Tuesday, March 30, 2010

”မာယာပင်လယ်ထဲမှာ လွတ်တဲ့ငါး”

သူတို့..ပြောပြောနေကြတဲ့
လွတ်လွတ်လပ်လပ် ကမ္ဘာထဲမှာ
လွတ်လွတ်ပြီး..လပ်လပ်နေတဲ့
အပေါက်အကွက် အပြောက်အစက်တွေနဲ့....

အနာဂတ်ကို
စာကလေးဗေဒင်တွက်သလို
နှစ်လုံးထီတွက်သလို
တရက်ချင်း တွက်ချက်နေကြတဲ့
သူတို့ဟာ….

အတိတ်နေ့ခင်းတွေဆီက
အပြီးမသတ်နိုင်ခဲ့ကြသေးတဲ့
ပန်းချီကားတချပ်အပေါ်မှာ
တာဝန်ကျေစွာ အိပ်ပျော်နေကြရှာတဲ့
သူတို့ဟာ….

ပစ္စုပ္ပန်ရဲ့
နေ့ခင်း..ငုတ်တုပ်ကြီးထဲ
နှာစေး အေးခဲပြီး
ငရဲရထားကို ဘဝတပတ်စီးဖို့
တကုပ်ကုပ် အလုပ်ရှုပ်နေကြတဲ့
သူတို့ဟာ…

မသေချာတဲ့
မိုးလေဝသတိုင်းထွာမှု အတုတွေနဲ့
ဗဟုသုတ အကျိုးအပဲ့တွေကို
ရောပြွမ်းချိုးဖဲ့ စားသောက်နေကြသူတွေ
အနည်ထိုင်ရာ ရပ်ကွပ်ကမ္ဘာထဲမှာ
သူတို့ဟာ….

အလင်းမသိ ပြတင်းမရှိတဲ့
အမှောင်ခန်း ကျဉ်းကြပ်ကြပ်ထဲ
ဘာ့ကြောင့်..
လေဝင်လေထွက် နဲပါးနေရသလဲဆိုတဲ့အကြောင်း
ဦးခေါင်းသုံးလုံးဖြစ်တဲ့ အချိန်ထိ

တယောက်ပခုံးထက် တယောက်တက်ဖိလို့
စဉ်းစားနေကြရင်း
သူတို့ဟာ.....

သူတို့ရဲ့..
အပြင်းစား မောဟရောင်စုံတို့က
သူတို့ယမ်းပုံထဲမှာပဲ မီးပြန်ရဲနေခဲ့ရပေါ့...

သူတို့ဟာ…
လမ်းကြိုလမ်းကြား
ပလက်ဖောင်းမှားတွေပေါ်မှာ ပျက်နေခဲ့ကြတဲ့
သူတို့ရဲ့..
မီးကျိုးမောင်းပျက်
စိတ်ဓာတ် အသစ်စက်စက်တွေကို
လူအလစ်မှာ ကောက်ယူတပ်ဆင်ထားခဲ့ကြလို့..
သူတို့ကောင်းကင်ယံတမ်းချင်း ပန်းခင်းထဲ
ထူးမခြားနားပတ်ပျိုး ဒေဝဒတ်မိုးမဲတွေကတော့
ပစ္စလက္ခ ရွာလို့ကောင်းနေတုန်းပဲပေါ့.....

တတိယလှိုင်းလုံးတွေထဲမှာ
လွတ်ထွက်နေတဲ့ ငါးဟာ
သူတို့အတိုင်းအထွာအရတော့ ကြီးမြတ်လှပေါ့တဲ့....

တဘဝခင်းလုံးစာ လွတ်ထွက်နေရတဲ့
မာယာပင်လယ်ထဲက ငါးတကောင်က
ဟောဒီ နှစ်တနှစ်ရဲ့ အခင်းအကျင်းထဲရောက်မှ
သူတို့အတွက်
ဒိုင်နိုဆောတကောင်ထက်တောင်
ပိုလို့…ကြီးမားနေခဲ့ပြန်တယ်ဆိုပဲ...။ ။

6 comments:

ဒဏ္ဍာရီ said...

အတိတ်နဲ့ ပစ္စုပ္ပန် ကတော့ ဘာမှ ထူးမလာဘူး အကိုရယ်။ အနာဂတ်ကိုလည်း မကြည့်ချင်တော့ဘူး။ လွတ်လပ်တဲ့ ကမ္ဘာဆိုတာ ဘယ်နားသွားရှာရမှန်းတောင် မသိတော့ဘူး။ အရာရာ မသေမချာနဲ့ တခါတခါ တင်းထားတဲ့ ဇွဲတောင် လျှော့ချင်လာတယ်။ အကိုရေးတဲ့ ကဗျာလေးတွေ မဖတ်ရတာ ကြာတော့ ဖတ်လိုက်ရတော့လည်း တကယ်အားရမိတယ်။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုဆောင်းယွန်းကဗျာတွေက
ဘယ်ကဗျာဘဲဖတ်ဖတ် အဓိပ္ပါယ်အပြည့်နဲ့
လေးနက်ကျယ်ဝန်းလှတယ်..
အားလုံးဖတ်လို့ကောင်းတယ်..
ဖတ်ကောင်းတာထက် တစ်ခုခုကို ကဗျာတွေထဲမှာ
ထိထိမိမိ တွေ့လိုက်ရတယ်..

Anonymous said...

အနှစ် ၂၀ ကျော်ကူးခတ်ခဲ့တဲ့ ရေပေါ်ဆီငါး.. ဒီတချီတော့ ကုန်းပေါ်မှာ လှန်းထားတဲ့ပိုက်ကို အရှက်မရှိ ဝင်တိုးသလိုများလားလို့ အောက်ဆုံးအပိုဒ်ဖတ်ပြီး ခံစားသွားတယ်.....

လေးစားစွာဖြင့်

ကျော်နိုင်

မြစ်ကျိုးအင်း said...

အပိုဒ်တိုင်း တစ်ဖြည်းဖြည်းဖတ်ရတယ် တွေးစရာ ဒဿနတွေ အများကြီးပဲ။
ဒီနှစ်ကလည်း အနာဂါတ်တွေ အတွက် အဆုံးသတ်များ ဖြစ်နေမလား.....

သွယ်လင်းဆက် said...

ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး သူတို့ဟာ..............။ တွေးပြီးအရသာခံလိုက်ဦးမယ် အကိုဆောင်ယွန်းရေ............

~ဏီလင်းညို~ said...

ကိုဆောင်း..
အစ်ကို့ ကဗျာတွေကို ဖတ်ရတိုင်း..... တွေးနေရတာကို.... ညီတော့ အနှစ်သက်မိဆုံးပဲဗျာ....။
အဲ့ဒါ.... ညီ့အတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ရသတစ်ခုပဲ ကိုကြီးရာ....။
တစ်ကယ်ပဲဗျာ....။
တစ်ကယ်တမ်းပြောရရင် အစ်ကို့ ကဗျာတွေဖတ်ရင်း သက်ပြင်း ခဏခဏချနေမိတတ်တယ်ဗျာ.....။
ခံစားမိတယ်.......။
ခင်မင်လေးစားနေတဲ့ညီလေး.....
ဏီလင်းညို