Sunday, January 17, 2010

”အလင်းဆာနေတဲ့ ကဗျာ.. ဒဏ်ရာကဖေးထဲမှာ အသက်ရှုမဝတဝနဲ့”

အသံတွေမရှိတဲ့ နေရာကိုရောက်မှ
အမှန်တွေကို ကြားရလိမ့်မယ်တဲ့…

တိတ်ဆိတ်ခြင်းဟာ
အမှန်တွေကို အသံမဲ့ ဝန်ခံနေခြင်းပါပဲ…

အရောင်တွေမရှိတဲ့ နေရာကိုရောက်မှ
ညဆိုတာ အမှောင်မဟုတ်မှန်း သိရလိမ့်မယ်တဲ့…

သို့သော်……..သို့ပေတည့်…..ဒါပေမဲ့….

သတင်းပူတွေ ပိတ်ဆို့အပျင်းထူနေကြတဲ့
လေလှိုင်းနဲ့ ဖန်သားပြင်တွေရဲ့ တံခါးဝမှာ
နေ့ကို လှလှပပပင်စင်ပေးလိုက်တဲ့ ညက
ဟန်မပျက်ခါးထောက်ပြီး စီးကရက်သောက်ပြနေခဲ့တယ်…

ညဟာ
လောကရဲ့ အိမ်ဦးခန်းမထဲ
ရောင်စုံအမှောင်နဲ့ ဖယောင်းတိုင်မီးထွန်းပြီး
နှစ်နှစ်ခြိုက်ခြိုက်ကြီး ငိုက်မြည်းနေခဲ့တုန်းပါပဲ…….

ဒီလိုနဲ့ပဲ
နေ့နဲ့ည တသားတည်းကျနေခဲ့ရတဲ့ လောကဟာ
မှောင်သထက်မှောင်လို့ နက်သထက်နက်လာခဲ့ရပြီး
အလင်းဆာလောင်နေတဲ့ ကဗျာတပုဒ်ဟာ
ဒဏ်ရာကဖေးရဲ့ ချိနဲ့နဲ့စားပွဲတလုံးထက်မှာ
အဆုံးမသတ်ခြင်းတွေနဲ့အတူ အသက်မဝတဝရှုနေခဲ့ရတယ်….။

2 comments:

ဗညားရှိန် said...

နေ့နဲ့ည တသားတည်းကျနေခဲ့ရတဲ့ လောကဟာ
မှောင်သထက်မှောင်လို့ နက်သထက်နက်လာခဲ့ရပြီး
အလင်းဆာလောင်နေတဲ့ ကဗျာတပုဒ်ဟာ
ဒဏ်ရာကဖေးရဲ့ ချိနဲ့နဲ့စားပွဲတလုံးထက်မှာ
အဆုံးမသတ်ခြင်းတွေနဲ့အတူ အသက်မဝတဝရှုနေခဲ့ရတယ်….။

ကောင်းလိုက်တဲ့ ရည်ညွန်းချက် ကဗျာလေး အရမ်းကောင်းတယ် အကိုရေ

သွယ်လင်းဆက် said...

ကောင်းတယ် အကိုရေ။။။။။။