Saturday, September 12, 2009

”ရောင်စုံဒုက္ခဆေးဆိုးထားတဲ့ နှလုံးသားမြို့ရိုးပေါ်က မီးခိုးတန်းများ”

အမှားနေဝင်ချိန်မရောက်သေးသမျှ
ငါ့အမှန်တွေအားလုံး အမှောင်ထဲမှာပဲပုန်းနေကြရဦးမှာလား လောကကြီးရေ.
ဒီလိုဆိုရင်တော့ ငါ့မီးခိုးတန်းတွေပေါ်မှာငါ့လမ်းကိုငါလျှောက်
ငါ့မီးခိုးတန်းတွေပေါ်မှာပဲ ငါ့လမ်းနဲ့ငါပျောက်နေပါရစေ…..

ကာလအမှားကြီးတခုထဲက ခါးသီးမှုပေါင်းစုံတို့ရေ
အတွင်းကြေသမားကို အပျင်းဖြေကြွေအံများလို ကစားဖို့တွက်
ဟောဒီရင်ဘတ်ထက်ကို နောက်ထပ်သောကခဲတလုံးလောက် ပစ်ပေါက်တင်လိုက်ပါဦးလား
ငါ့နှလုံးသားရဲ့မြို့ရိုးကို ဒုက္ခရောင်ဆေးဆိုးပြီး ခြံစည်းရိုးတခုခတ်
ရောင်စုံဒဏ်ရာဒဏ်ချက် အရှင်လတ်လတ်တွေနဲ့
ကိုယ့်ဘဝကိုကိုယ် လုံခြုံအောင်နေတတ်ခဲ့ချင်လို့ပါ….

ဒီမှာတော့ ငါ့ရဲ့ယာယီခိုလှုံရာ တတိယမြေယာဘုံဟာ
ငါ့ကိုလုံးဝရင်မခုန်စေတဲ့လူမျိုးကွဲတွေရဲ့ ကွန်ဆာဗေးတစ်အစွဲတွေနဲ့ဒေသပါ..

ဒီနေရာမှာ ကိုယ်တိုင်ကဆင်းရဲခြင်းစိုးရိမ်ရေမှတ်အောက်ဆုံးထပ်အလွှာနဲ့
နောက်ကျခြင်းအပူဒီဂရီရဲ့အထက်ဆုံးအမှတ်ကို အမှီရောက်နေပေမယ့်
စိတ်အလံကိုအမြင့်ဆုံးရောက်အောင် လွှင့်ထောင်ထားနိုင်မှ
တော်ရုံနေသားကျနိုင်တဲ့ နေရာတခု
လူမျိုးကွဲတွေရဲ့ အလေးဂရုပြုမှုကိုခံရနိုင်မယ့် နေရာတခုလည်းဖြစ်တယ်…

ဟောဒီနေရာထိုင်ခင်းမှာပဲ
စိတ်လက်မပါတဲ့ဟုတ်ကဲ့ခါးခါးတွေနဲ့ အပြင်းစားညနေခင်းတွေကိုလည်းကျော်ဖြတ်ခဲ့ရ
စိတ်လက်နာတဲ့ဟုတ်ကဲ့ခါးခါးတွေနဲ့ အပြင်းဖျားမနက်ခင်းတွေကိုလည်းဆေးကုသခဲ့ရပေါ့
သောတကမ်းခြေကိုအပမ်းဖြေရွက်တိုက်ဝင်လာတဲ့ သတင်းစကားအမှိုက်တချို့ကိုတော့
ဘယ်နင်းညာလူးလှေနံလိုနားနှစ်ဖက်ပေါ်ကနေ ဖာသိဖာသာလှဲကျင်းထုတ်လို့
စည်းအပြင်ပြတင်းတံခါးတွေကိုဖွင့် တကိုယ်တော်တရားနဲ့ပဲလေလွင့်နေခဲ့မိတော့တယ်….

တမြန်တနေ့ကအကြောင်းတွေလား!
စဉ်းစားရင်းလွဲမှားသွားလိုက် လွဲမှားခြင်းကိုစဉ်းစားလိုက်နဲ့
လွဲမှားခြင်းအမှိုက်တောင်းထဲမှာ ဝါကျင့်ကျင့်ပြက္ခဒိန်အဟောင်းတွေသာစုပုံလာခဲ့ကြ
ခပ်သိမ်းကုန်သောအရာတို့ကိုလည်း ချင့်ပြီးယုံတတ်လာခဲ့ရပေါ့….

