Thursday, November 25, 2010

”ရူးနေတဲ့ကမ္ဘာ”

မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။

ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး

ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး

ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး

ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး

ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး

ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ

ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ

ကမ္ဘာက
ခုချိန်ထိပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ

ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့

ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ

ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ

ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်းအသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ

အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ

ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး

ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေမကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး

“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့

တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ

ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို
ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်

ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်

“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး

အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့

ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး

ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်

ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ

ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
ဟစ်တလာ”တွေက အများကြီးပဲ

တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့

ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့

ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်

“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။

လူအိမ်


ပန်းအလင်္ကာမဂ္ဂဇင်းဧပြီ၊ ၂၀၀၇(မိုးဃ်းဇော် စီစဉ်သည့် စိတ်ကူးချိုချိုစာအုပ်တိုက် ၁၀နှစ်ပြည့်အကြို ခေတ်ပြိုင်ကဗျာရှည်အချို့စာအုပ်မှ…)

4 comments:

Anonymous said...

လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးကြည့်ပြီး ( အထူသဖြင့် ဆင်းရဲမွဲတေမှု ) ကျမရင်ထဲရှိနေခံစားနေရတာနဲ့ ကွက်တိဘဲမို့ ကိုဆောင်းယွန်း ရေ .. ဒီကဗျာ ဟာ ကျမရဲ့  အကြိုက်ဆုံး ကဗျာတွေထဲက တပုဒ်ဖြစ်တယ်လို့ ပြောပါရစေ ... ကဗျာရေးသူရော ကဗျာတင်ပေးတဲ့ ကိုဆောင်းယွန်းကိုရော ကျေးဇုးတင်ပါတယ် ။

mie nge

ဒိုင်ယာရီ said...

ရူးနေတဲ့ကမ္ဘာတဲ့..မိုက်တယ်အကို
ရေးထားသူရော တင်ပေးတဲ့သူရော ကျေးဇူးပဲ..
ရူးနေတဲ့ ကျွန်တော်လည်း သေသေချာချာကို ဖတ်သွားတယ်အကိုရေ...

ငပျင်းလေး said...

share ပါရစေ....

ရွှေဝယ်သားလေး(မောင်းမကန်) said...

တအားကိုကောင်းတယ်ဗျာ
ဒေါလာ ၄၀၀၀ တန်းဟင်ချိုသောက်
တောကောဘာဖြစ်လာမှာလည်း စဉ်းစားစေ
ချင်ပါတယ်..။