Thursday, April 15, 2010

”သောကရွာချသွားတဲ့ သင်္ကြန်”

ဒီမှာတော့
ရာဇဝင်ထဲက အလွမ်းတွေနဲ့အတူ
ဝမ်းနည်းခြင်းသတင်း
မှတ်တမ်းအဟောင်းအမြင်းတွေကသာ
လက်ထပ်ထိမ်းမြား နေရာယူလို့ပေါ့...

ဧပရယ်မြို့ကလေးရဲ့
အလင်းပြတင်းဝကို
ပိတောက်သော့နဲ့ဖွင့်မှ ပွင့်ရမယ့်
အမှန်အကန်အတာသင်္ကြန်က
ဒီတနှစ်လည်း ပုန်းလျှိုးနေခဲ့ပြန်ပေါ့လေ...

ဟိုဆီမှာလည်း
စိမ်းစိမ်းစိုစို ပြိုဟန်ပြင်နေတဲ့
တိမ်ညိုပြာထက်က
ငြိမ်းချမ်းရေး လက်ဆေးမိုးက
နေရာချိန်ခါ အတိအကျ
ဝေခွဲမှန်းဆ မသိခဲ့ရလို့ပါတဲ့
အတာနွေ သင်္ကြန်ရေအစား
လူသတ်ဗုံးတွေ
တလုံးပေါ်တလုံးဆင့်ပြီး ကွဲသွားခဲ့တယ်...

စစ်မှန်တဲ့ နှစ်ဦးပိတောက်ပွင့်မှ
လွတ်လပ်လင်းမြနိုင်မယ့်
ဧပရယ်မြို့ထက်က လမ်းကလေး
ဒီတနှစ်လည်း..
ငြိမ်ချမ်းရေးနဲ့ အလှမ်းဝေးခဲ့ပြန်ပေါ့လေ.

ဟိုမှာ..ဒီမှာ...
ကိုယ်ချင်းစာတရားနဲ့ဖွဲ့တဲ့
မိုးသားတိမ်တိုက်တွေနဲ့ ပေါင်းဖော်ပျော်ဝင်ခါမှ
ပီပီသသရွာချနိုင်မယ့်
တရားမျှမှု ရေခိုးရေငွေ့အဖော်တသင်းက
အာဏာပါးကွပ်သားတို့ လျောင်းစက်ရာ
ကန္တာရ နေပြည်တော်မှာ
အငွေ့ပျံ အရည်ပျော်နေကြရှာလို့တဲ့..

ပျော်စရာအတာကို
ခမောက်ဆောင်းပြီး အကြိုထောက်မယ့်
နှစ်သစ်ကူး ပိတောက်စစ်စစ်တွေရဲ့အစား
အသက်မဲ့ ပိတောက်ခက်အတုတွေက
လူလိုက်မုဆိုးတွေရဲ့ ဗုံးလက်နက်သေနတ်ဖျား
ရာသီမှားပြီး ရမ်းရမ်းကားကားပွင့်သွားခဲ့ကြသတဲ့....

ဟောဒီသင်္ကြန်မှာ
သင်္ကြန်မိုးမရွာ မကြွေခဲ့လေပဲ
အတာရဲ့ ငုဝါပိတောက်အစား
သင်္ကြန်မျက်ရည်ပွင့်တွေ ပင်လုံးပြည့်ဝေသွားခဲ့ရပေါ့...

ဟောဒီသင်္ကြန်မှာ
ဒုက္ခတွေကို သင်္ကြန်မိုးနဲ့ ဆေးကြောပစ်ရမယ့်အစား
သောကအဆိုးတွေက သင်္ကြန်မနက်ညကို
သည်းသည်းမဲမဲ ရွာသွန်းသွားခဲ့ပေါ့...။ ။

4 comments:

Pie Min Swe said...

ကဗျာလေးကို ၀မ်းနည်းစွာဖတ်ခဲ့ပါတယ်။
ဒီသင်္ကြန်မှာ အပြစ်မဲ့သူတွေသေဆုံးဒဏ်ရာရခဲ့ကြရသလို နောက်လာမယ့်သင်္ကြန်တွေမှာလည်း လူတွေရင်ထဲ ကြောက်စိတ် တစ်ခု ထည့်ပေးလိုက်တဲ့ ဖြစ်ရပ်ပါပဲ။
တကယ့်ကို မိုးမရွာဘဲ သောကတွေရွာချသွားတဲ့ သင်္ကြန်ပါပဲဗျာ။
:(

~ဏီလင်းညို~ said...

ကိုဆောင်းရေ......
ကဗျာလေးဖတ်ရင်း ရင်ထဲမှာဝမ်းနည်းမိတယ်ဗျာ......
တစ်ကယ်ပါပဲ.......။
နှစ်သစ်မှာ မိသားစုတွေအားလုံး အစစအဆင်ပြေပျော်ရွှင်နိုင်ကြပါစေအစ်ကို......
ဆုတောင်းပေးပါတယ်ဗျာ....။

ခင်မင်လေးစားနေတဲ့ညီ.....
ဏီလင်းညို

သွယ်လင်းဆက် said...

ဘာမှမပြောနိုင်လောက်အောင်ကို ဝမ်းနည်းမိပါတယ်။ ဒီလိုအဖြစ်မျိုးထပ်မဖြစ်ပဲ ထိခိုက်ဒဏ်ရာရခြင်းကင်းဝေးစွာနဲ့ နှစ်သစ်ကို ဖြတ်ကျော်နိုင်ပါစေလို့ပဲ အားလုံးကိုယ်စား ဆုတောင်းမိပါတော့တယ်။

Maung Myo said...

ဟုတ်တယ် အစ်ကိုရေ့ ဒီနှစ်အတာသင်္ကြန်ကတော့ တကယ်ကို ကြွေကွဲမှုအပေါင်း သရဖူဆောင်းပါပဲ နာရလွန်းတဲ့ရင်တွေလည်း ထုံတောင်နေပေါ့ဗျာ .။