မနေ့ကအကြောင်းတွေလား!
ဘယ်ပြပြီးမှညာနဲ့ဝိုက်ချသွားတဲ့ ကမ္ဘာကျော်စီးပွားတွက်လက်ဝှေ့သမားရဲ့
အရှိုက်ကိုတိုက်တဲ့ အငိုက်လက်သီးကစားကွက်တွေအောက်မှာ
ကြိုးဝိုင်းပြင်ကို လွင့်စင်ကျသွားတဲ့အထိ
ကျဆုံးခန်းတွေကိုသာ စိမ်ပြေနပြေကြည့်နေခဲ့ရသလိုပေါ့
ရွာယောင်ပြပြီးမှ အရှေ့ဖက်ကတိမ်လိပ်တွေကိုအနောက်ဖက်မှာမှေးသိပ်
ခပ်မဆိတ်ဇယားကြိတ်ရှုပ်လိုက်တဲ့ အိမ်ပြေးမိုးသားတိမ်လိပ်တအုပ်လိုပါပဲ
စေ့စေတွေ့းကြည့်ခဲ့မိတာတောင် ရေးရေးပေါ်မလာခဲ့တဲ့အကြောင်းတရားရေအိုင်ဟာ
မျှော်လင့်ခြင်းမိုးစက်တပေါက်တလေကိုတောင်မှ မသောက်မြိုမမှီဝဲနိုင်တဲ့အခါ
ကိုယ့်ငရဲကိုကိုယ် အလွမ်းသူရာရည်တချို့နဲ့ ရောချက်ကျိုသောက်ရင်း
ဌာနေငတ်မွတ်မှုဂျောက်တွင်း ပြောင်းပြန်ဇောက်ထိုးဆင်းနေခဲ့ရပေါ့…

တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ခဲ့ပါဘူးလေ
ဒီလိုပါပဲ ပြီးခဲ့တာတွေကပြီးသွားခဲ့သလို
မပြီးသေးတာတွေကလည်း ပြီးသွားခဲ့ကြဖို့ပဲမဟုတ်လား!!
ဖုတ်ဖတ်ခါထခဲ့လိုက်ရ စုပ်သပ်ခါငြီးငြူခဲ့လိုက်ရနဲ့
ဒဏ်ရာတွေကဒဏ်ရာလိုနာတတ်ရုံမျှနဲ့ အဟောင်းပေါ်အသစ်ထပ်တင်
ဆေးဖက်ဝင်စေဖို့လောက်မျှနဲ့ သွေးထွက်ရင်းယဲ့ယဲ့ရှင်သန်နေရတဲ့ကျောက်ရုပ်ဘဝမှာ
အချိန်ဆိုတဲ့ကျိန်စာရထားက လူကိုလှည့်ပတ်လိမ်ခေါက်ပြေးသလောက်
လူကိုယ်တိုင်က ဘူတာအမှားမှာခဏမှေးနားနေရတဲ့ အိမ်ငေးသမားတကောင်မျှသာဖြစ်ခဲ့ရတယ်…

အကြောင်းတရားမမှန်တာတွေအတွက်တော့ ခေါင်းစားမခံခဲ့ပါဘူးလေ
ဦးခေါင်းအပိုတလုံးနဲ့နားရွက်အပိုတစုံကို ကိန်းဂဏန်းကိန်းကြီးခမ်းကြီးတွေထဲမှာနှစ်
နှာခေါင်းမဖော်နိုင်လောက်အောင် ကိုယ့်ကိုကိုယ်ချစ်တတ်နေသူတွေရဲ့အကြောင်းကိုတော့
ကိုယ်ပိုင်ဆင်ခြင်မှုခေါင်းထဲမှာအကြောင်းတရားတခုလုပ် ခေါင်းမရှုပ်စေခဲ့မိပါဘူး….

