Thursday, January 10, 2008

”ခံစားကြည့်မိတဲ့ စက်တင်ဘာ”
ဟောဒီ ခံစားတတ်လွန်းတဲ့
ရင်ခွင်ကြီးကိုမှ
တည့်တည့်ဝင်တိုးတတ်ပလေ
စက်တင်ဘာရေ

ဟောဒီ စွဲလမ်းတတ်လွန်းတဲ့
စိတ်ဓာတ်တွေကိုမှ
နှိုးဆွတတ်ပလေ
စက်တင်ဘာရေ

မင်းရဲ့ရက်စွဲတွေပေါ်မှာ
မျက်ရည်တွေပြည့်လျှံခဲ့
မင်းရဲ့နာရီတွေပေါ်မှာ
ငါ့ကဗျာတွေ အဆုပ်လိုက်ကြွေကျ…

မင်းရဲ့အချိန်ကာလနဲ့
မင်းရဲ့သတင်းစကားတွေမှာ
အပြင်းဖျားခဲ့သူတွေ ဒုနဲ့ဒေး
မင်းရဲ့ပရိတ်တေးတွေကလည်း
သံဃာ ခွပ်ဒေါင်းတွေရဲ့ သွေးတွေနဲ့အတူစီးမြော
မိုးမီးအိမ်မလင်းနိုင်သော
ညနက်တောထဲက စက်တင်ဘာ..

ဒီမှာတော့ ကြေကွဲ
နာကျည်းချက် ရက်စွဲတွေပိုပြီးများလာ
ကြွေရက်စောရှာသူတွေအတွက်
လေးနက်စွာဂုဏ်ပြုပါရစေ

စက်တင်ဘာရေ….
မှုတ်မှုတ်ထုတ်လိုက်ရင်း
ခုန်ဆင်းသွားရတဲ့သက်ပြင်းတွေ
မင်းရဲ့ရင်ခွင်မှာကြွင်းရစ်
သီချင်းသစ်တပုဒ်ဖြစ်တိုင်း
ရဲရင်ခြင်းလှိုင်းတွေမွေးထုတ်….

မိုးကြိုးသွားလိုပြင်းရှတဲ့အချိန်ခါ
စက်တင်ဘာ..
အဲဒီမှာ
ကဗျာတွေအဆုပ်လိုက်ပွင့်
ပြီးတော့ ကဗျာတွေတပွင့်ချင်းကြွေ
ရီဝေသောနှုတ်ဖျားတွေနဲ့အတူ
လေဆန်ငှက်တွေရဲ့အုပ်ဖွဲ့ပျံသန်းမှုအားတွေယူ….

စက်တင်ဘာ
မင်းရဲ့ ရင်ခွင်အနာကိုကုစားနိုင်ဖို့က
အချိန်အခါနဲ့နေရာဒေသမဟုတ်ဘူး
ပြီးတော့..
ကြိုးညှိရမဲ့တယောအိုတလုံးလည်းမဟုတ်သလို
ညူကလီးယားဗုံးတလုံးလည်းမလိုဘူး

စက်တင်ဘာ…
ငါတို့က
ကုစားလို့ပျောက်တဲ့အနာကို
မြိုသိပ်ရင်းမွေးထားတာမဟုတ်
သမိုင်းပေးဒဏ်ရာကို
နာနာကျင်ကျင်ကျင်ရင်မှာပိုက်ရင်း
ပျိုးစေ့ကျဲတဲ့လက်နဲ့ ကိုယ်တိုင်ရိတ်သိမ်းကြမှာ

ဒီတော့
ငိုကြွေးပေဦးပေါ့ စက်တင်ဘာ
မင်းရဲ့ ရှိုက်ငင်သံကိုနာခံရင်း
လေဆန်ကိုခွင်းမယ့်ငှက်
တရက်ပြီးတရက် အသက်ဆက်မယ်
တောင်တန်းတွေအနှံ့
မြေပြန့်တွေအနှံ့
မြို့ပြတွေအနှံ့
ကျေးလက်တွေအနှံ့
ပြီးတော့
စီးဆင်းသွားတဲ့ နှလုံးသွေးတွေနဲ့အတူ…။
ဆောင်းယွန်းလ

2 comments:

ကောင်းကင်ကို said...

င်းရဲ့အချိန်ကာလနဲ့
မင်းရဲ့သတင်းစကားတွေမှာ
အပြင်းဖျားခဲ့သူတွေ ဒုနဲ့ဒေး
မင်းရဲ့ပရိတ်တေးတွေကလည်း
သံဃာ ခွပ်ဒေါင်းတွေရဲ့ သွေးတွေနဲ့အတူစီးမြော
မိုးမီးအိမ်မလင်းနိုင်သော
ညနက်တောထဲက စက်တင်ဘာ..

စက်တင်ဘာကို ပြန်မြင်ယောင်ရင်း ကြေကွဲသွားပါတယ်။

Nyein Chan Aung said...

စက်တင်ဘာ…
ငါတို့က
ကုစားလို့ပျောက်တဲ့အနာကို
မြိုသိပ်ရင်းမွေးထားတာမဟုတ်
သမိုင်းပေးဒဏ်ရာကို
နာနာကျင်ကျင်ကျင်ရင်မှာပိုက်ရင်း
ပျိုးစေ့ကျဲတဲ့လက်နဲ့ ကိုယ်တိုင်ရိတ်သိမ်းကြမှာ

စက်တင်ဘာ... နှလုံးသွေးစက်လက်နဲ့ ထုလုပ်ခဲ့တဲ့ စက်တင်ဘာ..။ အမြဲအားပေးလျှက်ပါ ကိုဆောင်းရေ..။