Friday, January 29, 2010

ရနံ့မမွှေးနိုင်တော့တဲ့ စပယ်ပင်မကလေး … သို့

ဘုရားသခင်အကြောင်းပြောတော့
သူမက ရယ်မောတယ်။
ရယ်လိုက်ရင် မြစ်တစင်းလိုပဲ
တသွင်သွင် စီးဆင်းနေတဲ့
သူမရဲ့ ရယ်မောခြင်းတွေထဲကို
ကျနော်က ကျနော့်စိတ်တွေနဲ့ ရွက်လွှင့်နေခဲ့လိုက်မိတယ်။

အဲဒါ…
လွန်လေပြီးသော နှစ်ပေါင်းများစွာတုန်းက
ပြန်မလှန်ကြည့်ဖြစ်တော့တဲ့ ဒိုင်ယာရီစာမျက်နှာတွေထဲမှာပေါ့။

အခုတော့ …
ကျနော့် စပယ်ပင်ကလေးက
သူမရဲ့ ပန်းပွင့်တပွင့်ချင်းစီပေါ်မှာ
မွန်းကြပ်မှုတွေကို ကပိုကရို လိမ်းကျံလို့ ….

ဖုန်ထူတဲ့ လမ်းမပေါ်မှာ သောကကို နေပူစာလှုံလို့…

ခပ်သိမ်းကုန်သော အမှုခင်းအမှုရာတွေထဲမှာ
ဘုရားသခင်လည်း တရေးတမောမှ မအိပ်စက်နိုင်
မိုးစင်စင်လင်းကတည်းက တသသ တနေကြတဲ့
နှုတ်ခမ်းဖျားပေါင်း သန်းခြောက်ဆယ်ကျော်ရဲ့ စက္ကန့်တံတွေပေါ်မှာ ။

အခုတော့လည်း
ဘုရားသခင်ရဲ့ အလိုတော်အတိုင်း
ပြန်မနိုးတော့တဲ့ အိပ်ပျော်ခြင်းတွေထဲမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြသူတွေက
နင်နဲ့ငါ့ကို ပြန်ပြီးအမျှဝေရမယ့် ကိန်းကြီးဆိုက်နေပါပြီ စပယ်ပင်မကလေးရေ ။

7 comments:

ကိုချစ်ဖေ said...

ပြန်မနိုးနိုင်တဲ့သူတွေက အမျှ မဝေလဲ..ကျနော်ကမျှဝေပါတယ်ဗျာ..ရှင်လူတွေရဲ့ဝေဒနာကို

ဒဏ္ဍာရီ said...

အကို ကဗျာအဖွဲ့လေးက အရမ်း ဖတ်လို့ ကောင်းတာပဲ..။ "ဖုန်ထူတဲ့ လမ်းမပေါ်မှာ သောကကို နေပူစာလှုံလို့"
မှန်လိုက်တာ အကိုရာ.. အဲဒီ စာသားလေးကို အရမ်းကြိုက်တယ်။

ခင်မင်လေးစားလျှက်

သဒ္ဓါလှိုင်း said...

ကောင်းလိုက်တဲ့ ကဗျာလေးပါ အကိုဆောင်းယွန်းလ...

ခင်တဲ့
သဒ္ဓါ

မိုးစက်အိမ် said...

ဖုန်ထူတဲ့ လမ်းမပေါ်မှာ သောကကို နေပူစာလှုံလို့…
:)

Unknown said...

စပယ်နံ့တွေကို လာထိတွေ့သွားပါတယ်..

ကိုအောင် said...

ကိုဆောင်းရေ ကဗျာလာဖတ်တယ်အကို၊ အကို့မွေးနေ့နဲ့ တိုက်ဆိုက်နေခဲ့ရင် happy birthday ပါ အကို။

~ဏီလင်းညို~ said...

ကိုဆောင်းရေ....
ညီ ကဗျာလေးလာဖတ်တယ်ဗျာ...
မှန်တာပြောရရင်...အစ်ကို့ကဗျာလေးတွေတင်လိုက်တိုင်းရောက်တယ်...။ ပြီးတော့ဖတ်တယ်...။ နောက်တော့ ခံစားမိတယ်...။ ဒါပေမယ့် ကော်မန့်ရေးခါနီးကျရင် ဘာရေးရမှန်းမသိတော့ဘူး....။ ခံစားရတာ...၊ တွေးမိတာတွေက များနေလို့လေ....။
”စည်းခြားထားတဲ့ နံရံ တံခါးတွေရဲ့ အကြောင်း” နဲ့
”အလင်းဆာနေတဲ့ ကဗျာ.. ဒဏ်ရာကဖေးထဲမှာ အသက်ရှုမဝတဝနဲ့” ကဗျာနှစ်ပုဒ်မှာလည်း...ဒီအတိုင်းပါပဲ...။
ခဏခဏလာဖတ်ဖြစ်တယ်...။ ဖတ်တိုင်းလည်း...အသစ်လိုပဲ..ပြန်ပြန်ခံစားမိရတယ်...။
အစ်ကို့ရဲ့ကဗျာတွေကို...အရမ်းနှစ်သက်စွာဖတ်နေခဲ့ပါတယ်ဗျာ...။

ခင်မင်လေးစားနေမိတဲ့ညီ...
ဏီလင်းညို