လက်ရှိဘဝရဲ့ဒီကနေ့အကြောင်းလား!
ဒီကနေ့ဆိုတာကလည်း နေအထွက်ကိုဂဏန်းသစ်တလုံးနဲ့စပြီးဖောက်ခွဲ
နေအဝင်မှာဂဏန်းဟောင်းတလုံးနဲ့အဆုံးသတ်မိုးချုပ် အားလုံးကိုသိမ်းရုတ်သွားရတာပါပဲလေ
မနက်ဖြန်အကြောင်းလား!...ဟင့်အင်း….
တခါမှမစဉ်းစားမိခဲ့ပါဘူး……ဘာထူးတာမှတ်လို့..
စည်းအပြင်ဖက်မှာ ရပ်နေတာပါဆိုမှတော့ဗျာ….အဲဒီလိုလေ အဲဒီလိုပဲပေါ့….

အဲဒီလို.
ပါးစပ်ကပါးစပ်လို ပါးစပ်နေရာပါးစပ်မနေပဲ
ရင်ထဲရှိသမျှစိတ်ကျစကားလုံးတွေကို အချပ်ပိုတရွက်အဖြစ်
ကဗျာသီတဲ့မြစ်ပေါ်မှာ ခပ်ပြစ်ပြစ်အန်ချမိလို့
အဲဒီလို
နေသားကျဒဏ်ရာကဒဏ်ရာလိုငြိမ်သက် ဒဏ်ရာထက်မတ်မတ်မရပ်ပဲ
နေညိုရင် မေးခွန်းသာပိုပိုလာပြီး အဖြေမရှိတဲ့လမ်းအိုထဲ
အားနည်းတဲ့ခြေထောက်နဲ့ စမ်းစမ်းလျှောက်ကြည့်မိတော့
နောက်ကျိမှုအာရုံနွံအိုင်ထဲ အပွဲပွဲမှောက်ကျချော်လဲခဲ့ရသလို…
မာကျောခက်ထန်တဲ့ လောကငရဲတွေကသာ
ကွဲကြေရင်ဘတ်ထဲ အကြိမ်ကြိမ်အဖန်ဖန်နစ်မြုပ်ပျော်ဝင်ကာမည်းနက်
ကိုယ့်စိတ်ရဲ့ဘုံဖျားကိုတော့ ကိုယ်ပိုင်နှလုံးသားနဲ့တိုးရင်းတိုက်ရင်းတက်ခဲ့မိတယ်…

အဲဒီလို…
ရင်ဘတ်ကရင်ဘတ်လို ရင်ဘတ်ထဲမနေပဲ ပြင်ပငရဲကိုခဏခဏထိုးခွဲကြည့်ချင်တော့
အသွင်မကျတဲ့မြင်ကွင်းတချို့တဝတ်ကို ဘဝင်မကျသလိုမြင်ပြင်းကပ်ဆံပင်မွှေးဆူး
ကိုယ့်အတတ်နဲ့ကိုယ်စူးခဲ့ရဖူးတဲ့ ဇာတ်မှာ
ထားရာနေစေရာသွားဗီလိန်အမူးသမားတယောက်အဖြစ် ကိုယ့်ကိုကိုယ်ဘေးဖယ်စွန့်ပစ်
ဘဝနာနာနဲ့ပဲ ကံကြမ္မာရဲ့ပိုင်းဖြတ်ခုတ်ထစ်ခြင်းကိုကျေကျေနပ်နပ်ခံပစ်လိုက်မိတယ်….

ကဲ…နာနေခဲ့ပြီးသားဟောဒီဘဝကြီးရဲ့ နှလုံးသားနှုတ်ခမ်းပါးပေါ်ကို
နောက်ထပ်သောကခဲတလုံးလောက်ပစ်ပေါက်သွင်းလိုက်ပါဦးလား လောကကြီးရေ
ငါ့ဘဝရင်ဘတ်မြို့ရိုးကို ဒဏ်ရာမီးခိုးတွေနဲ့ခိုင်ခံ့အောင် အုတ်မြစ်ချဆေးဆိုးလိုက်ချင်လို့ပါ..။

12 comments:

emayarKhin said...

