”အမေ့ရဲ့သား..ပျောက်ဆုံးစာရင်းဝင်သွားတယ်”
ဆင့်ပွားခံစားချက်တွေနဲ့
ရင်ခွင်ဗလာပေါ်ကို
ကဗျာမျိုးကျဲနေရတာ
နှစ်တရာ အမာရွတ်ပေါ်မှာ
ဆေးပြန်ဆွတ်နေရသလိုပါပဲ အမေရယ်..
ဒီမှာ….
လေထဲကတဆင့် ပြန်အန်လွင့်ကျလာတဲ့
လောကဓမ္မတွေကို ပင့်သက်နဲ့နာကြားရ
နာနာကျင်ကျင် သီချင်းစာသားတွေကို
ဗလာတရားမဲ့သူလို ခံစားရနဲ့
ကိုယ်ပိုင်စကားလုံးတွေကျတော့
သုံးမရတဲ့ ဟောဒီ လက်ရှိဘဝလိုပဲ
ချို့တဲ့လှချည်ရဲ့ အမေ...
ထွေရာလေးပါး
အလန်းတရားလေးတွေနဲ့ ပွားဖို့
ဝေါဟာရအသစ်တွေနဲ့ ကစားဖို့
လေပြေလေညင်းမရှိ
မြေပင်မြေရင်းမရှိတဲ့
ဟောဒီ နိုင်ငံရပ်ခြားရပ်ကွပ်တခုဟာ
သားအတွက်တော့
ဆန်းသစ်မှုနေကွယ်တဲ့ တောင်စွယ်ပဲ အမေ..
အမေ့သားမိုက်က
နိုင်ငံမှားပြီး လမ်းသလားလိုက်မိသူဆိုတော့
တချို့နေရာတွေမှာ
အထူအပါးလည်း နားမလည်သူ
အရွယ်မတူတဲ့ ယဉ်ကျေးမှုနဲ့ အံမဝင်ခွင်မကျ
လေးဘက်နာကျနေတဲ့
ပန်းနာသည်လိုဘဝနဲ့
ဒုက္ခချောင်းတွေ တဟွတ်ဟွတ်ဆိုးရင်း
အမေပြန်ခင်းပေးမယ့်
နံနက်ခင်း မြေနီလမ်းကလေးကိုပဲ
မျက်ရည်ဝဲရုံမက မျှော်လင့်နေခဲ့ရပေါ့ အမေ...
ဟိုးတရံတခါဆီက
အမေပျောက်ဆုံးသွားခဲ့ရဖူးတဲ့...
လွန်လေပြီးသော နှစ်တွေဆီက
အမေလိုက်ရှာခဲ့ဖူးတဲ့
အမေတသသနဲ့ လွမ်းဆွတ်ခဲ့ရဖူးတဲ့...
အမေ့ရဲ့ တန်ဖိုးမဖြတ်နိုင်လှတဲ့
ဟောဒီ ပစ္စည်းကလေးဟာလေ...
ဒီမှာ..
အခုတော့လည်း
ရောင်းပမ်းမလှတဲ့
အဟောင်းတန်းညတွေပေါ်မှာ
ကိုယ့်ကိုကိုယ် အဟောင်းဈေးနဲ့တင်ရောင်းရင်း
ပျောက်ဆုံးစာရင်းဝင်နေခဲ့ရပါပြီ အမေရယ်…..။ ။
Sunday, April 4, 2010
Posted by ဆောင်းယွန်းလ at 4:36 PM
Subscribe to:
Post Comments (Atom)
7 comments:
ရောင်းပမ်းမလှတဲ့
အဟောင်းတန်းညတွေပေါ်မှာ
ကိုယ့်ကိုကိုယ် အဟောင်းဈေးနဲ့တင်ရောင်းရင်း
ပျောက်ဆုံးစာရင်းဝင်နေခဲ့ရပါပြီ အမေရယ်…..။ ။
း)း)
အကိုရေ......... ဘယ်လောက်ပဲ ပျောက်ဆုံး စာရင်းဝင်ပါစေ.. အမေ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာလေးပါပဲ အကိုရယ်။
ခင်မင်လေးစားလျှက်
အမေကသားပျောက် သားတွေကအမေပျောက်
ဟောဒီမြေ..ဒါတို့ပြည် တို့မပိုင်တဲ့မြေ...အသိမ်းပိုက်ခံမြေ ကျွန်ပြုခံရရာမြေ..ကမ္ဘာမကြေ ပေါ့ ကိုချိုတူး
“ဟိုးတရံတခါဆီက
အမေပျောက်ဆုံးသွားခဲ့ရဖူးတဲ့...
လွန်လေပြီးသော နှစ်တွေဆီက
အမေလိုက်ရှာခဲ့ဖူးတဲ့
အမေတသသနဲ့ လွမ်းဆွတ်ခဲ့ရဖူးတဲ့...
အမေ့ရဲ့ တန်ဖိုးမဖြတ်နိုင်လှတဲ့
ဟောဒီ ပစ္စည်းကလေး”
တစ်ချိန်တော့လည်း အမေ့ရင်ခွင်ထဲ ပြန်ရောက်လာဦးမှာပါလေ...
သိင်္ဂါကျော်
ကိုဆောင်း........
ညီလေ....
ကဗျာလေးကိုဖတ်ရင်း..... ရင်ထဲမှာနွမ်းသွားမိတယ်ဗျာ.....။
မေမေ့ကိုလည်းသတိရမိသွားမိတယ်ဗျာ.......း((
ဘာတဲ့ဗျာ.....
“ဟောဒီ နိုင်ငံရပ်ခြားရပ်ကွပ်တခုဟာ
သားအတွက်တော့
ဆန်းသစ်မှုနေကွယ်တဲ့ တောင်စွယ်ပဲ အမေ”.... တဲ့လားဗျာ....။
ခံစားရတယ်အစ်ကို.......။
တစ်ကယ်ဗျာ......။
ခင်မင်လေးစားနေတဲ့.... ညီ
ဏီလင်းညို
အစ်ကိုရေ..
အဟောင်းတန်းရောက်နေခဲ့ပေမယ့်
တန်းဖိုးအရှိဆုံး စာရင်းဝင်နေခဲ့ပါတယ် အစ်ကိုရယ်...
အမေပြန်ခင်းပေးမယ့်
နံနက်ခင်း မြေနီလမ်းကလေးကိုပဲ
မျက်ရည်ဝဲရုံမက မျှော်လင့်နေခဲ့ရပေါ့ အမေ...
ဆိုတဲ့ ကဗျာအပိုဒ်လေးကို ဖတ်ပြီး ရင်နင့်သွားအောင် ခံစားလိုက်ရပါတယ်
အစ်ကို့ရဲ့ညီမလေး နှင်း
ကိုဆောင်းရေ..
ရင်နင့်အောင်ခံစားလိုက်ရတဲ့ကဗျာတပုဒ်ပါပဲ။
ဘယ်တော့မှပျောက်ဆုံးစာရင်းမ၀င်ပါဘူးကိုဆောင်း..။
မျက်ရည်ကိုအားဆေးအဖြစ်ပြောင်းလို့လက်မထောင်နိုင်တဲ့
နိုင်ငံသားတွေဖြစ်အောင်ကြိုးစားကြမယ်အကို..။
ခင်တဲ့
ညီမသဒ္ဓါ
Post a Comment