”ကဗျာလူ ကဗျာကမ်းပါးမှာသောင်တင်နေမိတဲ့ညနေခင်းများ”
ဆောင်းဦးပေါက် ညနေခင်းတွေမှာပဲ….
မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ စိတ်တွေနဲ့
အခု ဒီကဗျာကို ရေးဖြစ်သွားခဲ့ပြန်တယ်
မတွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အတွေးတွေနဲ့
အခု စကားလုံးတချို့ကို တွေးဖြစ်သွားတယ်
မကြည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အသိတွေနဲ့
အခု ဒီကဗျာကို တချက်တွေပြီး ကြည့်မိပြန်တယ်
ပြန်မလှည့်တော့ဘူးဆိုတဲ့ အသိနဲ့ ရှေ့ကိုတည့်တည့် လျှောက်ကြည့်မှပဲ
လျှောက်နေတဲ့ ခြေထောက်တွေက အနောက်ကိုပြန်ရောက်နေကြတယ်
နှုတ်မဆက်တော့ဘူးဆိုတဲ့ အသိတချက်ဝင်ချိန်မှာ
ရုတ်တရက်ပြန်ငဲ့ကြည့်နေမိတာ ဒီလူရဲ့ ပျော့ညံ့ချက်တွေသာဖြစ်မှာပါ…
တချက်ပြန်လှည့်အကြည့်မှာတင် တသက်စာဘဝင်ကို ကိုင်လှုပ်
အရုပ်ကြိုးပျက်ကျသလိုဖြစ်သွားအောင် ဗို့တထောင်ပြင်းအားထန်လို့
သူ့ရဲ့ညှို့ဓာတ်ထဲမှာတင် အပင်ပြန်ပေါက်သွားခဲ့မိတာလည်း ကဗျာ
ဘယ်လိုဖူးစာရေးနတ်ကြောင့်ပါလိမ့်
တစိမ့်စိမ့်တွေးရင်း ရေးမိသွားတာလည်း ကဗျာ
တသိမ့်သိမ့်တုန်နေတဲ့ ရင်ထဲမှာ မှေးဝင်အိပ်စက်နေတာကလည်း ကဗျာ
ကံကြမ္မာရဲ့ ထားရာနေစေရာသွား ဘဝသမားရဲ့ သစ်တပင်မှာ
နွေအကုန် ဆောင်းအဝင် ကဗျာငှက်တွေသာ အိပ်တန်းဝင်နေကြလေရဲ့….
ဆင်းရဲခြင်းအမှောင်မှာ တကြိမ်တခါမှမလာတဲ့ အသပြာမီးပျက်ကြောင့်
တကြိမ်တခါ ပြောင်းလဲခြင်းခရီးထွက်ကြည့်ဖို့ ကြိုးစားမိတဲ့ အတွေးထဲ
ကဗျာသွေးရဲရဲတွေကသာ အကြိမ်ကြိမ်အဖန်ဖန်ပြန်ပြီး စီးဝင်
ငါးစာကို ငါးစာလို မမြင်တတ်သေးချိန်ထိ
ကဗျာကိုတော့ ကဗျာလိုမြင်တတ်တဲ့ အသိရှိနေခဲ့တဲ့
ကဗျာကိုယ် ကဗျာစိတ် ကဗျာနှလုံးသုံးပါးနဲ့ ကဗျာလူဟာ
ကဗျာကမ်းပါးမှာ ဆည်းဆာကို ညတွေက တိုက်စားယူသွားချိန်ထိ
ကဗျာတွေနဲ့ပဲ လွတ်လပ်စွာ သောင်တင်နေမိတော့တယ်…………။
Friday, September 18, 2009
Posted by ဆောင်းယွန်းလ at 9:46 AM
Subscribe to:
Post Comments (Atom)
8 comments:
တကယ် ချစ်နေရင် ကဗျာ ဆိုတာလည်း
ဘဝပါပဲအစ်ကိုရေ ......