ကဲ…နာနေခဲ့ပြီးသားဟောဒီဘဝကြီးရဲ့ နှလုံးသားနှုတ်ခမ်းပါးပေါ်ကို
နောက်ထပ်သောကခဲတလုံးလောက်ပစ်ပေါက်သွင်းလိုက်ပါဦးလား လောကကြီးရေ
ငါ့ဘဝရင်ဘတ်မြို့ရိုးကို ဒဏ်ရာမီးခိုးတွေနဲ့ခိုင်ခံ့အောင် အုတ်မြစ်ချဆေးဆိုးလိုက်ချင်လို့ပါ..။

ကဲ..ဟောဒီအဆုံးသတ်ကိုတော့...
အကြိုက်ဆုံးပဲ...အကိုရေ......

မိုးစက်အိမ် said...

ဒဏ်ရာညတွေပျောက် အိမ်မယ်ခါးခါးတွေကိုမှောက်ပြီး
နံနက်ခင်းအာရုံမှာ ရေကြည်တစ်ပေါက် ခပ်ဖြောင်.ဖြောင်.
သောက်သုံးနိုင်ပါစေဗျာ ... အကိုကဗျာထဲက အကြောင်းတွေ ဖတ်ပြီး ခံစားမှုကို ဘာသာပြန်ပြီး ဆုတောင်ပေးသွားပါတယ် ဗျာ ...

ကိုအောင် said...

စာသားတွေ ကောင်းတယ် ကိုဆောင်း၊ ထပ်တလဲလဲ
ရွတ်နေမိတယ်။

အိုင်လွယ်ပန် said...

ဟုတ်ပ အစ်ကိုရေ

ရင်ဘတ်က ရင်ဘတ်လို
ရင်ဘတ်ထဲမနေပဲ
ပြင်ပငရဲ ကို ခဏ ခဏ ထိုးခွဲခဲ့ပေါ့ ။။

Nyein Chan Aung said...

အမှားနေဝင်ချိန်မရောက်သေးသမျှ
ငါ့အမှန်တွေအားလုံး အမှောင်ထဲမှာပဲပုန်းနေကြရဦးမှာလား လောကကြီးရေ.

”ရောင်စုံဒုက္ခဆေးဆိုးထားတဲ့ နှလုံးသားမြို့ရိုးပေါ်က မီးခိုးတန်းများ” ကဗျာဖတ်သွားပါတယ် ကိုဆောင်းရေ..

mgngal said...

ဖတ်ရာ တနင့်တပိုးပဲ ကိုဆောင်း ။အနာတွေ ဒဏ်ရာတွေ ဗရပွနဲ့  ကဗျာမှာ ။

စဉ်းစားရင်းလွဲမှားသွားလိုက် လွဲမှားခြင်းကိုစဉ်းစားလိုက်နဲ့
လွဲမှားခြင်းအမှိုက်တောင်းထဲမှာ ဝါကျင့်ကျင့်ပြက္ခဒိန်အဟောင်းတွေသာစုပုံလာခဲ့ကြ
ခပ်သိမ်းကုန်သောအရာတို့ကိုလည်း ချင့်ပြီးယုံတတ်လာခဲ့ရပေါ့….

အဲဒါတွေပဲ ကျန်ခဲ့တယ် ။ မှန်တယ်ဗျာ ။ ကဗျာကောင်းတွေ အမြဲဖတ်ရလို့ ကျေးဇူး ကိုဆောင်းကြီး ။း)

မမသီရိ said...

အမှားနေဝင်ချိန်မရောက်သေးသမျှ
ကျမတို့အမှန်တွေအားလုံး
အမှောင်ထဲမှာပဲပုန်းနေကြရဦးမှာပါပဲ ကိုဆောင်းယွန်း

သံသရာဆိုတာ လည်နေတာမျိုးမို့
အဲဒီအမှားတွေ နဲ့ မတရားမျုတွေရဲ့ နေ၀င်ချိန်လဲ ရှိလာမှာ အသေအချာပါ

နှင်းဟေမာ said...

