Friday, January 1, 2010

”မျက်နှာမသစ်ရသေးတဲ့ မပျော်တေးကဗျာ”

တငွေ့ငွေ့ ကြီးရင့်ခြင်းကို
တရွေ့ရွေ့သီးပွင့်ပေးတဲ့ အချိန်က
ပင်လယ်ရဲ့ ဒီရေနဲ့မခြား
နုပျိုခြင်း ကမ်းပါးကို တမြေ့မြေ့ တိုက်စားသွားခဲ့တယ်..

ကိန်းဂဏန်းတွေသာ
ရေကြည်ရာ မြက်နုရာကို
တကွေ့ပြီးတကွေ့ တနေ့ပြီးတနေ့ ပြောင်းရွှေ့သွားခဲ့ကြတယ်…

မပြောင်းလဲခြင်းတွေက
ခြေရာ လက်ရာမပျက် နေထွက်ပြီး
မပြောင်းလဲခြင်းတွေပဲ
တနေဝင်လို့ နောက်တမိုး ထပ်ချုပ်သွားခဲ့တယ်…

အခြေမကျနိုင်သေးတဲ့ ကံကြမ္မာကတော့
အမေအရိုက်ကို ခံနေရတဲ့
မှောင်မိုက်ထဲက မဂျာအေးလို
တဝါပြီးတဝါဆိုလို့ ရွာလယ်မှာ ရွာလည်ပြီး ငိုပွဲကြီးနွှဲနေတုန်းပဲ…

ရာသီမုန့်လုံးပေါ်မှာ
ပြုန်းတီးသွားခဲ့ရတဲ့ ဆန္ဒစက္ကူတွေက
တရွက်ပြီးတရွက်
ပြီးတော့….တထပ်ပြီး တထပ်
အိပ်မက်တိမ်တွေပေါ်မှာ ဆောက်မိခဲ့တဲ့ တိုက်အိမ်တွေလိုပေါ့…

မျက်ခြေမပြတ်တမ်း ကပ်လိုက်လာတဲ့
ဇရာ(ခ) အိုမင်းခြင်းက
တရက်ပြီးတရက် နီးကပ်လာခဲ့ပေမယ့်
အဆုံးသတ်စေချင်တဲ့ ဇာတ်လမ်းတပုဒ်က
ဟိုသီချင်း တပုဒ်ထဲကလို…
လူသားတွေ မျက်ရည်ဝဲနေရတဲ့ လွမ်းခန်းမှာ တဝဲလည်လည်….

ဘယ်ထုံးနဲ့ နှလုံးမူရမလဲ!!
အဖြူအမဲ သဲသဲကွဲကွဲ သိပြီးနေချိန်ထိ
ချိန်ခွင်လျာက မှားတဲ့ဖက်မှာ ငြိနေတုန်းပဲ
အမှောင်က နှစ်သစ်ရဲ့ တံခါးတွေကိုပိတ်ပြီး
ရာစုမျက်မည်းကြီးတွေနဲ့ တိုးတိုးတိတ်တိတ် အိပ်မွေ့ချထားတုန်းပဲ….

နှစ်သစ်ကို
ဝစ်လစ်စလစ် လွတ်လပ်ခြင်း သံစဉ်တွေနဲ့
မပျော်တေးဖွဲ့ဆို ကြိုနေရဦးမှာလား!!!
ခေါင်းစားတဲ့ အကြောင်းတရားတွေထဲ
အကျိုးတရားကလည်း မျက်နှာလွှဲခဲပစ်မို့
၂၀၁၀ကို ဘယ်လိုပုံနဲ့ မျက်နှာသစ် နှုတ်ဆက်ရမယ်မသိ…
ပေါ်ပြူလာ ပျော်ပျော်တေးတွေကတော့
တကိုယ်ရေ လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ ကာရန်ညှိနေကြတယ်….။

(မျက်နှာမသစ်ရသေးသော ဤကဗျာအား ၂၀၀၉ ဒီဇင်ဘာ ၃၁ရက်နေ့ နေ့လည် ၁နာရီ ၃၀မိနစ်တွင် အဆုံးသတ်ရေးဖွဲ့ပါသည်။)

19 comments:

မိုးစက်အိမ် said...

