“တရွက်ချင်းပြန်လှန်ဖတ်မိတဲ့ အသိ”
အရေပြားကို
ခပ်စိမ်းစိမ်း ထိုးထိုးစိုက်နေတတ်တဲ့
အစိမ်းရင့်ရောင်
လေအေးတွေက
အမှတ်သညာနဲလွန်းတဲ့
ခန္ဒာကိုယ်ပေါ်ကိုမှ
မနက်ခင်းမှာလန်းတဲ့
ပန်းတွေလို ပွင့်ချနေကြပြန်တယ်…..
အဲဒီမှာ…
ပါးလျပိန်သွယ်လွန်းနေတဲ့
လက်ချောင်းတွေထဲက
တစက်ချင်း
စီးကျလိမ့်ဆင်းသွားတဲ့ သီချင်းကို
လေပူပေါင်းတလုံးရဲ့
ပေါက်ကွဲသံလို တီးခတ်ပစ်ခဲ့လိုက်နိုင်တယ်…
အဲဒီမှာ…
အရောင်မွဲမှိန်နေတဲ့
့မိုးတိမ်နံရံတွေပေါ်မှာလည်း
စိန်ရတု ပတ္တမြားရတုဆိုတဲ့
တံဆိပ်လှလှတွေကပ်ပြီး
ဆီမီးထိန်ထိန်
ထွန်းချင်ထွန်းထားခဲ့နိုင်တယ်….
အဲဒီမှာ….
အရိပ်ထက်ရှည်လျားတဲ့
ခြေထောက်တွေထဲက
ထွက်ကျလာတဲ့
ခရီးမိုင်တွေကိုလည်း
ဒိုင်ယာရီထဲက
အပြီးအပိုင်ဖယ်ထုတ်ပြီး
အတိတ်ဆိုတဲ့
လူ့သမိုင်းကို ချောက်နက်ထဲပစ်ချထားခဲ့နိုင်တယ်….
အဲဒီမှာ..
ဇာတ်ဝင်ခန်းရဲ့
ပူဆွေးသောကနဲ့ အလွမ်းတွေကို
ဟာသသရုပ်ဆောင်တယောက်ရဲ့
ပြက်လုံးတချို့နဲ့ အစားထိုးဖို့
ဇာတ်သိမ်းပိုင်းကို
ဇာတ်ညွှန်းခွဲလို့မပြီးသေးဘူး….
ဟောဒီ..
ရွေးချယ်စရာတွေများလွန်းတဲ့
ကမ္ဘာမှာ
တန်ဘိုးမရှိတဲ့
ကံကြမ္မာကိုဈေးဝယ်ထွက်ရတာ အခြောက်သွေ့ဆုံးပဲ…
ပျောက်…ပျက်…ကုန်…လွယ်လွန်းခဲ့တဲ့
လူ့ဘ၀ သက်တမ်းတ၀တ်ကျော်ကျော်အတွက်
ပုခက်လွှဲတဲ့
အမေ့ရဲ့လက်တွေညောင်းခဲ့တာပဲ အဖတ်တင်ခဲ့တယ်….။
ဆောင်းယွန်းလ
(ဒီဇင်ဘာ ၄ရက်၊ ၂၀၁၃ခုနှစ်)
No comments:
Post a Comment