Saturday, September 26, 2009


”တခါတလေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်”


တကယ်ဆိုရင် ကျနော်သီချင်းတွေကို တယောက်တည်း ညည်းလေ့
ညည်းထမရှိတော့တာ ကြာခဲ့ပါပြီ..ငယ်ငယ်တုန်းကတော့ မကြာမကြာ
ဆိုသလို တယောက်တည်း သီချင်း ညည်းလေ့ရှိခဲ့ပါတယ်.
အခုအသက်ကြီးလာတဲ့အချိန်ကျတော့ သီချင်းကိုဖွင့်နားထောင်ရင်း
လိုက်ဆို ညည်းတတ်တဲ့ အချိန်တွေနည်းလာခဲ့သလို သီချင်းမဖွင့်ပဲ
ကိုယ့်ဖာသာကိုယ် တယောက်တည်း စိတ်ကူးပေါက်သလိုမ ညည်းတတ်
တာလည်း ကြာခဲ့ပါပြီ..
ကားထဲမှာ စီဒီဖွင့်ပြီး ကိုယ်ကြိုက်တတ်တဲ့ သီချင်းတချို့ကို နားထောင်
တတ်တာကလွဲရင် ကျန်တဲ့အချိန်တွေဆိုရင် အိမ်မှာတောင်သီချင်းနား
မထောင်ဖြစ်တာ ကြာပါပြီ။
ညီလေးဗညားရှိန်က ”အကိုရေ ကျနော် အကို့ကိုတဂ်ထားတယ်ဗျ.
အချိန်ရရင် ရေးပေးပါဦး” ဆိုလို့သာ ကိုယ်ဘယ်သီချင်းတွေကို ညည်းလေ့
ညည်းထရှိတတ်သလဲဆိုတာကို မနဲပြန်တွေးပြီး ဒီပို့စ်ကိုရေးလိုက်တာပါ.
ဒီအတွက် ညီလေးဗညားရှိန်တယောက် ကျနော့်အပေါ်မှာ နားလည်
ကျေနပ်လိမ့်မယ်လို့လည်း ထင်ပါတယ်။

ညတွေကိုယ်တိုင်က ကျနော့်ကို အိပ်တန်းတက်ခဲ့ကြ
”မိုးလင်းမယ့်ည”တွေက ဘဝကို လမ်းလျှောက်ထွက်ခဲ့ကြ
ဒီဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်ခဲ့ရတာလည်း
ဘဝအလွဲထဲမှာ အဖန်ဖန်အခါခါ မွစာကိုကျဲလို့ပေါ့….

ဘဝက သီချင်းတပုဒ် ညည်းရတာလောက် မလွယ်ကူခဲ့တာတော့ အမှန်ပါပဲ..
ဒီတော့လည်း လူကသာအိပ်နေခဲ့ရပြီး စိတ်တွေအိပ်ရေးပျက်ခဲ့တဲ့ ညတွေက
အဖန်တရာကိုတေလို့ပေါ့.
အဲဒီလို ညမျိုးတွေမှာ အိပ်နေတဲ့ခန္ဒာကိုယ်ပေါ်က စိတ်တွေက ခဏခဏနိုးထလာပြီး
ဆရာစိုင်းခမ်းလိတ်ရဲ့ “မိုးလင်းမယ့်ည”သီချင်းတပုဒ်ကို ခပ်တိုးတိုးလေး

ညည်းထုတ်တတ်ခဲ့ဖူးပါတယ်…

”မိုးလင်းမယ့် ည ဓာတ်ပြားဟောင်း အပ်ကြောင်းထပ်ပြီ မဆန်းတော့ဘူး အချစ်ရေ

မဆန်းတော့ဘူး…တယောထိုးသံလေးတွေ ဟိုအဝေးက ကြားမိတဲ့အခါ
ရမ်းယောင်ပြီး ဘယ်ရင်ခွင်တိုးရမယ်”

ဘဝကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ထုတ်ပစ်ဖို့တွက်
သီချင်းစာသားတို့က နှုတ်ကမထွက်တဲ့အခါ
”နာရီရဲ့ သီချင်း”တပုဒ်ကသာ
ဟင်းလင်းနှလုံးသားထဲ ဗုံးများလိုအခါခါကွဲခဲ့…..


