Saturday, January 12, 2008

အခုတလော ကဗျာရေးရမှာတော်တော်ကြောက်နေတယ်ဗျာ။ မျိုးသန့်ရဲ့ ”ခေတ်ပေါ်မြန်မာ
ကဗျာဆောင်းပါးများ” ဆိုတဲ့စာအုပ်ကလေးကိုစပြီးဖတ်လိုက်ရတဲ့နေ့ကတည်းကပေါ့။ ဒါပေ
မယ့်လည်း မရေးရရင်မနေနိုင်တော့ ကဗျာဖြစ်ဖြစ်မဖြစ်ဖြစ် ရေးမယ်ကွာ ”ကိုယ့်ဖာသာကိုယ်
ရေးတာ ဘာဖြစ်သလဲ“ လို့တွေးမိရင်း ရင်ထဲမှာရှိတာတွေကို အောက်ပါအတိုင်း ချရေးလိုက်
မိပါလေရဲ့ဗျာ.။
ဒီကဗျာလေးမှာပုဂ္ဂလိကခံစားမှုများပါရောစပ်ထားတာဖြစ်နေတဲ့အတွက် ဘလော့ဂ် ပေါ်မှာတင်သင့်မတင်သင့်အကြိမ်ကြိမ်စဉ်းစားပြီးမှအခုလိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဖြစ်ညှစ်လုပ်ယူခြင်းများ လုံးဝမပါဘဲ ခံစားချက်များက အလိုအလျောက်စီးဆင်းသွားခြင်း မျှသာဖြစ်ပါတယ်။
လာရောက်ဖတ်ရှုအားပေးသူများအားလုံးလည်း ကျနော်နှင့်အတူနားလည်ခံစားနိုင်ကြပါစေ။

”၃၈ကိုသရုပ်ခွဲကြည့်ခြင်း”
မကြာခင်
၃၉ တောင်ပေါ်ကိုတက်တော့မယ့်ငါ
ငယ်စဉ်က..
ဘဝမှာ
ဆုံးရှုံးခဲ့တာတွေသိပ်များ
ဖြစ်ပါ့မလားလို့တွေးနေခဲ့တဲ့
ချီတုန်ချတုန်တွေ တပုံတခေါင်း….

ဆယ်ကျော်သက်..
ဘဝမှာ
ဒဏ်ရာဒဏ်ချက်တွေနှိပ်စက်
ရွေးစရာမရှိခဲ့တဲ့
တခုတည်းသောဝင်ပေါက်ထွက်ပေါက်နားမှာ

ဘဝမှာ
ကြေကွဲစရာတွေသိပ်များ
သူငယ်ချင်းတွေနဲ့ဝေးခဲ့ရင်း
မိသားစုချစ်ခြင်းတွေရဲ့ဝေးရာ….

ငါ.ဟိုးအနှစ်၂၀တာကာလကိုပြန်တွေးကြည့်
လေထဲကြေကွဲရင်း
သံစဉ်ခပ်ပြင်းပြင်းတွေကို
ရဲရဲတောက်ဟစ်ရင်း
နေခပ်ပြင်းပြင်းနေ့တနေ့မှာ
ငါဟာ လူပင်လယ်ကြီးတစင်းထဲ
ခပ်ရဲရဲစာသားတွေညှစ်ထုတ်ရင်း
အဖေ့ရုံးရှေ့နားရောက်လာ…

အဖေဟာငါ့ကိုခေါ်ထုတ်
သူ့စားပွဲရှေ့ငုတ်တုတ်ထိုင်စေ
တရားတွေချ.
အဖေ့စကားနားထဲကြားယောင်
လိုအပ်ရင်ငါတို့ထမ်းဆောင်မယ် ဒီအလုပ်တွေကို
ကဲ.ဘာလိုသလဲပြော
ရော့.ပိုက်ဆံ ဆေးလိပ်ဝယ်သောက်
ပြီးရင်အိမ်ပြန်.စာမှန်မှန်ကျက်
ဒါဟာမင်းရဲ့တာဝန်.ပြီးတော့
မမိုက်ချင်ပါနဲ့ကွာတဲ့ ….
တခါမျှ.ငါ့ကိုကြည့်မရတဲ့အဖေ
ဆေးလိပ်ဖိုးတွေဘာတွေပေးရင်း
ချော့နေလိုက်ပုံများ
ငါတခါမျှတွေးမထားခဲ့မိပုံမျိုး..

