Monday, November 9, 2009

”ရာနှုန်းပြည့်ရွာပြီး ကောင်းကင်ပြည့်အောင်သာစေချင်တယ်…..”

လွတ်လပ်မှုကို ကော်ဖီတခွက်နဲ့ဒူးနှံ့သောက်ပြီး
စီးကရက်တလိပ်နဲ့ ခါးထောက်ဖွာနိုင်တဲ့ဘဝမျိုးမှာ
မလွတ်လပ်သူတွေအတွက်
တမနက်စာလောက် ငတ်မွတ်ကြည့်ခဲ့ကြဖူးသလား…..

လူဆိုတာ မေ့လျော့တတ်တဲ့သတ္တဝါလို့ဆိုတဲ့
အကောင်းဆုံးဆင်ခြေတခုကို
အဟောင်းဆုံးဆိုင်က ဝယ်လာခဲ့ချိန်မှာ
ငါတို့အားလုံး ထမင်းဘယ်နှစ်နပ်စာလောက်စားခဲ့ကြပြီးပြီလဲ….

အမှားကို မှန်တယ်ပြောလိုက်
အမှန်ကို မှားတယ်ပြောလိုက်နဲ့….
ကိုယ့်မျက်လုံးကိုယ် မစ္ဖျရိယဓားနဲ့ထိုးဖောက်လိုက်ကြ..
သူများနားရွက်ကို မုသာဝါဒတံတွေးတွေဆွတ်လိုက်ကြနဲ့..
ဝါးတားတားအနာဂတ်ကို
ရေးတေးတေးပစ္စုပ္ပန်မျက်လုံးတွေနဲ့
ဘဝမိုးချုပ်ချိန်အထိ ထိုင်ကြည့်နေကြမှာလား…
အိပ်မရတဲ့သံစဉ်အသေတွေကို
တရေးနိုးတိုင်းထထဆိုတဲ့ သီချင်းတပုဒ်လို
တယောအိုထိုးနေကြမှာလား…

မက်လုံးတွေကို အမှောင်မှာထုတ်လှန်းပြီး
တယောက်နဲ့တယောက် ခွေပတ်ရမ်းနေကြတဲ့
လမ်းအသေ လမ်းအပျက်တွေပေါ်မှာ
လေကြီးမိုးကြီးတွေ ရွာချနေကြဦးမှာလား…

အမှောင်စွပ်ထားတဲ့
ညမျက်နှာဖုံးကို ဆွဲခွာချွတ်ကြဖို့
အလင်းကိုယ်ယောင်ဖျောက်ထားတဲ့
နေ့မဲကြီးတွေထဲက ခုန်ထွက်ကြဖို့
ကိုယ် စိတ် နှလုံးသုံးပါး ညီညွတ်ရေးဟာ
အကြိမ်ကြိမ်အခါခါပြန်ရစ်နေရတဲ့
တမျိုးသားလုံးဆိုင်ရာ ဓာတ်ပြားဟောင်းကြီးတချပ်လိုပါပဲ…

ဖာသိဖာသာကိုယ်ပိုင်ထွက်ပေါက်ရှာမှုတွေအတွက်
မနက်ဖြန်ရဲ့သမိုင်းက
သင်ခန်းစာတပုဒ်အဖြစ် အရောင်ခပ်မှိုင်းမှိုင်းသုတ်မပစ်ခင်မှာ
ညီညွတ်ရေးကို ကိုယ်တိုင်သင်ကြားနိုင်မှ
မှားခဲ့ဖူးသမျှအဆိပ်အတောက်တွေကို ထွေးအန်ချနိုင်ကြမယ်….

အသွေးအသားတောင်းဆိုမှုထက်
တမျိုးသားလုံးတောင်းဆိုချက်က ဒီရေလိုမြင့်တက်နေချိန်မှာ
သွေးကိုသွေးနဲ့ရင်း သွေးချင်းနီးတတ်ကြဖို့အတွက်
ရင်ထဲရှိသမျှကို မီးကူးထွန်းညှိလိုက်ကြရအောင်….