ဘယ်ထုံးနဲ့ နှလုံးမူရမလဲ!!
အဖြူအမဲ သဲသဲကွဲကွဲ သိပြီးနေချိန်ထိ
ချိန်ခွင်လျာက မှားတဲ့ဖက်မှာ ငြိနေတုန်းပဲ
အမှောင်က နှစ်သစ်ရဲ့ တံခါးတွေကိုပိတ်ပြီး
ရာစုမျက်မည်းကြီးတွေနဲ့ တိုးတိုးတိတ်တိတ် အိပ်မွေ့ချထားတုန်းပဲ….

ပြီးဆုံးခဲ့ တဲ့  ဆုံးရှုံးခဲ့ သမျှ အရာတွေဟာ ၂၀၀၉ မှာ
ကျန်ခဲ့ ပြီး နှစ်သစ်ကူး ၂၀၁၀ မှာ ကောင်းခြင်းအဖြာ
ဖြာ ပြည့်စုံပါစေသားလို့ ဆုတောင်းပါတယ် အစ်ကိုရေ

အိုင်လွယ်ပန် said...

ကဗျာဖတ်သွားပါတယ် ..
ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေအစ်ကို :)

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..

အနှစ်ပြည့်ဝ လှပတဲ့ကဗျာလေးကို ရင်ဘတ်လေးနဲ့ လာဖတ်သွားပါတယ်..း)

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

တငွေ့ငွေ့ ကြီးရင့်ခြင်းကို
တရွေ့ရွေ့သီးပွင့်ပေးတဲ့ အချိန်က
ပင်လယ်ရဲ့ ဒီရေနဲ့မခြား
နုပျိုခြင်း ကမ်းပါးကို တမြေ့မြေ့ တိုက်စားသွားခဲ့တယ်..


ကြိုက်တယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

Anonymous said...

ရာသီမုန့်လုံးပေါ်မှာ
ပြုန်းတီးသွားခဲ့ရတဲ့ ဆန္ဒစက္ကူတွေက
တရွက်ပြီးတရွက်
ပြီးတော့….တထပ်ပြီး တထပ်
အိပ်မက်တိမ်တွေပေါ်မှာ ဆောက်မိခဲ့တဲ့ တိုက်အိမ်တွေလိုပေါ့…

အကိုရေ ကောင်းချက် . . . .

မယ့်ကိုး said...

ကဗျာတစ်ပုဒ်လုံးကောင်းလို့ ဘယ်စကားလုံးအကြိုက်ဆုံးလဲတောင် မရှာနိုင်တော့ဘူး။
အရာအားလုံး ကိုယ်နဲ့ ထပ်တူကျနေတယ်။

ပြုန်းတီးသွားခဲ့ရတဲ့ ဆန္ဒစက္ကူတွေက
တရွက်ပြီးတရွက်
ပြီးတော့….တထပ်ပြီး တထပ်
အိပ်မက်တိမ်တွေပေါ်မှာ ဆောက်မိခဲ့တဲ့ တိုက်အိမ်တွေလိုပေါ့…

ဘယ်ထုံးနဲ့ နှလုံးမူရမှန်း မသိပေမယ့် ဒီလိုပဲ ရှေ့ဆက်သွားနေရတာ။

Anonymous said...

ပျော်သည် ဖြစ်စေ မပျော်သည်ဖြစ်စေ အချိန်ရထားကြီးကတော့ ၁၀စုနှစ် အသစ်တခုဆီသို့ အချိန်မပျက် တရစပ် ဦးတည်ခုတ်နေမြဲ.........
အားလုံးအဆင်ပြေကြပါစေ
လေးစားစွာဖြင့်
ကန

tin min htet said...

ပျော်ပျော်တေးတွေကို မပျော်လည်းဆို ပျော်လည်းဆို ..