ဟိုး.ဆရာရပ်
လက်ယက်ပြီးတား
ဆိုက်ကားခပေးပြီးအိမ်ပြန်လွှတ်တဲ့အဖေ
ငါ့အကြောင်းမသိသေးသမို့ထင်ပါ့
လမ်းကွေ့တခုအရောက်
လေထဲလက်မြှောက်ရင်း
ဆိုက်ကားပေါ်ကခုန်ဆင်း
သူငယ်ချင်းရဲဘော်ရဲဘက်တွေရဲ့
ငြိမ်းချမ်းစွာတောင်းဆိုမှုပွဲထဲမှာ..ငါ
ခပ်ရဲရဲလမ်းလျှောက်ရင်း
ညီအကိုမောင်နှမ မိဘတွေနဲ့ဝေးသွား
ပြန်မဆုံနိုင်ကြတော့တဲ့မျဉ်းပြိုင်များပမာ..

ကောင်းကင်ထက်က နေလုံးကြွေကျ
စက်တင်ဘာ၁၈ရဲ့ ညနေ
မြင်သမျှအရာ မှိုင်းလို့ဝေနေခဲ့
မြစ်ဝကျွန်းပေါ်တနေရာက
ချစ်သူမျက်နှာကဗျာတပုဒ်
တသက်တာ ပြဲစုတ်
အပြီးတိုင်ဆွဲထုတ်ခံခဲ့ရတဲ့ နှလုံးသားစာမျက်နှာ
ဒါ.ငါ့တယောက်တည်းရဲ့သီးသန့်ခံစားချက်မဟုတ်
ထောင်သောင်းမကများပြားလှတဲ့
ညီအကိုမောင်နှမတွေအားလုံးရဲ့စာမျက်နှာ ….

ဘဝမှာ
အလျော်အစားတွေသိပ်များ
ရေနှစ်ခါချိုးမရနိုင်တဲ့ မြစ်တခုအနားမှာ
မင်းထားခဲ့တဲ့ဒဏ်ရာတွေဆေးကြောရင်း
ဆံချည်မျှင်တွေတောင် ငွေရောင်စွန်းထင်းကုန်
ဖြစ်ကြောင်းကုန်စင်ရှင်းမပြချင်တော့
ဘလော့ဂ်ပေါ်မှာ သွေးညှီနံ့တွေရလွန်းလို့…

လာမယ့် ဖေဖော်ဝါရီမှာ
ငါဟာ ၃၉ တောင်ပေါ်ကိုဆက်တက်ရတော့မယ်
ဒီလို ၃၈ကိုသရုပ်ခွဲကြည့်ခြင်းကဗျာမျိုးနဲ့
ငါ့ရဲ့ ဘလော့ဂ်ကြမ်းပြင်မှာ မိုးမသည်းစေချင်တော့…

ဘဝမှာ..
တခါမျှမဆိုဖူးသေးတဲ့
အေးငြိမ့်စွာဆီးဆင်းသွားမယ့် သီချင်းလေး
ငါကိုယ်တိုင်ရေးချင်လှပြီ
မျိုးဆက်အသစ်တွေရဲ့လက်နဲ့
ငါ့ရဲ့နှလုံးသွေးဆေးမင်တွေပေါင်းစပ်ရင်း….

ဘဝမှာ
တခါမျှမကြားဖူးသေးတဲ့
ကြည်လင်စွာဖြတ်တိုက်သွားမယ့်အသံ
ငါကိုယ်တိုင်ကြားချင်လှပြီ……
နားစည်ကို လှပတဲ့ကာရန်တွေနဲ့အနားသပ်စေဖို့
မျိုးဆက်ဟောင်းတွေရဲ့ညီညွတ်ရေး
မျိုးဆက်သစ်တွေရဲ့ အလှဆုံးတေးတွေနဲ့ပေါင်းစပ်ပြီး
ငါတို့….ခရီးဆက်ကြရအောင်…။
ဆောင်းယွန်းလ

6 comments:

Nyein Chan Aung said...

