Friday, October 4, 2013

“ငါးနာရီလာရ၏”



                        “ငါးနာရီလာရ၏”
ကမ်းမကပ်နိုင်ခဲ့သေးတဲ့ မျှော်လင့်ချက်တွေက ရေမိုင်ပေါင်း သိန်းခြောက်သောင်းငါးထောင်
နိုင်ငံတော်ပျောက်ဆုံးနေတဲ့ တောင်ဘက်အရပ်က တောင်စောင်းတွေနဲ့
နိုင်ငံတော်အိပ်ပျော်နေတဲ့ မြောက်ဘက်အရပ်က နွံအိုင်တွေကြားမှာ
ဆန္ဒဟာ ပြာအိုင်ထဲ အခဲမကြေမှုတွေနဲ့သားဖောက်ပြီး လွန့်လွန်လူးလျှက်
နေမထွက်ခဲ့ဖူးသေးသော နိုင်ငံတော်အရှေ့အရပ်ရှိ မြက်ခင်းတချို့နဲ့
လရိပ်မဲ့နေသော နိုင်ငံတော်အနောက်ဘက်မှ ပင်လယ်ထဲတွင် လှိုင်းကြီးလေထန်ပြီး
အားနဲ့မာန်မှာ ဓားနဲ့လှံထက် အသွားထက်တဲ့ ကရိယာတန်ဆာတွေကို ချိတ်ဆင်ထားလျှက်
ခြစ်ခြစ်တောက်အောင် အန်ထွက်နေတဲ့ နောက်ကျောက နေရောင်ခြည်အဟောင်းဟာ
ဘာသာဗေဒအသစ်အဆန်းတွေနဲ့ ကုန်ဖလှယ်ဖို့ ပလူးပလဲ ကျီစယ်ကျောသပ်ရင်း
မိုင်ကုန်အောင်နက်တဲ့ မိုက်တွင်းထဲမှာ ငရဲဟာ သူ့အသားကျမှုများနှင့်သူ အလံထူလျှက်
အပြာရောင်မျက်နှာဖုံးစွပ်နဲ့ ကောင်းကင်က အညိုရင့်ရောင် အနီပြစ်ပြစ်တွေကို မောင်းတင်ထားပြီး
တောမီးကို အိမ်ကြောင်က ဟုန်းဟုန်းတောက်အောင်ရှို့ထားတဲ့ အခန်းဆက်ဇာတ်လမ်းမှာ
ဘုံးဘုံးလဲနေတဲ့ အနာဂတ်မျှော်စိတ်ကူးတွေနဲ့ အတိတ်မေ့ဓလေ့တွေရဲ့ နှောင်ဖွဲ့မှုက
ကုထုံးမဲ့ ရောဂါဗေဒအသစ်စက်စက်တခု လူ့ကမ္ဘာကိုညတွင်းချင်း စခန်းသိမ်းတိုက်လိုက်သလိုမျိုး
အနာနဲ့မတည့်တဲ့ပိုးသတ်ဆေးတချို့ နှစ်ပရိစ္ဆေဒချောက်နက်ထဲ တစက်ချင်းလိမ့်ဆင်းသွားမှုနဲ့
အယားပြေ အရေပြားပေါ်လက်တည့်စမ်းထားတဲ့ ဆေးမင်ကြောင်တခုရဲ့ နောက်ကြောင်းရာဇ၀င်မှာ
သေဆုံးသွားသူတွေရဲ့ ကံကောင်းခြင်းက ၂၅% ရှင်သန်နေသူတွေရဲ့ ကံဆိုးခြင်းက ၇၅%
ဂဏန်းပေါင်းစက်တလုံးနဲ့ ပေါင်းနှုတ်တွက်ချက်ထားတဲ့ ရာခိုင်နှုန်းပုစ္ဆာမှာ  
ဥာဏ်နဲ့ဝီရိယဟာ မသိကိန်းများဖြစ်ပြီး
ဘ၀တွေကို မိုင်ကုန်စက်ဖွင့်မောင်းနေကြရတဲ့ လမ်းမကြီးမှာ ခရီးကကြမ်းတယ်…..။          

ဆောင်းယွန်းလ (အောက်တိုဘာလ ၄ရက်၊ ၂၀၁၃ခုနှစ်)