ဒဏ္ဍာရီ said...

အကိုရေ... ဖော်ပြလို့မရနိုင်တဲ့ အတွေးတွေနဲ့ ကဗျာလေးကို ထပ်တူခံစားနားလည်သွားတယ်။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...။

ခင်မင်လေးစားလျှက်

Unknown said...

ဘယ်နေရာကောင်းတယ်လို့ပြောမရအောင်
တပုဒ်လုံးကောင်းပါတယ်ရှင်

ရီမိုးပြည့်  said...

အခြေမကျနိုင်သေးတဲ့ ကံကြမ္မာကတော့ 
အမေအရိုက်ကို ခံနေရတဲ့ 
မှောင်မိုက်ထဲက မဂျာအေးလို
တဝါပြီးတဝါဆိုလို့ ရွာလယ်မှာ ရွာလည်ပြီး ငိုပွဲကြီးနွှဲနေတုန်းပဲ....


အရေးအသားကတော့ ကောင်းမှကောင်းပဲ အစ်ကိုရေ...

ကိုချစ်ဖေ said...

ရာစုမျက်မည်းကြီးတွေနဲ့ တိုးတိုးတိတ်တိတ်အိပ်မွေ့ချထားတုန်းလား. ဗျာ.

ကျနော်လည်း တစ္ဆေမကြောက်တဲ့ မျက်ကန်းကြီးလိုပါ.

ခုတလော ကိုချိုတူးကို လိုင်းပေါ်မှာမတွေ့ရ စာပေဟောပြောပွဲနဲ့အလုပ်များနေလား.ဗျ.
အစစ အဆင်ပြေချောမောပါစေ.ဗျာ.

Unknown said...

တစ်ပုဒ်လုံးကိုကြိုက်တယ်။
“ အဖြူအမဲ သဲသဲကွဲကွဲ သိပြီးနေချိန်ထိ
ချိန်ခွင်လျာက မှားတဲ့ဖက်မှာ ငြိနေတုန်းပဲ”
အဲဒိစာသားလေးကတော့ အထိဆုံးပဲ

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
စာလုံးတိုင်းကို ကြိုက်တယ်ဗျာ...။
ကိုဆောင်းကဗျာတွေ ဖတ်ပြီးတိုင်း ဘာရေးရမှန်မသိဘူး....။ စိတ်ထဲမှာ တစ်ခုခုကိုခံစားသွားရတာတော့ အမှန်ပဲအစ်ကို...။
ပျော်ရွှင်စွာ အဆင်ပြေစိတ်ချမ်းသာတဲ့ နှစ်သစ်ကိုဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုပေးနေပါတယ် အစ်ကို...
ခင်မင်လေးစားတဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

အကိုရေ ကဗျာလေးဖတ်သွားတယ်

အဖြူအမဲ သဲသဲကွဲကွဲ သိပြီးနေချိန်ထိ
ချိန်ခွင်လျာက မှားတဲ့ဖက်မှာ ငြိနေတုန်းပဲ

အမှားတွေဆုံးပြီး အလင်းတွေ ရောက်မယ့်နေ့ ကိုမျှော်လင့်နေပါတယ် ။

နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ

ရွှေရတုမှတ်တမ်း said...

ကိုဆောင်း..အလုပ်များနေတယ်ထင်တယ်..
နှစ်သစ်ကို ဝစ်လစ်စားလစ်ကြီး ကြိုရရင်တော့ အတော်ချမ်းမှာပဲနော်

Unknown said...

ထပ်လာဖတ်တယ်
ဆိုက်ပြင်ထားပါတယ်

မမသီရိ said...

ရာသီမုန့်လုံးတွေ
ရာသီမုန့်လုံးတွေ
ရာသီမုန့်လုံးတွေ


ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေကိုဆောင်းယွန်း

Mhu Darye said...

paying a visit ah ko :)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကိုဆောင်းယွန်းလ
ညီလေးလာဖတ်တယ်နော်