Tuesday, September 24, 2013





  

အကြောင်းအမျိုးမျိုးကြောင့်


မနက်ခင်းတွေကို အဟောင်း အဆိုးတွေနဲ့ မျက်နှာသစ်နေခဲ့ရတယ်…

အကြောင်းအမျိုးမျိုးကြောင့်
ဘာလုပ်လုပ် ဘာတွေးတွေး အနုတ်ဘက်ကို အားပေးနေခဲ့တယ်…
အကြောင်းအမျိုးမျိုးကြောင့်
ကဗျာတွေကန်းပြီး သီချင်းတွေသေနေတဲ့ လမ်းမှာ
ကိုယ့်အလောင်း ကိုယ်ပြန်ထမ်းထားရတယ်….
အကြောင်းအမျိုးမျိုးကြောင့်
တိုတောင်းလှတဲ့ လူ့ဘ၀ကာလတချို့ကို
ကျဉ်းမြောင်းအိုဟောင်းတဲ့ သမိုင်းထဲမှာ ကျောက်ချထားခဲ့ရတယ်….
အကြောင်းအမျိုးမျိုးကြောင့်
ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားခဲ့တဲ့ နှစ်ကာလတချို့က
သဲထဲကို တစက်ချင်းအသွန်ခံလိုက်ရတဲ့ ရေတွေဖြစ်ခဲ့ရတယ်….
အကြောင်းအမျိုးမျိုးကြောင့်
အရင်းရှင်ဆိုတဲ့ကောင်ကို အရင်ရှင်းဖို့ ကြိုးစားရင်း
ခွန်နဲ့အားတွေက နွံပါးဝပြီး ကျွန်ဘ၀နဲ့ အသားကျနေခဲ့ရတယ်….
အကြောင်းအမျိုးမျိုးကြောင့်
ကြမ္မာအဆိုးတွေက ခေါင်းမီးတောက်အောင် တောခြောက်ပြီး
ပြဿနာစစ်စစ်တွေက မီးခိုးကြွက်လျှောက် တကောက်ကောက်လိုက်နေခဲ့တယ်…
အကြောင်းအမျိုးမျိုးကြောင့်
အရင်အတိုင်းနဲ့ အခုအထွာမှာ လုပ်သမျှအံမ၀င်ခဲ့သလို ဖြစ်သမျှခွင်မကျခဲ့ဘူး….
အကြောင်းအမျိုးမျိုးကြောင့်
သေမိန့်ချခံထားရတဲ့ လူ့ဘ၀မှာ အတုအပတွေနဲ့ အရောတ၀င်နေထိုင်ခဲ့ရတယ်….
အကြောင်းအမျိုးမျိုးကြောင့်
အရေပြားပေါ် အယားပြေလမ်းထွက်လျှောက်နေတဲ့ လောဘကို ကျောမချနိုင်ခဲ့သေးဘူး…
အကြောင်းအမျိုးမျိုးကြောင့်
ကတိက၀တ်တွေနဲ့ မရှိမဖြစ်နေထိုင်နေရတဲ့ လူ့ဘ၀မှာ
အလျဉ်းသင့်ရာ နိမ့်မြင့်ကွေ့ကောက် ကြိုးတန်းပေါ် လမ်းလျှောက်နေခဲ့ရတယ်…
အကြောင်းအမျိုးမျိုးကြောင့်
ရှင်သန်နေထိုင်ရခြင်းကို စိတ်ကုန်တတ်ခဲ့ပေမယ့်
သေဆုံးထွက်ခွာသွားဖို့ကိုတော့လည်း ၀န်လေးနေတတ်ပြန်တယ်….
အကြောင်းအမျိုးမျိုးကြောင့်
အကောင်းနဲ့ အပေါင်းကို အတွေးထဲမှာထည့်ပြီး
အခုညကို လူ့ဘ၀ထဲက လူတယောက်လို အိပ်ကြည့်လိုက်ရင်
မနက်ဖြန်မနက်မှာ စိတ်လက်ကြည်ကြည်သာသာရှိလာနိုင်တယ်….
အကြောင်းအမျိုးမျိုးကြောင့်
ရခဲတဲ့ လူ့ဘုံကို ရသလောက်နဲ့ ရင်ခုန်နိုင်ဖို့အတွက်
ကြုံရာရက်တွေဆီကို အားခဲပြီး တောင်တက်သလို ခရီးဆက်ရဦးမယ်….။       

ဆောင်းယွန်းလ (စက်တင်ဘာ ၂၃ရက်၊ ၂၀၁၃)



1 comment:

သိ င်္ဂါ ရ said...

အကြောင်းအမျိုးမျိုးကြောင့်
ဒုက္ခ ဖြစ်လာကြသူတွေ အတွက် ...
အကြောင်းအမျိုးမျိုးကြောင့်
စောင့်နေရတဲ့ ဒုက္ခတွေ ...