“အခုတလောတွေမှာ”
အခုတလောတွေမှာ
ကိုယ့်အကြောင်းကိုယ် လုလုပြောတတ်တဲ့ လူတွေနဲ့
သက်ရှိမြို့ပေါ်မှာ ခဏခဏကြုံတယ်…
အခုတလောတွေမှာ
သူများအကြောင်း မကောင်းပြောတတ်တဲ့ လူတွေနဲ့
နတ္ထိမြို့ပေါ်မှာ ခဏခဏဆုံတယ်…
အခုတလောတွေမှာ
ဓာတ်ဆီဈေးက အာကာသထဲ ခရီးထွက်နေလို့
ငတ်ပြတ်မှုမြို့ပေါ်မှာ ပြတ်လပ်တဲ့အိပ်ကပ်နဲ့ ခဏခဏဆုံတယ်…
အခုတလောတွေမှာ
လူတချို့ရဲ့ မေတ္တာတရားက
အငွေ့ပျံထွက် တိမ်ပေါ်တက်သွားတတ်လို့
စိတ်ပျက်မှုမြို့ပေါ်မှာ စိတ်နာမှုနဲ့ ခဏခဏကြုံတယ်…
အခုတလောတွေမှာ
အတွေ့အထိအရ
အရွေ့မရှိတဲ့မြို့ပေါ်က လမ်းမတွေနဲ့ ခဏခဏဆုံတယ်…
အခုတလောတွေမှာ
ဆင်းရဲနွမ်းပါးမှုအခန်းထဲမှာ စိတ်ကကြပ်နေပြီး
နှလုံးသားမြို့ပေါ်မှာ အချစ်ငတ်နေလို့ လစ်လပ်မှုနဲ့ ခဏခဏကြုံတယ်…
အခုတလောတွေမှာ
မိတ်ဆွေစစ်တွေနဲ့ဝေးပြီး စိတ်တွေညစ်လေးနေရလို့
အရိပ်မရှိတဲ့မြို့ပေါ်မှာ အတိတ်ကအသိတွေနဲ့ ခဏခဏဆုံတယ်…
အခုတလောတွေမှာ
စီးကရက်တွေမီးစားတာများပြီး ညတွေကပါးလှပ်နေလို့
အိပ်ရေးပျက်တဲ့မြို့ပေါ်မှာ
မျက်တွင်းဟောက်ပက်ညတွေနဲ့ ခဏခဏကြုံတယ်…
အခုတလောတွေမှာ
ကတ္တီပါဖိနပ်စီးရွှေထီးဆောင်းဖို့ ခေါင်းပေါင်းပေါင်းသူတွေရယ်
အတွေးဟောင်းတွေနဲ့ လေယာဉ်ပျံမောင်းသူတွေရယ်
စိတ်ဖောက်တဲ့မြို့ပေါ်က အတိတ်ပျောက်နေကြသူတွေရယ်နဲ့
သတင်းမြို့ပြမှာ ခဏခဏဆုံရတယ်….
အခုတလောတွေမှာ
အမောတွေထထဖောက်ပြီး စိတ်တွေကျကျပျောက်နေလို့
ကောင်းကင်ကို မော့မကြည့်ရဲသလို မြေကြီးကိုလည်း ငုံ့မကြည့်ရဲခဲ့ဘူး…
အခုတလောတွေမှာ
အပျော်တဝတ်က လေဖြတ်ခံထားရပြီး
အပြုံးတပိုင်းကို ချိတ်ပိတ်ခံထားရလို့ ဘေးဘီကို တေးမသီရဲခဲ့ဘူး….
အခုတလောတွေမှာ
ဂျီကျတဲ့ ဗီဇကို ဖြေချကြည့်မိတိုင်း
မပီသတဲ့ဂီတနဲ့ မညီမျှတဲ့ဘဝကိုပဲ သီချင်းအဖြစ် ပြန်နားထောင်ဖြစ်တယ်…
အခုတလောတွေမှာလည်း အရင်တလောတွေလိုပါပဲ….
အရင်တလောတွေက အရင်အတိုင်းဖြစ်ပြီး
အရင်အတိုင်းတွေက အခုတလောအတိုင်းဖြစ်လို့
အခုတလောတွေကလည်း အရင်းအတိုင်းတွေနဲ့ အရင်တလောတွေလိုပါပဲ…
အခုတလောတွေမှာ…….........................အခုတလောတွေမှာ ။ ။
ဒီဇင်ဘာ မိုး
1 week ago
2 comments:
ကဗျာကောင်းလေး ခံစားသွားပါတယ်
အခုတလောတွေမှာ
စိတ်တွေကျကျပျောက်နေလို့ ....
Post a Comment