လူဆိုတာက အမြဲတမ်းရုန်းကန်နေရမှ လှုပ်ရှားသွားလာလို့ရနိုင်တဲ့ သတ္တဝါဆိုတော့
ရုန်းကန်ဖို့အခြေအနေမပေးနိုင်ခဲ့တဲ့ အချိန်တွေမှာ တွေ့ကြုံလာတတ်တဲ့
အခက်အခဲတွေကို ပေါ့ပါးသွားစေနိုင်ဖို့အတွက် ဘဝအမောတွေကို
နက်နက်နဲနဲ နာနာကျင်ကျင်နဲ့ သီချင်းတပုဒ်လို အော်ဟစ်ထုတ်ပစ်လိုက်ချင်တဲ့
အခါတွေမှာ…
အခြေအနေ အကြောင်းကြောင်းကြောင့် ဘဝရဲ့သံစဉ်တွေကို နှုတ်ဖျားက သွန်မချနိုင်ခဲ့ပဲ
သွေးသံရဲရဲ နှလုံးသားထဲကနေ စစ်မြေပြင်သုံးဗုံးတွေကို တလုံးပြီးတလုံး ခွဲခဲ့သလိုမျိုးနဲ့
ကိုငှက်ရေးစပ်သီဆိုခဲ့တဲ့ ”နာရီရဲ့ သီချင်း”ကို အကြိမ်ကြိမ်အခါခါ ဆို ညည်းခဲ့မိဖူးပါတယ်။


”လောကမှာ ကိုယ်အသက်ဆက်ဖို့တွက် တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာ

သတိရှိနေ အိုး စွန့်လွှတ်ဖို့အသင့်ပဲ ကိုယ် ရည်ရွယ်တာတွေမဖြစ်သေးလည်း သန့်သန့်
ရှင်းရှင်း နေထိုင်အသက်ရှင်မယ်…လောဘ ဒေါသ မောဟတွေ မီးတောက်တွေ ငြှိမ်းရ
သတ်ရ ခက်ခဲ့ရင် သီချင်းလေးနားစွင့်ဦး နာရီရဲ့ သီချင်း နာရီရဲ့ သီချင်း နာရီရဲ့

သီချင်းလေး အိုး သတိပြုကွယ်”


ပိုက်ဆံတပြားမှမရှိခဲ့တဲ့ ဘဝမှာတောင်
သိက္ခာတောင်ကြီး ပြိုလဲပျက်စီးမှာကို စိုးရိမ်နေမိတုန်း
အမေ့ရဲ့ ဒုက္ခအိုးလေးတလုံးဖြစ်ခဲ့တဲ့ ကျနော်
အိပ်မက်တွေကို အိပ်မက်တွေနဲ့သာ အခါခါထပ်မျှော်နေခဲ့မိ….


မပြေလည်ခြင်းတွေနဲ့ သိက္ခာထပ်ဖို့သက်သက်ပဲ လူဖြစ်လာခဲ့သလား!..
လူ့ဘဝရဲ့ အဓိပ္ပာယ်ကိုယ်တိုင်က မပြေလည်မှုတွေနဲ့ လုံးထွေးသတ်ပုတ်နေရခြင်းလို့
အနက်ထွက်သလား!…မသိသေးဘူး..ကျနော်ကိုယ်တိုင် မသိခဲ့မိသေးပါဘူးလေ..
ခုထိတော့ အမေးရှိလျှက် အဖြေကိုတွက်မထုတ်နိုင်သေးတဲ့ လူ့ဘဝပုစ္ဆာတပုဒ်ထဲမှာ
သိက္ခာနဲ့မာနကို ကိုယ်သိပ်မြတ်နိုး တန်ဘိုးထားတဲ့ အဝတ်ဟောင်းတထည်လို မချွတ်တမ်း
ဝတ်ရင်း အသက်တွေ တနှစ်ပြီးတနှစ်ကြီးပြင်းလာခဲ့တဲ့ ကျနော်ဟာ မကြာမကြာဆိုသလို
”အမေ့ရဲ့ ဒုက္ခအိုးလေး”သီချင်းကို ညည်းတတ်လေ့ရှိခဲ့ပါတယ်…

”အမေ ကျနော့်ကိုစိတ်မပျက်ဘူးလား ဘဝမှာ အကြိမ်ကြိမ် အခါခါရှုံးလည်း
မာနကအကြီးသား ကိုယ်ယုံကြည်ရာ ကိုယ်ဈေးကွက် တင်ရောင်းဖို့ ရှက်နေလို့တဲ့
ပိုက်ဆံတပြားမှ မရှိတယ် သူ သိက္ခာရှိချင်သေးသတဲ့ ကဲ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့”