ဘဝမှာ
အလျော်အစားတွေသိပ်များ
ရေနှစ်ခါချိုးမရနိုင်တဲ့ မြစ်တခုအနားမှာ
မင်းထားခဲ့တဲ့ဒဏ်ရာတွေဆေးကြောရင်း
ဆံချည်မျှင်တွေတောင် ငွေရောင်စွန်းထင်းကုန်
ဖြစ်ကြောင်းကုန်စင်ရှင်းမပြချင်တော့
ဘလော့ဂ်ပေါ်မှာ သွေးညှီနံ့တွေရလွန်းလို့…

လာမယ့် ဖေဖော်ဝါရီမှာ
ငါဟာ ၃၉ တောင်ပေါ်ကိုဆက်တက်ရတော့မယ်
ဒီလို ၃၈ကိုသရုပ်ခွဲကြည့်ခြင်းကဗျာမျိုးနဲ့
ငါ့ရဲ့ ဘလော့ဂ်ကြမ်းပြင်မှာ မိုးမသည်းစေချင်တော့…

ကဗျာကောင်းပါတယ် ကိုဆောင်း။ ဘာဖြစ်လို့မ၀ံ့မရဲဖြစ်။ ကဗျာဆရာက ခေတ်တခုကိုဖြတ်သန်း..။ သူဖြတ်တဲ့ ခေတ်မှာ သူမြင်ရာသူရေးမှာပေါ့။ ကိုယ်တိုင်ဇာတ်လိုက်လည်း ဖြစ်နိုင်.. ဇာတ်ကြောင်းပြောပြသူလည်း ဖြစ်နိုင်တယ် မဟုတ်လား။ ချပါဗျာ။

Pinkgold said...

သြော် 39 တောင် ဖြစ်တော့မှာလား
ဒါဆို ကိုကိုဂျီးပေါ့နော်
ကဗျာလေး တော်တော် မိုက်တယ်.. ပြောတော့ ပြောချင်တယ် ဒါပေမယ့် မိုက်တယ် ကောင်းတယ်ကလွဲလို့ ကျန်တာ မပြောတတ်လို့ အိအိ

LIN LET KYAL SIN said...

ကဗျာလေးရဲ့ ခံစားချက်က ပေါ်လွင်ထိမိတယ်အကို ။ ညီမ ဒီမနက်ရေးလိုက်တဲ့ ကဗျာအသစ်တစ်ခုကိုလည်း လာရောက်ဖတ်ပေးနော် :)

chaos said...

မျိုးဆက်ဟောင်းတွေရဲ့ညီညွတ်ရေး
မျိုးဆက်သစ်တွေရဲ့ အလှဆုံးတေးတွေနဲ့ပေါင်းစပ်ပြီး
ငါတို့….ခရီးဆက်ကြရအောင်…။

အားမာန်ပါတဲ့ ကဗျာလေးတွေ
အမြဲရေးတဲ့ အစ်ကိုတစ်ယောက်
ဖေဖော်ဝါရီမှာ ပျော်ရွှင်နိုင်ပါစေ
စကားမစပ်
ဖေဖော်ဝါရီ born ချင်းတူသွားပီ အစ်ကိုရ :)

ကောင်းကင်ကို said...

ကာင်းကင်ထက်က နေလုံးကြွေကျ
စက်တင်ဘာ၁၈ရဲ့ ညနေ
မြင်သမျှအရာ မှိုင်းလို့ဝေနေခဲ့
မြစ်ဝကျွန်းပေါ်တနေရာက
ချစ်သူမျက်နှာကဗျာတပုဒ်
တသက်တာ ပြဲစုတ်
အပြီးတိုင်ဆွဲထုတ်ခံခဲ့ရတဲ့ နှလုံးသားစာမျက်နှာ
ဒါ.ငါ့တယောက်တည်းရဲ့သီးသန့်ခံစားချက်မဟုတ်
ထောင်သောင်းမကများပြားလှတဲ့
ညီအကိုမောင်နှမတွေအားလုံးရဲ့စာမျက်နှာ ….

ကဗျာလေးခံစားသွားတယ်အစ်ကို။

kyawhlaingoo said...

ကိုဆောင်း
ကျနော်ကိုဆောင်းကိုပိုပြီးလေးစားလာတယ်...များများရေးပါ..ပုံပြင်ဟောင်းတေိကိုလွင့်ပစ်ပြီး..သမိုင်းအသစ်နဲ့ သမိုင်းအစစ်ကိုရေးဖို့...ကျနော်လည်းလိုက်မယ်...ချန်မထားနဲ့...နော။