“ငါ့နှလုံးသားကို တရွက်ချင်းလှန်ဖတ်ပါ ဂျူလီယာ….”
ငါ့ကဗျာတွေက နင့်မျက်နှာပေါ်မှာ အိပ်ပျော်နေတာကြာပြီမို့
ငါ့နှလုံးသားကို တရွက်ချင်းလှန်ဖတ်ပါ ဂျူလီယာ….
ဘယ်ရောက်ရောက်ဘယ်ပေါက်ပေါက် ဘယ်သူသိသိမသိသိ
ကိုယ့်အမှန်တဲကိုယ်ငြိနေမိတဲ့ ညမီးခိုးတွေကို မျိုးပွားရင်း
နေရောင်ခြည်ထဲကို သက်ပြင်းတွေမှုတ်ထုတ်လိုက်တော့
အရာမရောက်တဲ့ မျက်ရည်တပေါက်က
နှလုံးသားရဲ့ အပေါ်ဆုံးအလွှာကို
အလိုအလျောက်ရောက်သွားတယ်ဆိုတာ နင်သိပါရဲ့လား ဂျူလီယာ….
ငါနင်းလျှောက်သွားတဲ့ လမ်းမတွေဟာ
နင်ဘယ်တုန်းကမှ မရောက်ခဲ့တဲ့ လမ်းမတွေပဲပေါ့…
တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဆပ်ပြာပူပေါင်းတွေပါ ဂျူလီယာ….
သောကငှက်တွေ အတောင်ညောင်းမယ့်ရက်ကို
ငါ့လက်ချောင်းတွေနဲ့ ခဲရာခဲဆစ်ရေတွက်ရင်း
စည်းမျဉ်းတချို့ကိုချိုးဖောက်လို့
ကိုယ့်ကိုကိုယ် သစ္စာဖောက်နေတဲ့ စက္ကန့်တွေမှာ
ငါ့ကိုယ်ငါထက် ငါနေတဲ့ကမ္ဘာကို ပျက်သုဉ်းစေချင်နေခဲ့တယ် ဂျူလီယာ….
ဒီလို လူသားဆန်တဲ့ အတ္တတချို့ကိုပဲ
မက်မက်စက်စက် ထုဆစ်နေခဲ့ရင်း ကိုယ့်ကိုကိုယ်ညီမျှခြင်းချခဲ့လို့
ကိုယ်နဲ့ထိုက်တန်တဲ့ နေ့တွေကိုပြန်ရခဲ့တာ ဆန်းသလား ဂျူလီယာ….
ငါ့အတွက် နင်မရယ်ပါနဲ့ မငိုပါနဲ့
ငါ့အကြောင်းကို နင်…ခေါင်းမစားပါနဲ့ သချာင်္မတွက်ပါနဲ့
ငါ့သောကကို နင်….မပူပါနဲ့ မယူပါနဲ့
ငါ့ပျော်ရွှင်မှုအတုကို နင်..ဂရုဏာမသက်ပါနဲ့ စိတ်မပျက်ပါနဲ့
ငါ့လမ်းကို နင်….မရောက်စေနဲ့ မလျှောက်လေနဲ့
ငါ့စကားကို နင်…..မကြားယောင်နဲ့ နားမထောင်နဲ့
ငါ့အမှောင်အတွက် နင်…မီးမဖွင့်ပါနဲ့ ခရီးမဖင့်ပါနဲ့
ငါ့အလွမ်းတိမ်တိုက်တွေထဲ နင်…မပျံဝဲလေနဲ့ အလံမလဲစေနဲ့ ဂျူလီယာ….
တကယ်ဆို..ငါက
အစမရှိတဲ့အဆုံးကိုရောက်ဖို့ အဆုံးမရှိတဲ့အစကိုရှာရင်း
ဒဏ်ရာကို ပြတိုက်မှာတင် အသက်ငင်နေသူတယောက်ပါ
ငါ့ပြပွဲအတွက် နင့်မျက်ရည်နဲ့ လက်မှတ်မဖြတ်ပါနဲ့ ဂျူလီယာ….
အဲဒီ ငါ့ရဲ့နက်မှောင်လွန်းတဲ့ ဒဏ်ရာတွေအတွက်
နင့်မနက်ခင်းတွေကို အစွန်းထင်းမခံစေချင်လို့ပါ
နင့်အိပ်စက်ချိန်တွေကို မပွန်းပဲ့စေချင်လို့ပါ ဂျူလီယာ...
အရာရာအားလုံးကို အဆုံးမသတ်ချင်လို့
ဒီအတိုင်းပဲထားလိုက်တော့ အရင်အတိုင်းပဲရှိပါစေကွယ်…
ငါက
ငါ့ဒဏ်ရာတွေအတွက် နင့်ကို အသက်မငင်စေချင်သူပါ ဂျူလီယာ
ငါ့ရဲ့တိတ်ဆိတ်တဲ့ ချစ်ခြင်းတွေနဲ့ပဲ နင့်ကို အသက်ရှင်စေချင်သူပါ ဂျူလီယာ…..။ ။
ဒီဇင်ဘာ မိုး
1 week ago
No comments:
Post a Comment