အမှောင်ဆုံးညနက်တွေရဲ့ ဟိုမှာတဘက်ဟာ
အိပ်မက်အလွန် တဘူတာပေါ့
အိပ်ပျက်ညတွေရဲ့ အဆုံးသတ်နောက်တနေ့
ရင်ခုန်သံတွေနီးစပ်ရတော့မယ့်
ခြောက်သွေ့လွင်ပြင်တွေရဲ့ အဆုံးတနေရာမှာ
ပြာလွင်တဲ့ မိုးကောင်းကင်ကြီးတခုရှိနေမှာ သေချာပါတယ်….


အိပ်မက်ကို ငွေ့ရည်ဖွဲ့ပြီးမှ စိတ်ကူးတွေ ရွာချလိုက်တဲ့ ကောင်းကင်တခုမှာ
ဝင်းလက် တောက်ပနေတဲ့ သက်တန့်ကို မျှော်လင့်ချက်ရယ်လို့ ကင်ပွန်းတပ်လို့
ရနိုင်မလား!…ဒီလိုဆိုရင် အဲဒီ သက်တန့်တွေထဲက ထိုးဖောက်ကျရောက်လာမယ့်
အလင်းရောင်တခုဟာ ကျနော့်ရဲ့ မျှော်လင့်ချက်စစ်စစ်တခုပဲဖြစ်မှာပါ…
ကျနော့်အိပ်မက်ထဲမှာ ကျနော်မျှော်လင့်ထားတဲ့ အလင်းရောင်တခုအတွက်
သီချင်းတပုဒ်ကို ရင်ထဲမှာ အကြိမ်ကြိမ်အခါခါဆိုသလို ရွတ်ဖတ် ညည်းဆိုခဲ့ဖူးပါတယ်…

”အလင်းရောင် သန်းခေါင်ယံ ညနက်ထဲ ကြယ်စင်များလည်း အိပ်မက် အလင်းရောင်
အလင်းရောင် အခါတရာမက်ခဲ့သော ဒဏ်ရာများလည်း အိပ်မက် အလင်းရောင်
အလင်းရောင် မျှော်လင့်ထားရခြင်း ရင်မှာရူးသွပ်ဆဲ အလင်းရောင်
ရင်ခုန်သံတွေနီးစပ်ပါရစေ အချစ်ရေ ဒီကံကြမ္မာ အမှောင်တွေကို ကြောက်ရွံ့နေဆဲ
နေရောင်ခြည်မနက်ခင်းကို ရောက်မယ် အကြင်နာရင်မှာလေ ကိုယ့်ရဲ့လမင်း
အလင်းရောင် သန်းခေါင်ယံ ညနက်ထဲ ကြယ်စင်များလည်း အိပ်မက် အလင်းရောင်”


တိုက်ပွဲတကာ့ တိုက်ပွဲတွေထဲမှာ
အတ္တကိုပြန်တိုက်ရတဲ့ တိုက်ပွဲက အပြင်းထန်ဆုံး
ဘဝတခုလုံး ခင်းကျွေးခဲ့တာတောင် ရှုံးခဲ့တဲ့စစ်ပွဲမှာ
တဘဝစာပြန်ရလိုက်တဲ့ စစ်လျော်ကြေးက
သံသရာရဲ့ ဟိုမှာတဘက်ကို ယူသွားနိုင်ခဲ့မယ့်
တန်ဘိုးမဖြတ်နိုင်ခဲ့သော သံစဉ်တချို့သက်သက်မျှသာ….

