Saturday, January 23, 2010

”စည်းခြားထားတဲ့ နံရံ တံခါးတွေရဲ့ အကြောင်း”

အသစ်တွေက
တနှစ်ထပ်တနှစ် ပိုတိုးလာကြသလို
အဖြစ်တွေက
တနှစ်ထပ်တနှစ် ပိုဆိုးလာနေကြတုန်းပါပဲ…

လက်တလော ခေတ်ကြီးထဲမှာ
ရွေးချယ်စရာတွေ ပေါများလာပြီး
ရွေးဝယ်စရာတွေ ရှားပါးလာတာကို
ဘဝတွေနဲ့ ရင်းပြီး မှတ်သားလေ့လာခဲ့ရဖူးပါပြီ…

အလကားရတဲ့ အိပ်မက်တွေကိုတောင်
အရင်လို ပေါပေါလောလော မမက်နိုင်တော့သလို
မကြားသေးမီ အချိန်တွေအထိ တခါတရံ မက်မိခဲ့ဖူးတဲ့
ရှားရှားပါးပါး အိပ်မက်တွေကတောင်
တရေးနိုးညတွေနဲ့ ခပ်ခွာခွာရှောင်နေကြတာ အဆန်းသားကလား…

ပါးလွှာကျစ်လစ်တဲ့ မျှော်လင့်ချက်အသစ် တချို့ကို
ရှားရှားပါးပါး မက်ဖို့ထားတဲ့ အိပ်မက်ထဲမှာ
အမှတ်စဉ်အလိုက် ခွဲထည့်ဖို့ ဇယားဆွဲနေရရင်းက
လက်ရှိဘဝနဲ့ မျှော်လင့်ခြင်းတွေရဲ့ကြား
သစ္စာမဲ့သော နံရံထူကြီးတချပ် ခြားထားသေးတာကို
လူ့ပတ်ဝန်းကျင်က ပေးလာတဲ့ သင်ခန်းစာတချို့နဲ့ မှတ်သားခဲ့ရတယ်…

ငြိမ်းချမ်းရေးကို တံခါးဖွင့်ဖို့
ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးမဲ့ဘဝတွေကြားကို
ခေတ်သစ် အဇာတသတ်ဆိုသူများရဲ့
သေနတ်ကျည်ဆံတွေက သော့ခတ် စည်းခြားထားတာကို
တောနဲ့တောင်တွေကပေးလာတဲ့ သင်ခန်းစာတချို့နဲ့ မှတ်သားခဲ့ရတယ်…

လွတ်လပ်ခြင်းကို အလံထူဖို့
လွတ်လပ်ခြင်းနဲ့ လွတ်လပ်ခြင်းမဲ့ ဘဝတွေကြားကို
ဖိနှိပ်ချုပ်ခြယ်ခြင်းက ထောင်နံရံအထပ်ထပ်နဲ့ ဆီးတားထားသလို
ရင်ခွင်ပျောက်တဲ့ သားနဲ့ အမေ့ အေးရိပ်ကြားမှာ
နိုင်ငံရပ်ခြားဆိုတဲ့ စကားလုံးများက
ဆက်သွယ်မှု မိုင်တိုင်ပေါင်းများစွာနဲ့ ဝေးကွာခြားနားစေခဲ့ပြီး
မိသားစုငတ်မွတ်သူ သားနဲ့ အဖေ့သြဝါဒ အမှာစကားတွေကြားမှာ
အဝေးရောက်သားဆိုတဲ့ နာမတလုံးက စည်းခြားထားတုန်းပဲ…

အခုအချိန်ထိ
အမှန်တရားနဲ့ ကျနော်တို့ရဲ့ကြား
အသပြာတံတိုင်းကြီးတခုက စည်းခြားနေခဲ့သလို
အမှန်တရားနဲ့ ကျနော်တို့ရဲ့ကြား
အာဏာတံခါးကြီးတချပ်က မျက်ခြေဖျက်ထားတုန်းပဲ…

စည်းခြားထားတဲ့ နံရံတွေကို ဖြိုခွဲပစ်ဖို့နဲ့
ပိတ်ဆို့ထားတဲ့ တံခါးတွေကို ရိုက်ချိုးပစ်ဖို့က
ကျနော်တို့ တယောက်နဲ့တယောက်ကြားမှာ ရင်ခွင်မခြားဖို့ပဲ လိုအပ်တယ်…။

9 comments:

ဒဏ္ဍာရီ said...

