Monday, September 20, 2010

”လေပြင်းဆိုးဆိုး မုန်တိုင်းမိုးတွေနဲ့...သံသရာထဲမှာ”

သံသရာမှာ ယဉ်ပါးရင်း
ညနေခင်းအဟောင်းတွေကို ထည်လဲပြောင်းဝတ်နေခဲ့ရတယ်...

အစရှိခဲ့ပြီး အဆုံးကိုမသိနိုင်သေးတဲ့ ခရီးမှာ
ကိုယ်ပိုင်စိတ်ကူးတွေနဲ့ လမ်းဖြတ်ကူးနေခဲ့မိသူဟာ
အပူပင်ကိုစိုက် လူမိုက်လို့ အပြောခံရပေမယ့်လည်း
ဟောဒီ ညနေခင်းအဟောင်းတွေထဲမှာပဲ
အပြောင်းအလဲကို ခေါင်းအကွဲခံရင်း လိုက်ရှာမိနေဆဲပေါ့...

တိမ်ထူထူတွေကြားထဲ စိတ်တံခွန်ကိုလွှင့်ထားခဲ့မိသူရဲ့
ဟောဒီ ညနေခင်းအဟောင်းတွေထဲမှာ
တရွေ့ရွေ့ကွေ့ဝိုက်တိုက်စားမှုတွေက ရုန့်ရင်းဆန်ခတ်ကြီးရင့်လို့
တငွေ့ငွေ့နစ်နာဆုံးရှုံးမှုတွေက ကျုံးသွင်းခြံခတ်သီးပွင့်နေခဲ့တုန်းပါပဲ..

တနေ့တနေ့နဲ့ လျှောက်နေခဲ့မိတဲ့ ခရီးမှာ
ဆွဲကူထူမမလိုလိုနဲ့ လှဲဖြိုလူချသူတွေကသာ ထူထပ်ကြလေတော့
လူခြေပြတ်လပ်တဲ့ ဟောဒီလို ညနေခင်းမျိုးမှာ
လေပြင်းဆိုးဆိုး မုန်တိုင်းမိုးတွေလည်း တဟူးဟူးတရှဲရှဲနဲ့
နေရာမလပ် တရစပ်တိုက်ခတ်ပျံဝဲနေကြတော့တယ်...

မျှော်လင့်တကြီးနဲ့ ဆက်လျှောက်နေမိတဲ့ ခရီးလမ်းမှာတော့
ကံကြမ္မာကောင်းရဲ့ အချက်ပေးခေါင်းလောင်းသံတွေက တိတ်နေဆဲ
လေပြေလေညင်းကိုခြွေမဲ့ မနက်ခင်းတွေကလည်း အိပ်နေဆဲပေါ့...

သံသရာမှာ ယဉ်ပါးရင်း
ငါတို့ ဘယ်လောက်ကြီးပြင်းကြရဦးမှာလဲကွယ်...။ ၊

5 comments:

သိင်္ဂါကျော် said...

ညနေခင်း အဟောင်းတွေထဲမှာ ကဗျာ အသစ်ကလေးတွေလည်း ရေးပါဦး.. :)

မောင်မျိုး said...

သံသရာမှာ ယဉ်ပါးရင်း
ငါတို့ ဘယ်လောက်ကြီးပြင်းကြရဦးမှာလဲကွယ်..


ဟုတ်တယ် ကြောက်တောင်ကြောက်လာပြီး ကြီးပြင်းလာတာနဲ့ အမျှ အတွေ့အကြုံတွေက များလွန်းလို့ ။


အစ်ကို နေကောင်းအဆင်ပြေရဲ့လား ကဗျာတွေ အရေးကျဲနေလို့ ။

ကိုချစ်ဖေ said...

အပြောင်းအလဲကို ခေါင်းကွဲခံပြီးတော့ လိုက်မရှာတော့နဲ့ဗျာ အပြောင်းအလဲရှာယုံနဲ့ ခေါင်းခွဲချင်သူတွေရဲ့ ခေါင်းကိုသာ ခွဲသာခွဲ.အားပေးနေမယ်ဗျာ.

သွယ်လင်းဆက် said...

ဒီလိုပဲကြီးပြင်းရဦးမှာပေါ့ အကိုဆောင်းယွန်းရဲ့။
ရေးခဲလိုက်တာနော်။ :)

မယ့်ကိုး said...

အစ်ကို ကဗျာတွေ သိပ်မရေးဖြစ်တာလား။ သိမ်းထားတာလား။
ကဗျာတွေကို ကြိုက်နေဆဲပါ။