Thursday, October 22, 2009

”အင်ဒီယာနာရဲ့ ဆောင်းလေထန်ကုန်းမှာ”
အပြင်ဘက်မှာ
ဆောင်းက..
ငါ့အရေပြားကို
အေးစက်စွာ စိုက်ပျိုးမယ့်ပုံစံမျိုးနဲ့
သူ့ရဲ့ သူစိမ်းဆန်ဆန်လေပြင်းတွေကို
တီးတိုးခြွေနေတဲ့ပုံများ
အိမ်တွင်းက င့ါအရေပြားနဲ့တောင်
အတိုင်းသားကြားနေရတယ်…

နွေဦးပေါက်တုန်းက
ငါ့ဆီ တခေါက်ရောက်လာခဲ့ကြဖူးတဲ့
စိတ်ကူးစိတ်သန်းများ
အခုတော့လည်း
အငွေ့ပျံတက်သွားတဲ့
မိုးမီးခိုးတန်းတွေလို…
ငါ့ရင်ဘတ်ကို ရှိုက်ယူရင်း
ပြီးတော့..ပြန်မှုတ်ထုတ်ရင်း
ဆောင်းရဲ့ သက်ပြင်းတွေကသာ
ဘဝကို ခြေချော်နင်းနေခဲ့ကြ…..

အပ်နှစ်ချောင်းရဲ့ ထိစပ်မှုမှာ
ဆောင်းအခါခါ
နွေအခေါက်ခေါက်
မိုးတဖြောက်ဖြောက်ကျခဲ့ဖူးပေမယ့်….
နောက်ဆက်တွဲဖြစ်ရပ်များရဲ့
ပိတ်ကားအဖွင့်ဟာ
ရှေးဟောင်းနှောင်းဖြစ်တွေရဲ့
နေဝင်မိုးချုပ် ဇာတ်ထုတ်တခုဖြစ်မှန်း
လမ်းခပ်ကြမ်းကြမ်းကို ဖြတ်မိမှ
ဘဝသုံးဆစ်ချိုးအရွယ်
လေးဆယ်ဆိုတဲ့
လူသားတယောက်ရဲ့ အသိနဲ့
ရင်ခုန်သံစာအုပ်ကို ပြန်ထုတ်ဖတ်မိခဲ့တယ်….

ကောင်မလေးရေ..
ဈေးတွေခေါင်ခိုက်နေသလို
အတွေးတွေကသာ
ခေါင်ခိုက်နေကြရင် သိပ်ကောင်းမှာပဲ
ခုတော့…အတွေးတွေက မှောင်မိုက်
ဆောင်းက ငါ့ကိုအိပ်ငိုက်နေပြန်ပေါ့
နင်နဲ့ ပြန်ဆုံဖို့ရက်အတွက်…
ငါ့အတွေးတွေက နက်နေရတုန်း
အင်ဒီယာနာရဲ့ ဆောင်းလေထန်ကုန်းမှာ…..။

18 comments:

မိုးမြင့်အောင် said...

ကြိုက်တယ်ဗျာ
နောက်ဆက်တွဲဖြစ်ရပ်များရဲ့
ပိတ်ကားအဖွင့်ဟာ
ရှေ့ ဟောင်းနှောင်းဖြစ်တွေရဲ့
နေဝင်မိုးချုပ် ဇာတ်ထုတ်တခုဖြစ်မှန်း
လမ်းခပ်ကြမ်းကြမ်းကိုဖြတ်မိမှ
ဘဝသုံးဆစ်ချိုးအရွယ်
လေးဆယ်ဆိုတဲ့
လူသားတယောက်ရဲ့အသိနဲ့ 
ရင်ခုန်သံစာအုပ်ကို ပြန်ထုတ်ဖတ်မိခဲ့တယ်

ရင်ခုန်သံဆိုတာ အသစ်တွေဖြစ်တိုင် ခုန်နှုန်းကပိုမြန်တယ်ကိုယ့်ဆရာရေ
အဟောင်းတွေကခုန်ရတာ မအီမလည်နဲ့ 
၄၀ဆယ်မှာခုန်တာပိုပြီး ခါးသက်သက်လေး ပိုနေရင်လည်းမျှဝေပေးပါဦး

ဆောင်းယွန်းလ said...

မျှတော့မျှမလို့ပဲ...မင်းမှာများနေတယ်ကြားလို့ မမျှဖြစ်တာပါ...ချိုကြီးရေ

ဒဏ္ဍာရီ said...

အကိုရဲ့ ကဗျာလေးကို ခံစားရင်း နွေ၊မိုး၊ဆောင်း ရာသီတွေနဲ့အတူ လူ့ဘ၀ရဲ့ အသက်အရွယ် ရင်ခုန်သံတွေဟာ ဘယ်တော့မှ ဟောင်းမသွားဘူးဆိုတာ နားလည်သွားတယ်။ အတွေးနက်နက်မှာ အိပ်မက်လှလှ မက်ပါစေရှင်။

ခင်မင်လေးစားလျှက်

Nyein Chan Aung said...

ကောင်မလေးရေ..
ဈေးတွေခေါင်ခိုက်နေသလို
အတွေးတွေကသာ
ခေါင်ခိုက်နေကြရင် သိပ်ကောင်းမှာပဲ
ခုတော့…အတွေးတွေက မှောင်မိုက်

နင်နဲ့ ပြန်ဆုံဖို့ရက်အတွက်…
ငါ့အတွေးတွေက နက်နေရတုန်း

ကြိုက်တယ်ဗျာ။ ဈေးတွေခေါင်ခိုက်နေသလို
အတွေးတွေသာ ခေါင်ခိုက်နေကြရင်.. တကယ်ကောင်းမှာပဲ။ ခုနောက်ပိုင်းအမြဲမရောက်လို့ ခွင့်လွှတ်ပါကိုဆောင်းရေ..။ တဂ်အတွက်ရေးတာနောက်ကျသွားတဲ့အတွက်ရောပေါ့။လူမအားစိတ်မအားဖြစ်နေလို့ဗျာနော်။

Anonymous said...

