”မေ့ကွက်ကို (ရှာ) ကြည့်မိတော့”
ကော်ဖီတွေကလည်း
အေးစက်ပေါ့သက်နေတော့တာပဲ...
အခြေအနေအရ
ဦးနှောက်ထဲ ရေပြတ်နေလို့
အခန်းနှစ်ခန်းထဲက
နံရံတွေပေါ်မှာ ကပ်ငြိနေတဲ့ ဇယားတွေကို
တကွက်ချင်းစီ ဆွဲခွာရွှေ့ ကြည့်နေမိတယ်....
ဘယ်လို ဇယားအငွေ့အသက်တွေက
လွင့်စင်ရွေ့ ထွက်သွားခဲ့ကြပြီး
ဘယ်လို ဇယားအပိုင်းအစတွေက
ကပ်ကျန်နေခဲ့ကြသလဲတော့ မသိဘူး..
မနက်ဖြန် (ဒါမှမဟုတ်) တရံတခါကျရင်တော့
အဲဒီအခန်းတွေထဲကို ပြန်ဝင်ကြည့်ဖြစ်မိဦးမှာပေါ့...
ဘုရားပန်းတွေကလည်း
တအားနွမ်းနေတော့တာပဲ...
အခြေအနေအရ
အခန်းနှစ်ခန်းကို လေးကန့်ခွဲထားရတော့
စကားလက်ဆောင်တွေအတွက်လည်း
ကျေးဇူးတင်စကား ဖုန်းတွေပြန်မဆက်အားသေးဘူး....
ဒီလိုပါပဲ
အေးစက်ပေါ့ပျက်နေတဲ့ ကော်ဖီတခွက်လို
တအားနွမ်းနေတဲ့ ဘုရားပန်းတွေလို...
မေမေရေ
နာရီတွေပေါ်က ပန်းချီကားကို
ဘယ်လိုနေရောင်က အရည်ဖျော်မြိုချသွားခဲ့တာလဲ...
အဲသလို အမေးဝါကျထဲမှာပဲ
ဘဝကိုနေပျော်အောင် စီရင်ချက်ချခဲ့တော့
တသက်စာ ကြိုးမိန့်ကျခဲ့သူဟာ
ကျနော်ပါ မေမေ.....
အခန်းနှစ်ခန်းထဲမှာ ဇယားကွက်တွေအပြည့်
ဘုရားပန်းတွေကပ်ဖို့ကိုတော့
ရက်ရွှေ့ နေခဲ့ရတုန်းပါပဲ....။ ။
Thursday, January 13, 2011
Posted by ဆောင်းယွန်းလ at 12:11 PM
Subscribe to:
Post Comments (Atom)
2 comments:
အခန်းနှစ်ခန်းကို ရှင်းဖို့ကြိုးစားဦးပေါ့.. အစ်ကိုရေ..
ကဗျာအသစ်တွေ ပြန်ဖတ်ရလို့ အထူးပဲ ဝမ်းသာပါတယ် အစ်ကို :)
Post a Comment