ခေတ်ဟောင်းတေးတပုဒ်ကို
တကျော့ပြီးတကျော့ အထပ်ထပ်ဆိုနေခဲ့ရလို့
စကားလုံးအချပ်ပိုတွေနဲ့ မောနေရတဲ့
ကာလမွဲ ခေတ်မျက်မည်းကြီးထဲမှာ
”ငါ”ဂါထာတွေကို တတ်နိုင်သလောက်ဖျောက်နိုင်မှ..
ချော်လဲကျနေတဲ့ညီညွတ်ရေးကို ဆွဲထူကူမနိုင်ကြမယ်…

စတေးခဲ့သူတွေအတွက် တဘဝလုံးစာနဲ့လဲနိုင်မှ …
ရှင်သန်ကျန်ရစ်သူတွေရဲ့ ပေးဆပ်မှုစာတရွက်ချင်းစီပေါ်မှာ
စာမျက်နှာခပ်များများကို ခရီးရောက်တဲ့အထိ
ကိုယ့်ဘဝကိုယ်တင်ရေးကြည့်ခဲ့ကြနိုင်မှ
ဇာတ်သိမ်းလှတဲ့ ဇာတ်လမ်းတပုဒ်ကို
မျိုးဆက်သစ်ရုံမှာ အကောင်းဆုံးပွဲထုတ်နိုင်လိမ့်မယ်……။

12 comments:

ဒဏ္ဍာရီ said...

ဘ၀နဲ့ရင်းပြီး စတေးခဲ့သူတွေအတွက် လှပတဲ့ အနာဂတ်နဲ့ အေးမြတဲ့ ရောင်ခြည်ကိုတော့ တနေ့မှာ ခံစားရမှာပါ အကို။

ခင်မင်လေးစားလျှက်

ကိုချစ်ဖေ said...

ကိုဆောင်းယွန်းလရယ် ဒီလိုပါပဲဗျာ.ညီညွတ်ရေးအိပ်မက် မက်ရင်း ရန်ထဖြစ်နေကြရတုန်းဗျာ.
ရန်မဖြစ်ကြသူတွေခြင်းလည်း ထဲထဲဝင်ဝင် မညီညွတ်နိုင်ကြပြန်ဘူး.
လွတ်လပ်မှုကို ကော်ဖီတခွက်နဲ့ ဒူးနှံသောက်ပြီးစီးကရက်တလိပ် ခါးထောက်ဖွာနိုင်တဲ့ ဘ၀မျိုးမှာ မလွတ်လပ်သူတွေအတွက်လည်း တမနက်စာလောက် စီးကရက်တဗူးစာလောက်တောင် ကျနော်တို့ မညီညွတ်ကြပြန်ဘူးဗျာ..ကိုယ့်ကိုကိုယ်လည်းမသတီပါဘူး.

နှင်းဟေမာ said...

ကဗျာလေးက ကောင်းလိုက်တာအစ်ကို
“အမှားကို မှန်တယ်ပြောလိုက်
အမှန်ကို မှားတယ်ပြောလိုက်နဲ့….
ကိုယ့်မျက်လုံးကိုယ် မစ္ဖျရိယဓားနဲ့ထိုးဖောက်လိုက်ကြ..
သူများနားရွက်ကို မုသာဝါဒတံတွေးတွေဆွတ်လိုက်ကြနဲ့..
ဝါးတားတားအနာဂတ်ကို
ရေးတေးတေးပစ္စုပ္ပန်မျက်လုံးတွေနဲ့
ဘဝမိုးချုပ်ချိန်အထိ ထိုင်ကြည့်နေကြမှာလား…
အိပ်မရတဲ့သံစဉ်အသေတွေကို
တရေးနိုးတိုင်းထထဆိုတဲ့ သီချင်းတပုဒ်လို
တယောအိုထိုးနေကြမှာလား…” ဆိုတဲ့ အပိုဒ်လေးကို အကြိုက်ဆုံးပဲ ။
ညီမလေးနှင်း

Anonymous said...

မစၹ်ရိယ ဆုိတာဘာကုိ ဆုိလုိတာလဲ kc2.?

ဟူတ္တယ္ဗ်ာ။ ကိုယ့်ဖာသာကိုအန်ချနေကြတာ အဆိပ်လဲပါရဲ့ သွေးလဲပါရဲ့။ ခရီးရောက်ချင်ရင်တော့ ကဗျာဆရာပြောသလိုပဲ
"မျိုးဆက်သစ်ရုံမှာ အကောင်းဆုံးပွဲထုတ်နိုင်လိမ့်မယ်……။


လေးစားစွာဖြင့်

ကျော်နိုင်

ကိုအောင် said...

အကို့ကဗျာထဲက ဆိုလိုချင်တာတွေ အရမ်းကောင်းပါ
တယ် အကို။

အိုင်လွယ်ပန် said...