ရောင်စုံအတ္တတွေက သိပ်ကိုလှပပြီး မြှုဆွယ်တတ်လွန်းလှတော့ အတ္တတွေထဲမှာ
အခြေတကျ နေထိုင်လာတတ်ခဲ့တာကိုပဲ လူပီသလွန်းတယ်လို့ ဆိုနိုင်မလား!…
မကောင်းမှန်းသိတာကို ဖြတ်တောက်ပစ်ရမယ်ဆိုတာသိနေလျှက်က ဖြတ်တောက်
ပစ်ဖို့အခက်ဆုံးက ကျနော့်ရဲ့ ရောင်စုံအတ္တတွေပါပဲလေ..ဒီရောင်စုံအတ္တတွေကို
နည်းမျိုးစုံနဲ့ ဖြတ်တောက်ပစ်ဖို့ အမျိုးမျိုးလည်း ကြိုးစားခဲ့ဖူးပါတယ်..
ဘဝမှာ အတ္တမရှိရင် လူဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်း
အသေအချာတော့ နားလည်ထားခဲ့မိပါတယ်.
ဒါ့ကြောင့် လူသားပီပီ ကျနော့်ခန္ဒာနဲ့စိတ်တွေကို ရောင်စုံအတ္တကြိုးတချောင်းနဲ့
ချည်နှောင်ထားခဲ့မိတာလည်း ဘဝရဲ့ လက်ရှိအခြေအနေတွေအထိပဲပေါ့…
ဒါပေမယ့် အတ္တတွေကို တတ်နိုင်သလောက် လျှော့ချနိုင်ခဲ့ရင်တော့ အကောင်းဆုံး
ပေါ့လေ…အတ္တတချို့ကို လျှော့ချနိုင်လိုက်ပြီဆိုရင်တော့..
ကိုယ့်အတွက်လည်း ပေါ့ပေါ့ပါးပါးဖြစ်နိုင်သလို စိတ်တွေကို လွတ်လွတ်လပ်
လပ်နဲ့ ကိုယ်သွားလိုရာနေရာကို စေခိုင်းသွားလာနိုင်စေမှာပေါ့….
ဒါကြောင့် အတ္တတွေများနေလို့ ကိုယ့်ကိုကိုယ် မွန်းကျပ်လာတယ်လို့ ခံစားရမိတဲ့
အချိန်တွေကျရင် ဆရာစိုင်းခမ်းလိတ်ရဲ့ ”ကြွက် ခြင်နဲ့ လူတွေရဲ့
အကြောင်း” ဆိုတဲ့ သီချင်းတပုဒ်ကို တိုးတိုးလေး ညည်းဆိုရင်း အတ္တဖြေလျှော့ရေး
သံစဉ်တွေထဲမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လေ့ရှိခဲ့ပါတယ်…


”ကြောင်အိမ်အောက်မှာ ကြွက်ထောင်ချောက်နဲ့ ကြွက်ဖမ်းဖို့ရာ ကြံမလို့လား
သြော် ကြွက်ထက် မင်းပစ္စည်းတွေ ခိုးယူနေတဲ့ သူကိုတောင် ဘာမှမလုပ်နိုင်မှတော့
ကြွက်ကို ချမ်းသာပေးသင့်ပါတယ်..
ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးနဲ့ ခြင်ထွန်းဖို့ရာ ကြံမလို့လား
သြော် ခြင်ထက် မင်းအသွေးအသားတွေ စုပ်ယူနေတဲ့ သူကိုတောင်

ဘာမှမလုပ်နိုင်မှတော့ ခြင်ကို ဘေးမဲ့ပေးသင့်ပါတယ်
မင်းရဲ့ ပျော်ရွှင်မှုကို နေ့စဉ်နေ့တိုင်း ခြိမ်းခြောက်နေတဲ့ သေမင်းကို မင်းတားမြစ်နိုင်မလား
တားမြစ်နိုင်မလား
မင်းရဲ့ ပျိုမြစ်ခြင်းကို တနေ့တခြား တိုက်စားသွားတဲ့ အချိန်ကို မင်းအလွတ်ရုန်းနိုင်မလား
အလွတ်ရုန်းနိုင်မလား
အိုချိန်တန် အို နာချိန်တာ နာ သေချိန်တန် သေကြရမယ့် သူချည်းပါ
သြော် ဒါ ငါ့ပစ္စည်းပဲလို့ သေရင် ယူသွားနိုင်ပါ့မလား
သြော် ဒါ ငါ့အသွေးအသားပဲလို့ သေရင်တောင် အစိုးမရနိုင်ဘူး….”


ချစ်ခြင်းနဲ့တိုက်ရိုက်ဆက်သွယ်တဲ့ နှလုံးသား
တိုက်ဆိုင်မှု ကမ်းပါးပေါ်မှာ ကပ်ငြိတဲ့အခါ
ရည်းစားဦးမျက်နှာ ကဗျာတပုဒ်က
အလွမ်းမုခ်ဦးကို ကာရန်အဖြစ်ဖြန့်ကျက်
သီချင်းအပိုင်းအစတချို့တဝတ် ရင်ဘတ်ထဲကထွက်ခဲ့တယ်….


