Thursday, May 27, 2010

“ဂျူလီယာပို့ပေးခဲ့တဲ့မေးလ်နဲ့ ဟောဒီကဗျာကိုရေးဖွဲ့တယ်”

ဂျူလီယာရေးလိုက်တဲ့ မေးလ်ထဲမှာ
မီးတွေမှောင်နေတယ်
ပြီးတော့..မီးတွေလောင်နေတယ် အချစ်ရေတဲ့....

ကျည်ဆန်ပါတဲ့ ဗုံးတွေကွဲနေတယ်
ရေမပါတဲ့ ပုံးတွေပေါက်နေတယ်
ကန်တွေခြောက်နေတယ် မြစ်ရေနောက်နေတယ် အချစ်ရေတဲ့...

မြေထုခြောက်နေတယ် လေထုပျောက်နေတယ်
ငတ်မွတ်မှုက အစာအိမ်မှာ အပင်ပေါက်နေတယ်
မေတ္တာတွေပျောက်နေကြတယ်
ပြီးတော့..သစ္စာတွေဖောက်နေကြတယ် အချစ်ရေတဲ့..

တချို့ကလည်း
အဆန်မပါတဲ့ အမြှောက်တွေဖောက်နေရင်း
အသံ“အ”နေတဲ့ ဇာတ်ကိုခင်းထားကြတော့
လေညင်းကလေးနဲ့ ဝေးနေတာကြာလှပေါ့ အချစ်ရေတဲ့…

လူမှုရှုခင်းကအစ
သဘာဝရှုခင်းအလယ် နိုင်ငံ့ရှုခင်းအဆုံး
စ လယ် ဆုံး မီးလောင်ပြာဖုံးနေပြီး
လူဖြစ်ရှုံးနေခဲ့ရတာလည်း ကြာလှပေါ့ အချစ်ရေတဲ့…

ဂျူလီယာရယ်…
နင်ရေးလိုက်တဲ့ အီလက်ထရောနစ် မေးလ်ထဲက
မျက်ရည်ပြာတွေဝဲနေရှာတဲ့ စကားလုံးဝါဝါတွေကို
နှလုံးသားမရှိတဲ့မျက်စိနဲ့ ဖတ်ကြည့်လို့ရနိုင်မတဲ့လားကွယ်.....

ဂျူလီယာရေ..ကောင်မလေးရဲ့
ငါက ရင်ခုန်တတ်ရုံရှင်သန်နေတဲ့ နှလုံးသားတစုံနဲ့
တိုင်းပြည်ရဲ့သတ်ပုံတွေကို ဖွင့်ဖတ်ကြည့်ခဲ့သူမဟုတ်ပါဘူး....

တိုင်းရေး ပြည်ရာကိစ္စမှာ
ဟိုအချစ်သီချင်းလေးတပုဒ်ထဲကလို
“မြင်ရုံကြင်ရုံ ရင်ခုန်စွာပင်
အဝေးကနေပဲ တိတ်တိတ်ချစ်လို့”တော့ မရနိုင်ဘူးဆိုတာ
နင်လည်းကောင်းကောင်းသိမှာပါ ဂျူလီယာ…...

ဒါကြောင့်..အနက်ရှိုင်းဆုံးသော ဒဏ်ရာတွေရနေခဲ့သူဟာ
တဘဝလုံးစာအနာကို နှလုံးသားနဲ့ဝါကျဖွဲ့လို့
နင်ပို့ပေးခဲ့တဲ့မေးလ်နဲ့ ဟောဒီကဗျာကိုရေးဖြစ်ခဲ့တယ် ဂျူလီယာ….။ ။

8 comments:

သိင်္ဂါကျော် said...

သတ်ပုံမှားနေရင်လည်း ပြင်ခွင့်ရှိတဲ့ သူတွေမှ မဟုတ်ပဲ..။

သဒ္ဓါလှိုင်း said...

အနက်ရှိုင်းဆုံးဒဏ်ရာတွေရနေတာတော့အမှန်ပါ
အကိုရေ....။ ဒဏ်ရာတွေပျောက်ဖို့အချိန်ဘယ်လောက်
ကြာမယ်ဆိုတာမသိနိုင်ဘူးနော်...

ခင်တဲ့
ညီမသဒ္ဓါ

မောင်မျိုး said...

ရင်ခုန်တတ်ရုံရှင်သန်နေတဲ့ နှလုံးသားတစုံနဲ့
တိုင်းပြည်ရဲ့သတ်ပုံတွေကို ဖွင့်ဖတ်ကြည့်ခဲ့သူမဟုတ်ပါဘူး.
ကျနော်လည်း တူတူပဲပါလေလို့ ဒီကဗျာလေးဖတ်ပြီးတွေးမိသွားတယ် ။

ကိုခိုင် said...

ကဗျာလေးကို
တိတ်တိတ်လေးလာဖတ်သွားပါသည်။

ကိုခိုင်

ကိုချစ်ဖေ said...

အဲ့ဒီဒါဏ်ရာတွေကပဲ အမာရွတ်တွေတက်လာတဲ့တနေ့တော့...

အမရာ said...

ကဗျာလာဖတ်တယ်အကိုရေ..
ကဗျာကြွေးတွေလဲဖတ်ရမယ်...

~ဏီလင်းညို~ said...

ကိုဆောင်းရေ......

ညီတော့...“ဂျူလီယာရယ်…
နင်ရေးလိုက်တဲ့ အီလက်ထရောနစ် မေးလ်ထဲက
မျက်ရည်ပြာတွေဝဲနေရှာတဲ့ စကားလုံးဝါဝါတွေကို
နှလုံးသားမရှိတဲ့မျက်စိနဲ့ ဖတ်ကြည့်လို့ရနိုင်မတဲ့လားကွယ်”.... ဆိုတဲ့ အပိုဒ်လေးကို..........ခဏခဏ ဖတ်ကြည့်မိရင်း........ခံစားမိတယ်ဗျာ........။ တစ်ကယ်ပါပဲ.......။

ခင်မင်လေးစားနေဆဲ.......
ညီ......
ဏီလင်းညို

ကြည်ကြည် said...

ဒီကဗျာ ကို ဖတ်ပြီးကြိုက်ခဲ့ဘူးတယ်