တကယ့်ကို ရွေးဝယ်စရာမရှိတာပဲ ရှိခဲ့ရင်တော့ ၀ယ်ဖို့အင်အားတွေ ရှိပါ့မလား။ ဒါပေမယ့် မျှော်လင့်ချက်တွေ ကိုတော့ ဘာနဲ့မှ ရိုက်ချိုးလို့မရအောင် ညီမတို့ ကြံ့ကြံ့ခံနိုင်အောင် လုပ်ရမယ်.
အဲဒီတံတိုင်းကြီးနဲ့ ခြားထားတဲ့စည်က ဘယ်တော့များမှ ပြိုလဲမလဲ အကိုရာ...။

ခင်မင်လေးစားလျှက်

Nge Naing said...

ရင်ခွင်က ကြာလေခြားလေဆိုတော့ ဘယ်လိုလုပ်မလဲ။

မောင်ပါလ said...

ဟုတ်တယ်။ တံတိုင်းပြိုဖို့ ရင်ခွင်မခြားဖို့ပဲလိုတယ်။ ကောင်းတယ်ဗျာ..........

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်တယ်အကို အုပ်စုအစွဲ စိတ်ဓါတ်တွေက ကြာလေ ပိုဆိုးလာလေပဲ၊ ဖြိုချဖို့ ပိုပိုခက်လာတယ်။ အင်း ... ဒီလိုပါပဲ အကိုရေ၊ တမိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေ။

နှင်းဟေမာ said...

အစ်ကိုဆောင်းရေ...
ကဗျာလေးလာရောက် ခံစားသွားတယ်
စည်းခြားထားတဲ့ နံရံတွေကို ဖြိုခွဲပစ်ဖို့နဲ့
ပိတ်ဆို့ထားတဲ့ တံခါးတွေကို ရိုက်ချိုးပစ်ဖို့က
တယောက်နဲ့တယောက်ကြားမှာ ရင်ခွင်မခြားဖို့ပဲ လိုအပ်တယ်… ဆိုတဲ့ ကဗျာစာသားလေးတွေကို လေးနက်စွာ ဖတ်ရှုရင်း ......
ခင်မင်လေးစားလျှက်

အိုင်လွယ်ပန် said...

ကဗျာတွေ ဖတ်သွားတယ် အစ်ကို ဆောင်းယွန်း :)

မိုးစက်အိမ် said...

အလကားရတဲ့ အိပ်မက်တွေကိုတောင်
အရင်လို ပေါပေါလောလော မမက်နိုင်တော့သလို
မကြားသေးမီ အချိန်တွေအထိ တခါတရံ မက်မိခဲ့ဖူးတဲ့
ရှားရှားပါးပါး အိပ်မက်တွေကတောင်
တရေးနိုးညတွေနဲ့ ခပ်ခွာခွာရှောင်နေကြတာ အဆန်းသားကလား…
ကောင်းလိုက်တဲ့ စာသားတွေဘဲအစ်ကိုရေ အားပေးလျက်ပါဗျာ

နန်း said...

ကဗျာတပုဒ်လုံးက ကောင်းလွန်းနေတော့
ဘယ်နေရာအကောင်းဆုံးလို့ ပြောမပြတတ်တော့ဘူး
နန်းလည်းကျောင်းတဘက်အလုပ်တဘက်နဲ့
အသစ်တင်ဖို့ဝေးနေတယ် အစ်ကိုကဗျာဆရာရေ

ကိုချစ်ဖေ said...

ကျနော်နဲ့ ကိုချိုတူးကြားထဲတော့ ဘာမှမခြားပါဘူး.