တခါတရံမှာ တစိမ်းဆံစွာ နေတတ်တဲ့ အင်ဒီယာနာရဲ့ အမှတ်မရှိတဲ့ဆောင်းကို မုန်းသွားအောင်လုပ်လိုက်နဲ့ လေ....
.. ဒုတိယအရွယ်၏ ပထမဝေဒနာ... ရင်ခုန်သံကိုလာဖတ်သွားတယ်.....

လေးစားစွာဖြင့်

ကျော်နိုင်

Nge Naing said...

အသက် ၄၀ မှ ဘ၀ကို စတယ်လို့ ယူဆရင် အလွမ်းတွေနဲ့ မစနဲ့လေ။ သမုဒယတွေကို အတိတ်မှာထားခဲ့လိုက် ပျော်စရာ အားတက်စရာတွေနဲ့ စမှ အဓိပ္ပါယ်ရှိမှာပေါ့။

နှင်းဟေမာ said...

အရမ်းချမ်းနေတဲ့ အင်ဒီယာနာ
ဆောင်းလေထန်ကုန်းက ခံစားချက်ကဗျာလေးတစ်ပုဒ်ကို
စင်္ကာပူနိုင်ငံ ရဲ့ပူပြင်းတဲ့ ရာသီဥတုတွေကို အံတုနေရတဲ့ ကမ္ဘာ့တစ်ဘက်ခြားကနေ လာရောက်ခံစား ဖတ်ရှုသွားပါတယ် ....း)
အားပေးလျှက်ပါအစ်ကိုရေ...
ညီမလေး နှင်း

ရွှေရတုမှတ်တမ်း said...

Ft Wayne ကိုလာပြီး...ကိုဆောင်း ရဲ့ တတိယ အရွယ် ၏
ဒွါဒဿမ ဝေဒနာ ကို လေထန်ကုန်း ကနေထိုင်ကြည့် ချင်ပါရဲ့ဗျာ.......း))

သိင်္ဂါကျော် said...

လာတော့မယ့် ဆောင်းနဲ့ လိုက်ဖက်တဲ့ ကဗျာလေးပဲ...
အင်ဒီယာနာရဲ့ ဆောင်းလေထန်ကုန်းကို ကောင်မလေး လာပါ့မလား....

ကိုချစ်ဖေ said...

ကိုချိုတူးရေ.
အင်ဒီယာနာရဲ့လေထန်ကုန်းမှာ.
ကျနော်တို့ တခါခါတော့..အေးအေးလူလူ
ကဗျာတွေရွတ်.သီချင်းတွေနားထောင်ရင်း
အနုပညာနဲ့ဆောင်းကိုအန်တုကြရအောင်..

အိုင်လွယ်ပန် said...

ကဗျာခံစားသွားတယ်အစ်ကို ..
ကောင်းသောနေ့ပါဗျာ ..။။

Anonymous said...

ဝေဒနာတွေကိုတော့မကြေငြာခြင်တော့ဘူး
ဆောင်းယွန်းလရဲ့အင်ဒီယာနာရဲ့ဆောင်းလေထန်ကုန်းမှာ...ကဗျာကိုဖတ်ပြီး အင်ဒီယာနာကိုအလွမ်းပိုနေမိတယ်

ရည်မွန်

မမသီရိ said...

လမ်းခပ်ကြမ်းကြမ်းကို ဖြတ်မိမှ
ဘဝသုံးဆစ်ချိုးအရွယ်
လေးဆယ်ဆိုတဲ့
လူသားတယောက်ရဲ့ အသိနဲ့
ရင်ခုန်သံစာအုပ်ကို ပြန်ထုတ်ဖတ်မိခဲ့တယ်….
...
...
အင်း...
ရင်ခုန်သံ ဆိုတာ နှလုံးသားတွေ ခုန်နေသရွေ့
ရှိနေတတ်တဲ့ အရာမျိုး ထင်ပါရဲ့

emayarKhin said...

ဟား...အကိုဆောင်းရေ..မိုက်လှချည်လား...
ကဗျာကအပြင်းစားလေး...

မယ့်ကိုး said...

ကောင်မလေးရေ..
ဈေးတွေခေါင်ခိုက်နေသလို
အတွေးတွေကသာ
ခေါင်ခိုက်နေကြရင် သိပ်ကောင်းမှာပဲ

ဒီစကားလေး ကြိုက်လိုက်တာ။

ကောင်မလေးရေ လို့ ခေါ်သံလေးက နှင်းစိုစွတ်လို့
လွမ်းဆွတ်နာကျင်ဖွယ်

မိုးစက်အိမ် said...

ခေါင်းစဉ်ကစလှနေတော့တာဘဲဗျာ . . . ခံစားချက်က
အရမ်းတော့မပြင်းဘူး ပြတ်ရှရှလေးပါဘဲ :)

ကိုအောင် said...

ဒီကဗျာက စာသားတွေက အရင်ကဗျာတွေထက်
တော်တော်နုသွားသလို ခံစားရတယ်၊ ကောင်းတယ်
အကို အားပေးလျက်ပါ။
ခင်မင်လျက် ...

ကဗျာဦး said...

အပြင်းစားကဗျာတပုဒ်ပါပဲ
ကြိုက်တယ်