အချစ်ဆိုတဲ့အရာက ကျနော့်အတွက်တော့ ဆန်းကြယ်တယ်ဆိုတာထက်
ပိုပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုလို့မရနိုင်တဲ့ အရာတခုပါပဲ…….
တိတ်ဆိတ်စွာ လွမ်းနေတတ်ခဲ့ခြင်းဟာ အပြစ်လား!
ဒါကို ကျနော်ကိုယ်တိုင် သေသေချာချာ ဝေခွဲလို့မရခဲ့သေးပါဘူး…
အိမ်ထောင်သည်ဘဝမှာ ကာမပိုင် အမျိုးသမီးတယောက်လုံး ဘေးမှာ
ငုတ်တုတ်ကြီးရှိနေရက်က အတိတ်ကာလတခုတုန်းက အချစ်နဲ့ပတ်သက်ခဲ့ဖူးတဲ့
အပိုင်းအစတွေကို လက်ချိုးရေတွက်နိုင်လောက်တဲ့ တခါတလေတွေမှာ

ကျနော်လွမ်းတတ်ခဲ့ဖူးပါတယ်..
အချစ်နဲ့ပတ်သက်တဲ့ တိုက်ဆိုင်မှုတွေကို တခါတရံဆိုတဲ့ အချိန်တွေမှာ

လွမ်းမောတမ်းတတ်ခြင်းတခုကရော အပြစ်တခုဖြစ်တတ်ပါသလား!…
ဒါလည်း ကျနော်ကိုယ်တိုင် တိတိကျကျအဖြေမထုတ်တတ်ခဲ့သေးပါဘူး….
တခါတရံဆိုတဲ့ တခါတလေတွေမှာ မောင်မောင်ဇော်လတ်ရေးပြီး

ကိုလေးဖြူဆိုတဲ့”စာမျက်နှာ တဆယ့်ငါး”ဆိုတဲ့ သီချင်းကို နှစ်သက်စွာနဲ့
ဆိုညည်းလေ့ရှိတတ်ခဲ့ဟာ အပြစ်ဖြစ်မယ်ဆိုရင်တော့လည်း
အဲဒီအပြစ်တွေအတွက် လောကကြီးကပေးတဲ့ အပြစ်ဒဏ်ကို ကျနော်ရဲရဲကြီး
ခံလိုက်ပါရစေ…။


”အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတကွက် ဒီတကွက် ပိတ်သားထက် အရင်လိုကြည့်မကောင်းပေမယ့်
မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိပေမယ့် တခါတလေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း
အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်ထဲ စဉ်းစားရင်လည်း
သတိရပါတယ်”


ဒီပို့စ်ကိုရေးပြီးတဲ့အချိန်မှာ တခုစဉ်းစားမိတာက တချို့တချို့သော ဘလော်ဂါ
သူငယ်ချင်းညီအကို မောင်နှမတွေရော ဘယ်လိုသီချင်းမျိုးတွေကို ညည်းဆိုလေ့
ရှိကြသလဲဆိုတာကို ကျနော်သိချင်မိပါတယ်။
အပမ်းမကြီးဘူးဆိုရင် ညီအကိုမောင်နှမတချို့ရဲ့ ရင်ထဲကအသံလေးတွေကို
ကြားပါရစေ။

သစ်ကောင်းအိမ် (P: ဇော်ကြီးကို နဲနဲအလုပ်ပေးလိုက်ချင်လို့)
ကိုဂင်ကြီး၊ ကိုအောင်၊ ဒူကဘာ၊ အိုင်လွယ်ပန်၊ ကောင်းကင်ကို
မိုးစက်အိမ်၊ လေပြေ၊ မိုးမြင့်တိမ်၊ မောင်ငယ်၊ စိတ်စမ်းရေ
ကိုငြိမ်းချမ်းအောင်၊ ဖြိုးငယ်၊ လင်းဒီပ၊ ပြည့်စုံ၊ မိုးသွေးငယ်

မနော်၊ ညီမလေး နှင်းဟေမာ၊ မယ်ကိုး၊ အိန္ဒြာ၊ မိုးချိုသင်း၊ မသီရိ
ငယ်နိုင်၊ အမရာ၊ မေ့သမီးလေး၊ ပန်ဒိုရာ၊ မသိင်္ဂါကျော်၊
မအိအိချော၊ မှုးဒါရီ
တို့အားလုံးကို အမှတ်တရအနေနဲ့တဂ်ချင်ပါတယ်။
တချို့လည်း ရေးပြီးသားတွေဖြစ်နေကြလို့ တဂ်တဲ့အထဲမှာ နာမည်မထည့်
တော့ပါဘူး။
အချိန်ရမယ် ရေးဖို့လည်း အဆင်ပြေကြမယ်ဆိုရင် စာရင်းထဲမှာ
ပါတဲ့ ညီအကိုမောင်နှမ အားလုံးကို အမှတ်တရပို့စ်တခုအဖြစ်
ရေးစေချင်ပါတယ်။

23 comments:

မယ့်ကိုး said...

