောက်ကြောင်းနဲ့ဆွဲပြတဲ့
အတွင်းကြေ စာပန်းချီ ကာတချပ်ကိုလာငတ်သွားတယ်။
စဉ်စားမိလိုက်တာက
” အဘယ်ကောက်ကြောင်းမှာ ငါရောက်ပါလိမ့်”
လေးစားစွာဖြင့်
ကျော်နိုင်
သူလိုကိုယ်လိုဘဝတွေထဲမှာတောင် ကြပ်ကြပ်တည်းတည်း
ငါတို့ဖယောင်းတိုင်တွေကျမှ မီးတောက်ကမစွဲဘူး
ကံကောင်းခြင်းဆိုတဲ့ ငနဲသားကလည်း
ခေတ်စကားအရပြောရရင် ”ပဲ”သိပ်များတဲ့အကောင်
ဝင်လာရင်ခဏ ထွက်သွားရင်ပြန်ပေါ်မလာ
ပျောက်ချက်က ဘာမြူဒါမှာစုံးစုံးမြုပ်တဲ့လိပ်တကောင်လိုမျိုး
ကံဆိုးခြင်းတွေကသာ မိုးမှောင်ခြင်းနဲ့ပေါင်း
ငါတို့ဘဝဂိုးတိုင်တည့်တည့်ကိုမှ တဂိုးပြီးတဂိုးသွင်းထည့်ကြတယ်….
=================
ကိုဆောင်ယွန်းကဗျာကိုဖတ်ပြီးမှဘာပြောရမှန်းမသိတော့ဘူး။
ကျနော်သိသွားတာတစ်ခုကတော့အဲ့လိုအရေးအသားကို
ကျနော်တော်တော်ကြိုက်သွားတယ်ဆိုတာပါပဲဗျာ...။
တော်တော်လေးမိုက်တယ်ဗျာ......။
အစ်ကိုဆောင်းရေ.....
ကဗျာလေးကို ဖတ်ပြီး လေးစားပြီးရင်း လေးစားရင်း မဆုံးနိုင်တော့ဘူး.............
အစ်ကို့ ရင်ဘတ်ထဲက ထွက်ကျနေတဲ့ ကဗျာစကားလုံးတွေနဲ့ အပြိုင်ပဲ......အဟဲခင်မင်လေးစားမှုများဖြင့်
နှင်းဟေမာ
ကိုယ်လည်း
“ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အရောင်မပြောင်တဲ့ နေ့ပေါင်းထောင်ချီဖြတ်သန်း“
နေရတုန်းပဲ...။
ကိုယ်လည်း
“ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အရောင်မပြောင်တဲ့ နေ့ပေါင်းထောင်ချီဖြတ်သန်း“
နေရတုန်းပဲ...။
အတွင်းကြေ၊ အပြင်ကြေနဲ့ ရစရာမရှိတော့ဘူးကွယ်
စကားလုံးတွေကတော့ အံ့မခန်းပဲ ကိုဆောင်း ။ ဖတ်ရတာ စီးစီးပိုင်ပိုင်ရှိတယ် ။အတွင်းမှာတော့ ကြေပြီးရင်းကြေပါပဲဗျာ ။
အယင်လက.....စူးနစ်မှု့များ
ဒီတလတော့ အတွင်းကြေ
လက်ရာပြောင်မြောက်လှတယ်
ရင်ထဲထိရှ ခံစားမိတယ်
ရည်မွန်
ပထမဆုံး တပိုဒ် အရမ်းကြိုက်မိတယ်
ကဗှာတပုဒ်လုံးက ထုံးစံအတိုင်း အင်းနဲ့အားနဲ့
Post a Comment