Friday, December 3, 2010

“ဒီဇင်ဘာကို လိုအပ်သလိုခံစားကြည့်ခြင်း”

ဒီဇင်ဘာတဲ့လား..
ဒီမှာတော့
တော်တန်ရုံ အနွေးထည်ခြုံလို့ မလုံနိုင်တဲ့ဆောင်းက
ရွှေ့ပြောင်းအလုပ်သမားလေးတယောက် ဘဝလို
ရေကြည်ရာမြက်နုရာခိုလှုံဖို့ ရောက်လာခဲ့ပြန်လေရဲ့.....

ငါတို့ဟာ..
တန်ဖိုးမဖြတ်နိုင်လှတဲ့
မွေးရာပါလူ့အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပြီဆိုတော့
အဲဒီ..ဒီဇင်ဘာရဲ့ နှင်းငွေ့နှင်းခဲ နှင်းပုလဲတွေကို
ငါတို့ရဲ့ အိမ်ဂေဟာတွေထဲမှာ
နွေးထွေးလုံခြုံအောင်လည်း သိမ်းဆည်းထားနိုင်ခွင့်ရှိကြတာပေါ့..

ငါတို့သာ စိတ်ဝင်တစားရှိကြသေးတယ်ဆိုရင်
ဟောဟိုခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့
တောင်တန်းမြင့်ကြီးတွေရှိရာဆီကို
ငါတို့ရဲ့ ခြေဖဝါးတွေနဲ့ တလှမ်းချင်းဆက်သွယ်နိုင်သလို
ဒီဘက်အခြမ်း မလှမ်းမကမ်းမှာ မြင်နေရတဲ့
ပင်လယ်ပြာကြီးတွေထဲမှာလည်း
ငါတို့ရဲ့ ဆန္ဒတံဆိပ်တွေကို ရဲရဲကြီးခပ်နှိပ်နိုင်ကြသေးရဲ့...

ငါတို့ဟာ
ငါတို့သွားချင်တဲ့နေရာတွေဆီကို ရောက်ဖို့အတွက်
အထပ်ထပ်စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားစရာမလိုသလို
ငါတို့ ဆွေမျိုးအပေါင်းအသင်းတွေရဲ့ အိမ်တွေမှာ
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ဖို့ရာအတွက်
ဘယ်ရုံးကန္တားဂတ်တဲမှာမှ ဧည့်စာရင်းတိုင်စရာလည်းမလိုဘူး...

ငါတို့ရဲ့ ဖွင့်ထားတဲ့ အိမ်တံခါးမတွေက
အလုံပိတ်ထားတဲ့ စစ်စခန်းတွေရဲ့ တံခါးမတွေထက်လည်း
ပိုပြီးလုံခြုံစိတ်ချရတဲ့ အာမခံချက်မျိုးတွေကို ပေးနိုင်ကြလေရဲ့...

ငါတို့မှာ
ငါတို့ရင်ထဲက စကားတွေကို
ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့အတွက်
လင်းလက်တဲ့ သတင်းကွန်ယက်တွေ ရှိကြတယ်...

ငါတို့အတွက်
အမှန်တရားတွေကို ဖော်ထုတ်ရေးသားနိုင်ဖို့
ကြားခံတည်းဖြတ် တံဆိပ်ကပ်ထားတဲ့အယ်ဒီတာတွေလည်း မလိုအပ်ဘူး....

ငါတို့မှာ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်
တားမြစ်ကန့်သတ်ချက်တွေ မရှိသလို
အခွင့်အရေးပိတ်ဆို့ခံရမှုမျိုးတွေလည်း မရှိဘူး...

ငါတို့ဟာ
အဓမ္မခိုင်းစေခံရမှုအပေါင်းနဲ့လည်း ကင်းဝေးတယ်...

ငါတို့မှာ
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီး
ကိုယ့်ခရီးကိုယ်ဖောက်ပိုင်ခွင့်ရှိတဲ့ လက်နှစ်ဖက်နဲ့
ကိုယ့်ခရီးကိုယ်လျှောက်ပိုင်ခွင့်ရှိတဲ့ ခြေထောက်နှစ်ဖက်လည်းရှိကြရဲ့...

ဟောဟို ငါတို့ရှေ့နား ဒီဇင်ဘာတံတားပေါ်က
နှင်းအပြည့် ခုတ်မောင်းသယ်ဆောင်လာနေတဲ့.
ဆောင်းရထားကြီးရဲ့ အတွင်းတွဲတနေရာမှာ
ပစ္စုပ္ပန်သတ်ပုံမပြည့်မစုံနဲ့ အနာဂတ်မလုံခြုံနိုင်သေးတဲ့
မြန်မာပြည်ထုတ် စာအုပ်တအုပ်ပါလာလေရဲ့...

အဲဒီစာအုပ်ကို
ငါတို့အားလုံးပြိုင်တူဖွင့်လို့ တရွက်ချင်းစီလှန်ဖတ်ကြတာပေါ့....

ပြီးရင်.
ငါတို့ရဲ့ အကျယ်လောင်ဆုံးအသံတွေနဲ့
တကမ္ဘာလုံးကကြားနိုင်အောင် သံပြိုင်ဟစ်ကြွေးလို့
မြန်မာပြည်အတွက် အလှဆုံးတေးတပုဒ်ကို
ငါတို့ရဲ့ လွတ်လပ်မှုတွေနဲ့အတူ ပေါင်းစပ်ရေးထုတ်ကြစို့ရဲ့....။ ။

3 comments:

လင်းခေတ်ဒီနို said...

ဟောဟို ငါတို့ရှေ့နား ဒီဇင်ဘာတံတားပေါ်က
နှင်းအပြည့် ခုတ်မောင်းသယ်ဆောင်လာနေတဲ့.
ဆောင်းရထားကြီးရဲ့ အတွင်းတွဲတနေရာမှာ
ပစ္စုပ္ပန်သတ်ပုံမပြည့်မစုံနဲ့ အနာဂတ်မလုံခြုံနိုင်သေးတဲ့
မြန်မာပြည်ထုတ် စာအုပ်တအုပ်ပါလာလေရဲ့...

အဲဒီစာအုပ်ကို
ငါတို့အားလုံးပြိုင်တူဖွင့်လို့ တရွက်ချင်းစီလှန်ဖတ်ကြတာပေါ့....

တပုဒ်လုံး အဓိပါယ်တွေနဲ့ ပြည့်နှက်နေတယ် အကို
း)

ဗညားရှိန်

ဒိုင်ယာရီ said...
This comment has been removed by the author.
ဒိုင်ယာရီ said...

ငါတို့မှာ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်
တားမြစ်ကန့်သတ်ချက်တွေ မရှိသလို
အခွင့်အရေးပိတ်ဆို့ခံရမှုမျိုးတွေလည်း မရှိဘူး...

ငါတို့ဟာ
အဓမ္မခိုင်းစေခံရမှုအပေါင်းနဲ့လည်း ကင်းဝေးတယ်...

ဖတ်ရတာ တော်တော့်ကို အဆင်ပြေလွန်းတယ်
အကိုရေ....