ဒါပါပဲ...ရင်ဘတ်တူသူတွေဆိုတာ..ကျွန်တော်လဲ အကို့လိုပဲ... ကဗျာတွေ စပ်နေရရင် ငြိမ်းချမ်းနေတယ်အကိုရေ...။
ကဗျာကိုယ်ကဗျာစိတ် ကဗျာနှလုံးသုံးပါးနဲ့ကဗျာလူဟာ
ကဗျာကမ်းပါးမှာ ဆည်းဆာကိုညတွေကတိုက်စားယူသွားချိန်ထိ
ကဗျာတွေနဲ့ပဲ လွတ်လပ်စွာသောင်တင်နေမိတော့တယ်…………။
ဟုတ်ပါ့ဗျာ ကဗျာလိုလူက ကဗျာနဲ့ပဲ နှစ်ပါးသွားရမှ တင်းတိမ်တတ်ကြတယ် ကျွန်တော်လဲ တူတူပါပဲ
အင်း.. ဘယ်လို ကြောင့်များ
ကဗျာ နဲ့ ဖူးစာ လာဆုံတာပါလိမ့် နော်...
သူ့ရဲ့ညှို့ဓာတ်ထဲမှာတင်
အပင်ပြန်ပေါက်သွားခဲ့မိတာလည်း ကဗျာ ပါပဲ နော်
“တစိမ့်စိမ့်တွေးရင်း ရေးမိသွားတာလည်းကဗျာ
တသိမ့်သိမ့်တုန်နေတဲ့ ရင်ထဲမှာမှေးဝင်အိပ်စက်နေတာကလည်းကဗျာ
ကံကြမ္မာရဲ့ထားရာနေစေရာသွား ဘဝသမားရဲ့သစ်တပင်မှာ
နွေအကုန်ဆောင်းအဝင် ကဗျာငှက်တွေသာအိပ်တန်းဝင်နေကြလေရဲ့….”တဲ့လား
ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကိုဆောင်းရေးတဲ့ ကဗျာလေးတွေတိုင်းရဲ့ အဓိပ္ပါယ်တိုင်းမှာ လေးနက်စွာ ခံစားလို့ရနေခဲ့တာလေ ......။
ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ တစ်ထပ်ထည်းမကျကြတဲ့ နှင်း တို့ ဘ၀တွေမှာ ရင်ထဲကခံစားရသမျှတွေကို လွတ်လပ်စွာမျောချစီးဆင်းခွင့်ပေးတာ အဲဒါလည်း ကဗျာပါပဲ အစ်ကိုဆောင်းရေ........။
ခင်မင်လေးစားမှုများဖြင့်
ညီမလေးနှင်း
မရေးဖူးဆုံးဖြတ်ပြီး ရေးတဲ. ကဗျာကတော.
ကဗျာကမ်းစပ်ထိလာ လာရိုက်ခတ်သွားတယ်ဗျာ
တကယ်.ကို ရိုးရိုးရှင်းရှင်းလေးပါဗျာ ... အားပေး
လျက်ပါ အစ်ကိုရေ ...
ကဗျာကိုတော့ ကဗျာလိုမြင်တတ်တဲ့အသိရှိနေခဲ့တဲ့
ကဗျာကိုယ်ကဗျာစိတ် ကဗျာနှလုံးသုံးပါးနဲ့ကဗျာလူဟာ
ကဗျာကမ်းပါးမှာ ဆည်းဆာကိုညတွေကတိုက်စားယူသွားချိန်ထိ
ကဗျာတွေနဲ့ပဲ လွတ်လပ်စွာသောင်တင်နေမိတော့တယ်…………။
သိပ်အဆိပ်အတောက်ကင်းတဲ့နေရာလေးပေါ့ အကို
အကိုရေ...ဒီကဗျာလေးကို
ဖတ်ပြီးတော့..ကဗျာချစ်တတ်သူ
တယောက်ကိုရှာဖွေတွေ့ရှိသွားခဲ့
ပြန်သလိုပါပဲ...ချစ်စရာကဗျာတွေ
ဆက်လက်ရေးဖွဲ့နိုင်ပါစေ...
Post a Comment