”ပေါက်ကွဲမှုအပိုင်းအစအနများ (၂)”
အသားအရောင်ခွဲခြားတတ်တဲ့ ကံကြမ္မာက
ဘဝကို သူ့ရဲ့ဆောက်ချက်ပြင်းပြင်းနဲ့နှဲ့ခဲ့လို့
ပစ္စည်းမဲ့ဘဝက တိတိပပရွဲ့ခဲ့ရတယ်…
နေပူပူမှာ ဒူးတွေပွန်းခဲ့ရတယ်
ခြုံထူထူမှာ တတောင်တွေပဲ့ခဲ့ရတယ်
ကျည်ဆံထူထူယမ်းခိုးအူတဲ့ တောနဲ့တောင်တန်းတွေမှာ
မိခင်တချို့ရဲ့နှလုံးသားတွေကို ဖဲ့ခြွေပေးခဲ့ရတယ်….
တနေ့နေ့မှာပြန်လာခဲ့မယ်လို့ ပြောဖူးခဲ့ပေမယ့်…..
ဒီကနေ့ထိအောင်
ကိုယ့်အရိပ်ကိုယ်မိအောင်မဖမ်းနိုင်ခဲ့သေးဘူး….
လွမ်းလောက်စရာအားလုံးကို
တနေ့သုံးကြိမ်လောက် စားသုံးခဲ့ရဖူးပြီး
သောကကို သေရည်လိုနှစ်ချြိက်စွာသောက်သုံးခဲ့ဖူးသူဟာ
ဒဏ်ရာကဖေးကို ညတိုင်းဝင်သောက်
လေထဲတိုက်အိမ်ဆောက်နေခဲ့မိလို့
ခုချိန်ထိ…ဘယ်ကိုမှမရောက်တတ်သေးဘူး..
တောကြီးမျက်မည်းထဲမှာ သရဲမကြောက်ခဲ့တဲ့
တောတွင်းလက်နက်ကိုင် သူပုန်တယောက်
မြို့ပြရောက်မှ သရဲကိုရင်တုန်အောင်ကြောက်ခဲ့ရ
လေလှိုင်းပေါ်ကသရဲတွေ
ကမ္ဘာခုန်အောင်ခြောက်တဲ့ ညတွေမှာဆိုရင်….
အဖက်ဖက်ကချွတ်ခြုံကျနေရတဲ့ နေ့တွေထဲမှာ
စိတ်ဓာတ်ကိုချွတ်ခြုံမကျအောင်
ရဲဆေးတင်နေရသလို…
အမျိုးသမီးတဦးရဲ့ ကျန်းမာခြင်းသတင်းကို
မပြတ်နာခံနေရရင်း….
ရဲဘော်ရဲဘက်တချို့ရဲ့ ကျန်းမာခြင်းသတင်းကို
မပြတ်နာခံနေရရင်း….
လက်ရှိနေ့ရက်တွေအထိ
လွတ်မြောက်ရေးတံခါးက ဆွဲစေ့ခံထားရတုန်းပဲ
လောင်မြိုက်ခြင်းက
ငါတို့ခေါင်တည့်တည့်ကိုမှ ရွေးပြီးနေရာချရတယ်လို့….
အခြေအနေအကြောင်းကြောင်းအရ…
ကမ္ဘာမြေခြောက်သွေ့ခြင်း သီချင်းစာသားကို
ဗမာပြည်ဂျောက်ကျခြင်းသံစဉ်နဲ့ တွဲဖက်သီဆိုနေရတုန်းပဲ….
လက်တလောနေ့ရက်တွေအထိ
အမျိုးသားအလံကို တိုင်တဝတ်တိတိလွှင့်ထားနေရတုန်းမို့
အခုကျင့်နေရတဲ့ ကိုယ်တိုင်ရေးသံစဉ်သီချင်းတပုဒ်အတွက်
သံစဉ်ရောစာသားပါ အသစ်စက်စက်ဖြစ်နေဖို့လိုတယ်……...။
Thursday, November 5, 2009
Posted by ဆောင်းယွန်းလ at 10:55 PM
Subscribe to:
Post Comments (Atom)
12 comments:
အေးချမ်းမှုတွေနဲ့အတူ ချစ်တဲ့တိုင်းပြည်လေးမှာ
လှပတဲ့ အနာဂတ်တွေနဲ့ နေချင်ပါတယ် အကိုရယ်...
အမျိုးသားအလံကို တိုင်ထိပ်မှာ လွှင့်ထူနိုင်မယ့် နေ့ရက်တွေ အမြန်ရောက်ရှိလာပါစေလို့ အကို့ကဗျာလေးကို ခံစားပြီး ဆန္ဒပြုမိပါတယ်။
ခင်မင်လေးစားလျှက်
ပေါက်ကွဲမှု အပိုင်းအစတွေကလည်း နည်းနည်း ပြင်းနေပါလား...
သိင်္ဂါကျော်
နှင်းတို့ချစ်တဲ့ မိခင်ကြီးရဲ့ရင်ခွင်ထဲမှာ အတူမွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ မောင်နှစ်မ တစ်တွေ အားလုံး ပျော်ရွှင်စွာနဲ့
လူ့ဘ၀ရဲ့ မသေခင်အချိန်လေးမှာတော့ အတူပြန်ဆုံခွင့်ရချင်သေးပါရဲ့ အစ်ကို ...
ညီမလေး နှင်းဟေမာ
ရဲဘော်ရဲဘက်တချို့ရဲ့ ကျန်းမာခြင်းသတင်းကို
မပြတ်နာခံနေရရင်း….
လက်ရှိနေ့ရက်တွေအထိ
လွတ်မြောက်ရေးတံခါးက ဆွဲစေ့ခံထားရတုန်းပဲ
လောင်မြိုက်ခြင်းက
ငါတို့ခေါင်တည့်တည့်ကိုမှ ရွေးပြီးနေရာချရတယ်လို့….
ကိုဆောင်းရေ..
တောကြီးမျက်မည်းထဲမှာ သရဲမကြောက်ခဲ့တဲ့
တောတွင်းလက်နက်ကိုင် သူပုန်တယောက်
မြို့ပြရောက်မှ သရဲကိုရင်တုန်အောင်ကြောက်ခဲ့ရ
လေလှိုင်းပေါ်ကသရဲတွေ
ကမ္ဘာခုန်အောင်ခြောက်တဲ့ ညတွေမှာဆိုရင်….
အရမ်းကိုထိရောက်ပြီးပြင်းထန်တဲ့ ဗုံးတွေနဲ့ ပစ်ခွဲနေပါလား
ဒဏ်ရာကဖေးကို ညတိုင်းဝင်သောက်
ဒဏ်ရာကဖေးဆိုင်
ဒဏ်ရာ..ကဖေး..
ခံစား..သွားတယ်..အကိုရေ..
ကိုကြီးရေ ခံစားချက်ဆိုတာ လက်တွေ့ဘ၀ရဲ့ရိုက်ခတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတာပဲ။ အဲဒီခံစားချက်တွေကို ခံနိုင်ရည်အပြည့် (သို့) အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့ ကိုယ့်ဘက်ကို အထူးကြိုးစားရမှာပေါ့။
အောက်ဆုံးပိုဒ်က စာသားတွေ အရမ်းသဘောကျတယ်
အကို။
အင်တာနက်ခေတ်မှာအဲဒီသရဲက ၂၄ နာရီခြောက်တယ်၊မောင်ဆောင်းရေ
ခဏနေ
သရဲအကဲခတ်တွေ ပေါ်လာဦးမယ်၊
အသစ်စက်စက် သံစဉ်စာသားတွေအတွက် လွတ်လပ်တဲ့ နှလုံးသားဝိညာဉ် အသက်ဝင်လာဖို့...။
ကမ္ဘာမြေခြောက်သွေ့ခြင်း သီချင်းစာသားကို
ဗမာပြည်ဂျောက်ကျခြင်းသံစဉ်နဲ့ တွဲဖက်သီဆိုနေရတုန်းပဲ….
အဲဒီစာသားလေးဖတ်တော့ ရင်ထဲမှာ တမျိုးဖြစ်သွားရ တယ်။မင်နီတား ထားတဲ့စာစုကို ထပ်ဝိုင်းပြလိုက်သလို ပါပဲ ကိုယ့်အမိမြေအတွက် လှိုက်ခနဲ ၀မ်းနည်းသွား
မိတယ်...။စာပေရဲ့ အင်အားဆိုတာ ဒါနဲ့ တူပါရဲ့
မိခင်တွေရဲ့ ကြွေခဲ့တဲ့ နှလုံးသားတွေ ဘာနဲ့ အစားထိုးရမလဲ
Post a Comment