ပြောချင်တာတွေ တင်းကျပ်လာရင်
ကဗျာတွေဟာ
အင်အားပြည့်လာတတ်တယ် အစ်ကို ...။။

ကောင်းသောနေ့ပါဗျာ ...။။

tin min htet said...

ပြောချင်တာတွေ နီးစပ်ပါတယ်။ ကျွန်တော် ပြောမပြတတ်ဖူး ဖြစ်နေတာတွေ ဖတ်လိုက်ရလို့ ကျေးဇူးပါပဲ။

မမသီရိ said...

အင်အားပြည့်ကဗျာ တပုဒ် အတွက် ကျေးဇူးပါ ကိုဆောင်ယွန်း

ကျော်သက် said...

အောင်မလေးကဗျာဆြာ
တယ်ဆော်သကိုး
အော်တတ်တဲ့သူရှိမှဆော်ရကျိုးနပ်တယ်ဗျ
လူတွေအရေထူနေတယ်
ညီညွတ်ရေးဆိုတာပီကေ၀ါးနေသလိုဘဲလေ
မလိုတဲ့အချိန်မှာထွေးထုတ်ကြတာဘဲမဟုတ်လား
ဘာဘဲဖြစ်ဖြစ်ကောင်းပါတယ်
ဒီကဗျာကိုပြောတာ

ဝေလင်း said...

အစ်ကိုရေ ကျွန်တော်က ကဗျာတွေကို သိပ်မန့်လေ့မရှိဘူး။ အထူးသဖြင့် ကဗျာကောင်းတွေဆို ပိုလို့ မမန့်ရဲဘူး..။
ဒီကဗျာလေးကိုတော့ မရဲတရဲ ၀င်မန့်ပါတယ်။
ဖြစ်နေတဲ့အခြေအနေကို စကားလုံးထိထိမိမိနဲ့ ဖတ်တဲ့သူရဲ့ ရင်ထဲကို ဆိုလိုချက်ကို အရအမိ ထည့်ပေးနိုင်တယ်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ဆီစီးကူးဖို့ဆိုတာ တကယ်တော့မလွယ်ပါဘူး။ ကြားခံတစ်ခုကနေဆို ပိုခက်ပါသေးတယ်။ ဒီကဗျာလေးကတော့ ရော့ ဒါငါ့ခံစားချက်ဆိုပြီး စကားလုံးတွေနဲ့ ရောက်အောင်ပို့ပေးနိုင်တယ်လို့ခံစားရတယ်။ ကျေးဇူးပါအစ်ကို။ အစ်ကို့ကဗျာတွေဖတ်တိုင်း တစ်ခုမဟုတ်တစ်ခုတော့ ကျန်ခဲ့တာချည်းပဲ

ဝေလင်း said...

အစ်ကိုရေ ကျွန်တော်က ကဗျာတွေကို သိပ်မန့်လေ့မရှိဘူး။ အထူးသဖြင့် ကဗျာကောင်းတွေဆို ပိုလို့ မမန့်ရဲဘူး..။
ဒီကဗျာလေးကိုတော့ မရဲတရဲ ၀င်မန့်ပါတယ်။
ဖြစ်နေတဲ့အခြေအနေကို စကားလုံးထိထိမိမိနဲ့ ဖတ်တဲ့သူရဲ့ ရင်ထဲကို ဆိုလိုချက်ကို အရအမိ ထည့်ပေးနိုင်တယ်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ဆီစီးကူးဖို့ဆိုတာ တကယ်တော့မလွယ်ပါဘူး။ ကြားခံတစ်ခုကနေဆို ပိုခက်ပါသေးတယ်။ ဒီကဗျာလေးကတော့ ရော့ ဒါငါ့ခံစားချက်ဆိုပြီး စကားလုံးတွေနဲ့ ရောက်အောင်ပို့ပေးနိုင်တယ်လို့ခံစားရတယ်။ ကျေးဇူးပါအစ်ကို။ အစ်ကို့ကဗျာတွေဖတ်တိုင်း တစ်ခုမဟုတ်တစ်ခုတော့ ကျန်ခဲ့တာချည်းပဲ

ဝေလင်း said...

ကလစ်နျစ်ချက်နှိပ်မိလို့ ထပ်သွားတယ်။ ခွင့်လွတ်ပါ။ ဖျက်ပစ်လို့ရပါတယ်။