သီချင်းလေးတွေကို ခံစားမှုပြန်ဖွဲ့ထားတာ သဘောကျလိုက်တာ။
အမှတ်တရ တဂ်တဲ့အတွက် ကျေးဇူးပါ အစ်ကို။

ပြာပြာအက်အက် အသံနဲ့ အပြင်မှာ သူများအားနာလို့ သိပ်မညဉ်းတတ်ဘူး
ဒါပေမယ့် စာထဲမှာ ညဉ်းပြပါ့မယ် ။နားသောက မခံရသူတွေအတွက် တနည်းဒုက္ခပေးကြည့်ပါဦးမယ် :P

Nge Naing said...

ကိုဆောင်းယွန်းလကလည်း ကျွန်မ သီချင်းညဉ်းတာ တခါကြားဖူးလို့လား ဒုက္ခပါပဲ။ ဘလော့ဂ်သက်တမ်း ၃ လမပြည့်သေးတဲ့ ဘလော့ဂါ တဦးကို အသိအမှတ်ပြုပြီး စာရင်းသွင်း tag တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ရပ်ကွက် တခုကျော်မှာ လာလုပ်တဲ့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားကိုတောင် သွားမအားလောက်အောင် အလုပ်များနေတော့ မအားသေးပဲ ဖြစ်နေတယ်။ သူများကြားအောင် သီချင်း မညဉ်းဖူးပေမယ့် တယောက်တည်း ရှိတဲ့အချိန်တွေမှာ ညဉ်းတတ်တဲ့ သီချင်းလေးတွေကို အားတဲ့အချိန်မှ ရေးပေးမယ်နော့်။

MANORHARY said...

ဇော်ကြီးကိုတက်ဂ်ပါ... အားနေ အလွမ်းသီချင်းတွေ
ဆိုဆိုနေတာ .. ခုသူရောက်နေတဲ့မြို့ကလူတွေကလည်း
ဆိုမယ် ဆိုတာချည်းပဲဆိုပဲး))
နည်းနည်းမှ အကြောင်းမတိုက်ဆိုင်ရဲဘူး ဆိုတော့တာတဲ့
အဲဒီမြို့မှာဘယ်သူတွေများနေပါလိမ့်နော်း))

Anonymous said...

အကိုရေ ကျွန်တော်ကို ခင်မင်စွာနဲ့ ရေးပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ . . . . သီချင်းလေးတွေ အရမ်းကောင်းတယ် အလင်းရောင်သီချင်းကိုတော့ အရဆုံးပါပဲ . . . . .

Moe Cho Thinn said...

ကိုဆောင်းရေ
စာထဲမှာ ဆိုရတာပဲ၊ တကယ့် ကိုယ့်အသံကို စာဖတ်သူမှ မကြားနိုင်တာမို့ နှိပ်စက်ရာ မကျဘူး ထင်ရတာပဲလေ။
ရေးမှာ.. ရေးအုံးမှာ။ :D
ခဏ စဉ်းစားလိုက်အုံးမယ်။

Moe Myint Tane said...

ဘ၀ကို သီချင်းလေးတွေ ဖွင့်ဆိုချက်လေးတွေနဲ့ ချပြထားတာ လှစ်ပြထားတာလေးတွေ လှတယ်အကို။ အမှတ်တရ တဂ်တဲ့အတွက် ကျေးဇူးတင်ပါတယ်အကို။ ဖြည်းဖြည်းစဉ်းစားပြီး ရေးပေးပါ့မယ်အကို။


စိတ်၏စေရောနာခံလေသော
မိုးမြင့်တိမ်

နှင်းဟေမာ said...