ကဗျာလေးကို ဖတ်ပြီး ရင်ထဲမှာ အစ်ကို နဲ့ ထပ်တူ ခံစားလိုက်ရတယ်..................
(((စေ့စေတွေ့းကြည့်ခဲ့မိတာတောင် ရေးရေးပေါ်မလာခဲ့တဲ့အကြောင်းတရားရေအိုင်ဟာ
မျှော်လင့်ခြင်းမိုးစက်တပေါက်တလေကိုတောင်မှ မသောက်မြိုမမှီဝဲနိုင်တဲ့အခါ
ကိုယ့်ငရဲကိုကိုယ် အလွမ်းသူရာရည်တချို့နဲ့ ရောချက်ကျိုသောက်ရင်း
ဌာနေငတ်မွတ်မှုဂျောက်တွင်း ပြောင်းပြန်ဇောက်ထိုးဆင်းနေခဲ့ရပေါ့…)))
အဲဒီ့စာသားလေးရင်ထဲမှာ နာနာကျင်ကျင်တောင် ခံစားလိုက်ရပြန်တယ်......အစ်ကိုဆောင်းရေ.....
ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်....
ခင်မင်လေးစားမှုများဖြင့်
ညီမလေး နှင်း

မယ့်ကိုး said...

ရင်ဘတ်ကရင်ဘတ်လို ရင်ဘတ်ထဲမနေပဲ ပြင်ပငရဲကိုခဏခဏထိုးခွဲကြည့်ချင်တော့
အသွင်မကျတဲ့မြင်ကွင်းတချို့တဝတ်ကို ဘဝင်မကျသလိုမြင်ပြင်းကပ်ဆံပင်မွှေးဆူး
ကိုယ့်အတတ်နဲ့ကိုယ်စူးခဲ့ရဖူးတဲ့ ဇာတ်မှာ
ထားရာနေစေရာသွားဗီလိန်အမူးသမားတယောက်အဖြစ် ကိုယ့်ကိုကိုယ်ဘေးဖယ်စွန့်ပစ်
ဘဝနာနာနဲ့ပဲ ကံကြမ္မာရဲ့ပိုင်းဖြတ်ခုတ်ထစ်ခြင်းကိုကျေကျေနပ်နပ်ခံပစ်လိုက်မိတယ်….

အလင်္ကာအမျိုးမျိုးသုံးပြီး မထစ်ငေါ့ဘ်ဲလှလွန်းတဲ့စာကြောင်းရှည်တွေ...
ပေါင်းစည်းဖွဲ့စပ်ကဗျာ... အရင်လို ပဲ ကြိုက်ပါတယ် ...

Nge Naing said...

"ဒီမှာတော့ ငါ့ရဲ့ယာယီခိုလှုံရာ တတိယမြေယာဘုံဟာ
ငါ့ကိုလုံးဝရင်မခုန်စေတဲ့လူမျိုးကွဲတွေရဲ့ ကွန်ဆာဗေးတစ်အစွဲတွေနဲ့ဒေသပါ.."

ဆိုတာက ကိုယ်ရောက်နေတဲ့ အရပ်နဲ့ ကိုယ်နဲ့ သဟဇာတ မဖြစ်လို့ မပျော်မွေ့တာကို ဆိုလိုတာလား။

Anonymous said...

ဒီနေရာမှာ ကိုယ်တိုင်ကဆင်းရဲခြင်းစိုးရိမ်ရေမှတ်အောက်ဆုံးထပ်အလွှာနဲ့
နောက်ကျခြင်းအပူဒီဂရီရဲ့အထက်ဆုံးအမှတ်ကို အမှီရောက်နေပေမယ့်
စိတ်အလံကိုအမြင့်ဆုံးရောက်အောင် လွှင့်ထောင်ထားနိုင်မှ
တော်ရုံနေသားကျနိုင်တဲ့ နေရာတခု
လူမျိုးကွဲတွေရဲ့ အလေးဂရုပြုမှုကိုခံရနိုင်မယ့် နေရာတခုလည်းဖြစ်တယ်…


မှန်လိုက်တာ အကိုရာ

Anonymous said...

ကဲ…နာနေခဲ့ပြီးသားဟောဒီဘဝကြီးရဲ့ နှလုံးသားနှုတ်ခမ်းပါးပေါ်ကို
နောက်ထပ်သောကခဲတလုံးလောက်ပစ်ပေါက်သွင်းလိုက်ပါဦးလား လောကကြီးရေ
ငါ့ဘဝရင်ဘတ်မြို့ရိုးကို ဒဏ်ရာမီးခိုးတွေနဲ့ခိုင်ခံ့အောင် အုတ်မြစ်ချဆေးဆိုးလိုက်ချင်လို့ပါ..။

ထိထိရှရှ ဟစ်ကြွေးထားလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲလားဗျာ