Saturday, October 31, 2009

”ပေါက်ကွဲမှုအပိုင်းအစအနများ (၁)”

လတ်တလောနေ့တွေမှာ….
ပစ္စုပ္ပန်ကို ကျေနပ်စွာနေထိုင်ကြည့်ဖို့အတွက်
အနာဂတ်နဲ့ စိတ်ချင်းပေါင်းသင်းဆက်ဆံမှုကို
ယာယီအားဖြင့် ဗီဇာပိတ်ခံထားရတယ်…

စိတ်ရထားရဲ့ ခေါင်းတွဲမှာ
အပြောင်းအလဲများတဲ့ လောကဓံအလံကိုလွှင့်ရင်း
ကျဉ်းထဲကြပ်ထဲက ဘဝမှာတောင်
အံသေအောင်ကြိတ်ထားဖူးခဲ့သူရဲ့ အတိတ်ကတော့
ရနံ့သေနေတဲ့ နှစ်ပရိစ္ဆေဒအိပ်မက်ဟောင်းတွေနဲ့အပြိုင်
လွမ်းလောက်စရာ ဒိုင်ယာရီစာမျက်နှာတွေထဲ
မင်နီသွေးစက်တွေရဲလို့ပေါ့….

တည့်တည့်မနေနိုင်သေးသမျှ
ပစ္စုပ္ပန်စာမေးပွဲကျရှုံးနေသူရဲ့ ဘဝမှာ
ကိုယ့်ကြမ္မာကိုယ် အခါခါမောင်းတင်နေရရင်း
အဟောင်းအမြင်း ဖတ်စာတပုဒ်ကို
မကြာမကြာပြန်လှန်ကြည့်တတ်သူ့ရဲ့
ကောင်းကင်နံရံထက်
၂၁နှစ်စာ ပန်းချီကားတချပ်ကလွဲပြီး ဘာမှမရှိခဲ့
၂၁နှစ်စာ ကဗျာတပုဒ်ကလွဲပြီး ဘာမှမရှိခဲ့…..

တရံရောအခါတွေကို..
မသိလိုက်မသိဖာသာမေ့နေလိုက်ဖို့ ကြိုးစားမိတိုင်း
ခိုးစားတဲ့ဝိုင်းတွေနဲ့ချည့် ထိပ်တိုက်ကြုံခဲ့ရလို့
ဗီဇကို အလေးလံဆုံးအရာဝတ္ထုတခု ဆွဲချည်ခံထားရသလို
ငါ့ကဗျာတွေကလည်း အရင်လိုမချိုနိုင်ကြတော့ဘူး…

အပျင်းမပြေတဲ့ သတင်းပဒေသာကို
မကြားချင်…နားမထောင်ချင်လို့
၂၁နှစ်စာ ရေဒီယိုခလုတ်ကိုပိတ်
နားကို တုံဏှိဘာဝေမှိတ်ထားပေမယ့်
အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားကို
မရိုးမသား ခိုးပြီးစားနေတဲ့သူတွေရဲ့
အာခံတွင်းနက်နက်တွေကထွက်နေသမျှ ကာလပတ်လုံး
အငုံစိတ်ကို သေနတ်ပြောင်းဝမှာချိတ်ထားရသလိုပဲ
ငါ့ကဗျာတွေရင်ကကွဲထွက် ကြိုးစင်ထိအရောက်တက်ချင်တယ်…..

ခဏပြင် ခဏပြောင်း
အာဏာနဲ့သေနတ်ပြောင်းဝမှာတည်တဲ့ ဥပဒေသတွေနဲ့
ကြွက်ခြင်ယင်ပေါ နာဂစ်အလောင်းတွေမြောနေတဲ့ တိုင်းပြည်မှာ
မကြာခင်ကပြတော့မယ့် ၂၀၁၀မျောက်ကပွဲကို
ကဗျာသေနတ်နဲ့အတွဲလိုက်ဆွဲပြီးမှ ဖောက်ခွဲလို့မရနိုင်ရင်
အရှေ့အလယ်ပိုင်းက ဆူဆိုက်ဗုံမာတွေငှားပြီးဖောက်ခွဲပစ်ချင်တယ်….။

10 comments:

ရွှေရတုမှတ်တမ်း said...

ကိုဆောင်းလို ပေါက်ကွဲမပြတတ်လို့သာ..
ကျနော့်ရင်ထဲမှာ ပေါက်ကွဲမှုပေါင်းများလှပြီ..

Anonymous said...

တည့်တည့်မနေနိုင်သေးသမျှ
ပစ္စုပ္ပန်စာမေးပွဲကျရှုံးနေသူရဲ့ ဘဝမှာ
ကိုယ့်ကြမ္မာကိုယ် အခါခါမောင်းတင်နေရရင်း
အဟောင်းအမြင်း ဖတ်စာတပုဒ်ကို
မကြာမကြာပြန်လှန်ကြည့်တတ်သူ့ရဲ့
ကောင်းကင်နံရံထက်
၂၁နှစ်စာ ပန်းချီကားတချပ်ကလွဲပြီး ဘာမှမရှိခဲ့
၂၁နှစ်စာ ကဗျာတပုဒ်ကလွဲပြီး ဘာမှမရှိခဲ့…..


ကောင်းလိုက်တဲ့ စာသားတွေ

မိုးစက်အိမ် said...

ဗီဇကို အလေးလံဆုံးအရာဝတ္ထုတခု ဆွဲချည်ခံထားရသလို
ငါ့ကဗျာတွေကလည်း အရင်လိုမချိုနိုင်ကြတော့ဘူး…
ဒါတွေဟာ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ဆိုရင်တောင် ဖြစ်ရပ်
မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာ အသေအချာပါဘဲ :)

ဒဏ္ဍာရီ said...

အကို့ရင်ထဲက ခံစားချက်တွေနဲ့ သီကုံးထားတဲ့ ကဗျာလေးက လက်စောင်းထက်လှပါတယ်။ ရင်ထဲက ခံစားမှုတွေကိုပါ ဖောက်ထွင်းမြင်လိုက်ရတယ်အကို။

အပျင်းမပြေတဲ့ သတင်းပဒေသာကို
မကြားချင်…နားမထောင်ချင်လို့
၂၁နှစ်စာ ရေဒီယိုခလုတ်ကိုပိတ်
နားကို တုံဏှိဘာဝေမှိတ်ထားပေမယ့်
အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားကို
မရိုးမသား ခိုးပြီးစားနေတဲ့သူတွေရဲ့
အာခံတွင်းနက်နက်တွေကထွက်နေသမျှ ကာလပတ်လုံး
အငုံစိတ်ကို သေနတ်ပြောင်းဝမှာချိတ်ထားရသလိုပဲ
ငါ့ကဗျာတွေရင်ကကွဲထွက် ကြိုးစင်ထိအရောက်တက်ချင်တယ်…..

ဒဏ္ဍာရီ အနှစ်သက်ဆုံး ကဗျာတပုဒ်ရဲက အနှစ်ချုပ်လို့ ထင်တဲ့ ဒီအပိုဒ်လေးကို ကူးသွားပါတယ်နော်။ ခွင့်ပြုပါ အကို။

ခင်မင်လေးစားလျှက်

မိုးအိမ့်ဖြူ said...

ကောင်းလိုက်တဲ့ ရင်တွင်းပေါက်ကွဲချက် .....။

Unknown said...

အစ်ကိုဆောင်းရေ...
သူများတွေ ကမ္ဘာပျက်နေတဲ့ အချိန်မှာ အစ်ကိုလဲ ကဗျာတွေနဲ့ အားရ ပါးရပေါက်ကွဲပစ်လိုက်ပါ
နောက်ထပ် ပေါက်ကွဲလာဦးမယ့် အခန်းဆက် အစအနတွေကိုပါ မျှော်လင့်လျှက်ပါ
ညီမလေး နှင်းဟေမာ

မမသီရိ said...

နောက်မှာ ကျန်နေခဲ့တဲံ မိသားစုတွေ ဘာမှ မဖြစ်တာ သေခြာရင်.. သူတို့ အတွက် တခုခု လုပ်ပေးနိုင်မယ် ဆိုရင်.. မြန်မာပြည်မှာလဲ ဗုံမာ တွေ ရှိမှာပါ

emayarKhin said...

အပိုင်းအစတချို့ကောက်ယူ
သွားတယ်အကိုရေ.......

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ အစ်ကိုရာ။

ကဗျာဦး said...

မကြာခင်ကပြတော့မယ့် ၂၀၁၀မျောက်ကပွဲကို
ကဗျာသေနတ်နဲ့အတွဲလိုက်ဆွဲပြီးမှ ဖောက်ခွဲလို့မရနိုင်ရင်
အရှေ့အလယ်ပိုင်းက ဆူဆိုက်ဗုံမာတွေငှားပြီးဖောက်ခွဲပစ်ချင်တယ်….။

ဗုံးတွေရရင် ကဗျာဦးကို ခေါ်နော်
အစ်ကိုဆောင်းယွန်းလ