အစ်ကိုဆောင်းရေ...
ညီမလေးလည်း ခုတစ်လော စာတမ်းအတွက် ပြင်ဆင်နေရတာနဲ့ ပို့စ်အသစ်တင်ဖို့ခေါင်းစဉ်ရှာနေတာ
တဂ်တယ်ဆိုတာ ကိုယ့်ကို အမှန်တစ်ကယ် သတိရနဲ့ ခင်မင်သူတွေကသာ တဂ်တာတဲ့....။
အဲဒီ့တော့ သေသေချာချာ အလေးအနက်ထားပြီး ဖြေပေးမယ်နော်.....။
စဉ်းစားနေတာ အသံနဲ့ပ် ကြုံတုန်းနှိပ်စက်လိုက်ရရင်ကောင်းမလားလို့...းp
ခင်မင်လေးစားလျှက်ပါ
ညီမလေး နှင်း

emayarKhin said...

အကိုညည်းနေကျ..သီချင်းလေးတွေ
လာဖတ်သွားတယ်...သီချင်းကိုအရူးအမူး
ဖြစ်တတ်တဲ့သူမို့..ဒီတက်လေးကိုသိပ်
သဘောကျပြီးအမြန်ဆုံးကိုရေးချင်နေမိ
ပါတယ်..အကိုရေ...


ခင်မင်စွာဖြင့်
အမရာ

Unknown said...

အစ်ကိုရေ...

ညည်းဆိုနေကြသီချင်းလေးတွေက အကြိုက်ခြင်းတူနေသလိုပဲ....

အခုလို တကူးတက ရေးပေးဖို့ တဂ်ပေးထားတဲ့အတွက်လည်း ကျေးဇူးပါ...

ခံစားချက်တွေ ပုံဖော်ပေးရမှာပေါ့... သံစဉ်တွေနဲ့အတူပေါ့...

ခင်မင်စွာဖြင့်
ပြည့်စုံ ( ဝေါသားလေး)

မိုးစက်အိမ် said...

အစ်ကိုရေ ကျွန်တော်ကတော. အလင်းရောင် အရဆုံးနားထဲ အစွဲဆုံးပါဘဲဗျာ ... သတိတရ တဂ်ထားတဲ.
အတွက်ကျေးဇူးပါအစ်ကိုရေ ... :)

Anonymous said...

သီချင်းညည်း- လို့ရေးပါတယ်။ အသံထွက်က ညီး လို့ထွက်ရတာမို့ ညကြီးနဲ့သတ်ပါတယ်။ ဉ-ကလေးနဲ့ သတ်ရင် င-သတ်သံထွက်တာမို့ ညင်း လို့အသံထွက်ပါတယ်။
အများအမှတ်မှားမှာစိုး၍ ၀င်ပြောရခြင်းပါ။

ဆောင်းယွန်းလ said...

ဟုတ်ကဲ့ အခုလို အမှားကို ထောက်ပြပေးတဲ့ အမည်မဲ့ကို
ကျေးဇူးတင်ပါတယ်...
မှန်ပါတယ်..”ညည်း”မှ သီချင်းညည်းတာဖြစ်ပါလိမ့်မယ်.
ကျနော်စာလုံးပေါင်း မှားသွားတာဖြစ်ပါတယ်။
နောင်အခါတွေမှာ သတိထားရတာပေါ့ဗျာ။
ကျနော်လည်း စာရေးရင် စာလုံးပေါင်း သတ်ပုံကိုသေသေချာချာ ဂရုစိုက်ပြီးမှ အမှားနဲအောင် ရေးတာပါ။ အခုလို အကြံပေးတဲ့အတွက် ကိုယ့်အားနည်းချက်ကိုယ်သိရတာပေါ့ဗျာ။
ကျေးဇူးတင်ပါတယ်ဗျို့

ဒူကဘာ said...

ဒုက္ခတွေတော့ ရောက်ကုန်ပြီ ထင်ပါတယ်၊ ကိုဆောင်း တဂ်တာက အထင်တကြီးနဲ့ မိုက်ကရိုဖုန်းကြီး အတင်း လာထိုးအပ်သလို ဖြစ်နေတယ်၊ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ မိုက်တွေ့လဲ မိုက် ... ပေါ့ ခဲထားဦးမှ။

Anonymous said...

