Tuesday, January 1, 2008


”၂၀၀၈ ဇန်နဝါရီရဲ့ အစီအရင်ခံစာ”

လွတ်မြောက်ပါရစေလို့ချည်း ရွေးပြီးဦးချနေရတဲ့ဆုတောင်း
ဒူးတွေတောင် ညောင်းကုန်လှပေါ့
မျက်ရည်တွေချည်း ရွေးကျနေရတဲ့
ဒီနိုင်ငံကြီးတခုထဲမှာ
ဂုဏ်ပြုတေးတွေလည်း ဆိုရပါများလို့
အာခေါင်တွေတောင်တစ်ဆို့
ပျို့တက်လာတတ်တဲ့ နှစ်ချို့ဝေဒနာ……

နောက်ကျခြင်းတွေချည်း ရွေးသီးနေရတဲ့
တိုးတက်မှုပြဇယား သစ်ပင်ပေါ်မှာ
မျက်နှာငယ်ရပါများလို့
ချို့တဲ့နေတဲ့လူ့ဘုံခန်းဝါ
ဒါ ကမ္ဘာ့ရွာအပြင်ဖက်က ငါတို့မြန်မာ……

ပိုလန်ကဗျာဆရာက ဒီလိုဖွဲ့ဆိုခဲ့
သူ့ရဲ့ခံစားချက်တလှေကြီးကို…
”စစ်ပွဲရဲ့ ကျေးဇူးကြောင့် ကလေးမျိုးစိတ်အသစ်စက်စက်ကို
ငါတို့ ဖန်တီးနိုင်ကြပြီ
ငါတို့ကလေးငယ်တွေဟာ နတ်သမီးပုံပြင်တွေကိုမကြိုက်ဘူး
သတ်တမ်းဖြတ်တမ်း ကစားဖို့ပဲ စိတ်ဝင်စားကြတယ်
နိုးနိုးအိပ်အိပ် သူတို့အိပ်မက်မက်ကြတာက
ပေါင်မုန့်နဲ့အရိုးစွပ်ပြုတ်
ခွေးတွေကြောင်တွေအတိုင်းပဲ” တဲ့……

ကြေကွဲပွင့်တွေချည်း ရွေးပွင့်နေရတဲ့
ဒီမြေကြီးပေါ်မှာ
နှစ်ပေါင်းများစွာရပ်လာရတဲ့ ငါက
ဒီလိုရေးဖွဲ့ချင်ရဲ့
ကလေးတွေနဲ့ လူကြီးတွေရဲ့ခံစားချက်တူညီမှုနဲ့
တုန့်ပြန်မှုကွဲပြားခြားနားချက်ကို…..
သူတို့ကမွန်းကျပ်ကြတယ်
အခန်းကျဉ်းတွေထဲမှာ နေရပါများလို့
အလင်းရောင်နဲ့ အားပါးတရရှုသွင်းနိုင်မယ့်လေကိုမွတ်သိပ်ရင်း
မြေသင်းနံ့မွှေးစေမယ့်လတ်ဆက်မိုးရေကိုတမ်းတရင်း
ကမ္ဘာကြီးရဲ့ဖိတ်ကြားလွှာတွေကိုလည်တဆန့်ဆန့်မျှော်ရင်း
သေမင်းခံတွင်းဝကပြေးထွက်ဖို့ကြိုးစားကြ
ကလေးတွေက လက်တွေကိုလေထဲဆန့်ထုတ်ကြ
လူကြီးတွေက ရင်ဘတ်ဗလာကိုတံဆိပ်ကပ်ရင်း
ကလေးတွေကြီးပြင်းဖို့ နှစ်ချို့အနာနဲ့ရုံးတက်ကြ…..

ငါတို့ကလေးတွေက အချစ်ဝတ္ထုတွေကိုမမက်မောကြဘူး
ကျဉ်းထဲကျပ်ထဲက ခပ်ရဲရဲအရေးအသားတွေကိုဘာသာပြန်ဖို့
သူတို့ရဲ့ ဘဝပေးအသိတွေနဲ့ရင်းပြီးစိတ်ဝင်တစားဖတ်ကြတယ်
လူကြီးတွေက ဆိုင်းဘုတ်တပ်ကြော်ငြာတွေထက်
မတရားဖြတ်တောက်တားဆီးခံရတဲ့ လေလှိုင်းအသံတွေကို
ပိုပြီးမြတ်နိုး အားကိုးတကြီးနားထောင်ကြတယ်…..

အဲဒီလိုနဲ့
ညနေခင်းတွေမှာလည်း
သူတို့ရဲ့လမ်းမတွေဟာအကွဲကွဲအပြဲပြဲ
နံနက်ခင်းတွေမှာလည်း
သူတို့ရဲ့နေရောင်ခြည်ဟာအနွေးဓာတ်မပါ အေးခဲ
ညနက်တွေထဲမှာတော့
ဗိုင်းရပ်စ်ပိုးမွှားတွေကအသက်ရှင်
နွယ်တပင်လိုတွယ်ရစ်နေတဲ့ သူတို့ရဲ့တောင့်တမှုလွတ်မြောက်ခြင်း
တနင်္လာနံနက်ခင်းမှသည် တနင်္ဂနွေညခင်းဆီထိ
၁၉၆၂ မှသည် ၂၀၀၈ ဇန်နဝါရီတိုင်ထိ……..။


၂၀၀၈ခုနှစ်ဧ။် ပထမဦးဆုံးခံစားချက်အား ယနေ့နံနက် အိပ်ရာထထချင်း ခံစားချက်ပြင်းပြင်းတချို့နှင့်အတူ ဖောက်ခွင်းမိပါသည်။ မျှဝေခံစားနိုင်ကြပါစေ
လို့ဆုတောင်းရင်း………….
ဆောင်းယွန်းလ
ဇန်နဝါရီလ ၁ရက်နေ့ ၂၀၀၈ခုနှစ်




3 comments:

ကောင်းကင်ကို said...

ကဗျာလေးကောင်းတယ်ဗျာ။ ခံစားချက်ပြင်းပြင်းနဲ့ နှစ်ခေါက်ဖတ်သွားပါတယ်။

Yaw Han Aung said...

ဒီကဗျာကတော့ ၂၀၀၈ ကို စတင်ခွင်းလိုက်တဲ့ ခင်ဗျားရဲ့ Master Piece ပဲ ထင်ပါရဲ့။

Nyein Chan Aung said...

ကဗျာ ကြိုက်တယ်ဗျာ ။ ကိုဆောင်းယွန်းလရဲ့ ကဗျာရေးအား ကတော့ တကယ် အားကျဖွယ်ပါပဲ။မြိုသိပ်ထားရတာ တွေ များနေလို့ဖြစ်မယ် ထင်တယ်။