တိုက်ပွဲတကာ တိုက်ပွဲထဲမှာ အတ္တကို ပြန်တိုက်ရတဲ့
တိုက်ပွဲက အပြင်းထန်ဆုံး ဆိုတာ ကို ကြိုက်တယ်ဗျို့ 
နာရီရဲ့  သီချင်း နဲ့ အလင်းရောင် သီချင်း ကိုလည်း
ကြိုက်ပါတယ်....ကဗျာရေး ကောင်းယုံမကဘူး ....အက်ဆေးရေးတော့လည်း ကောင်းနေပါရောလား...

mie nge

ကိုအောင် said...

ကိုဆောင်းရေ စာလာဖတ်သွားပါတယ်၊ အကို့တဂ်ကို
အချိန်ရရင် ရေးပါ့မယ်၊ နည်းနည်းတော့ စောင့်ပါအုံး
အကိုရေ၊ ခင်မင်လျက်။

mgngal said...

ကိုဆောင်းရေးတာကျ ဖတ်လို့ ကောင်းသားဗျ ။ ကျနော်က အဲလိုရေးတတ်ဘူးဗျ ။ ဘယ်လိုရေးရမလဲ ညဉ်းနေကျသီချင်းများ ဆိုပြီးခေါင်းစဉ်တွေ ချရေးရမလိုဖြစ်နေပြီ ။း) ညဉ်းနေကျသီချင်းတွေကတော့
အိုင်စီက ထွက်သမျှ သီချင်းတွေ အကုန်ပဲဗျိုး ။ ကြိုက်တာလာ ရနေတော့တာ ။ အဲဒီတော့ တက်ပို စ့်လေးရေးဖို့ က ခက်နေတော့ကာ ။ ကိုဆောင်း ခွင့်လွှတ်ဗျာ ။ နော့ ။ တချို့ ကိစ္စလေးတွေလည်း ရှိနေတော့ ဘလော့ဘက်မလှည့်နိုင်သေးတာကြောင့်ရောပါ ။

Anonymous said...

ကိုဆောင်းယွန်းက အဆိုတော်နီးပါး အသံကောင်းတော့ သီချင်းငြီး လဲ ဘေးနားမှာ မျက်စိမှိတ် နားစွင့်ပြီးအားပေးနေချငိသူတွေ ရှိမှာ

အင်း.. ဘာပြောပြော ရေးပေးပါ့မယ်လေ
ကိုယ်တိုင်လဲ ရေချိုးခန်း အဆိုတော် ဖြစ်ခဲ့သေးတာပဲ..း)

ခင်မင်သော

မမသီရိ

အိုင်လွယ်ပန် said...

အရောက် နောက်ကျသွားတယ် :)
ကိုဆောင်းယွန်းရဲ့ ကိုယ်ပိုင်သံစဉ်တွေ က
နားထောင်လို့ကောင်းတယ်ဗျ ...
ကျွန်တော်က မရေးတတ် မဆိုတတ် ဆိုတော့ ကာ
ဂွ ပဲ :)
အဲ ... ဒါပေမယ့်
စာထဲမှာပဲဆိုတော့ ကာ ဆိုပြရသေးတာပေါ့ အစ်ကိုရေ :)

ကောင်းသောနေ့ပါဗျာ :)

Mhu Darye said...

ကိုဆောင်းရေ.. လာမယ် ကြာမယ်နော်။ စိတ်တော့ မရှိပါနဲ့။း)

Kaung Kin Ko said...

အကိုရေ ကျနော်စရေးနေပြီဗျ။

pandora said...

သတိတရ တက်ဂ်ထားတာ ကျေးဇူးပဲ။
ရေးပါ့မယ် ခဏတော့စောင့်နော် :)

အိအိချောကလျာ said...

ကျေးဇူးအထူးတင်ပါတယ် အစ်ကိုရေ တဂ်ထားတာကို အခုမှတွေရတော့တယ်၊ ညည်းမိတဲ့သီချင်းကတော့ (အတွေးလေးထဲ ကြိတ်ရူး) ဆိုတာပဲဖြစ်တယ်။

Mhu Darye said...

ရေးမယ် ရေးမယ်နဲ့ ...နောက်တခေါက် အကို့ ပိုစ့်ကို ပြန်လာဖတ်တာပါ... အကို့လို အချက်ကျကျ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် မရေးတတ်ဘူး ဖြစ်နေတယ်. ပိုဆိုးတာက..တချို့ သီချင်းတွေဆို ဘာလို့ကြိုက်မိ ညည်းဆိုမိမှန်းတောင် မသိဘူး အကိုရ... ကဲ ဘယ်လို လုပ်ရပါ့? :D