Saturday, February 9, 2008

ယဉ်ကျေးမှုများ ပျောက်ကွယ်ဆိတ်သုဉ်းသွားပြီလော…

ဖတ်ခဲ့ဖူးတဲ့စာပေတွေအရ ကျနော်ကြားဖူးနားဝရှိသလောက် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေက တယ်ပြီးယဉ်ကျေးကြဆိုသဘဲ။ ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်တခုဟာ
နှစ်ကာလအပေါ်မှာစီးမြောရင်းနဲ့ ချိနဲ့သွားကြရပါသလား။ ဒါမှမဟုတ် နည်းပညာတိုးတက်မှု
သိပ္ပံပညာတိုးတက်မှုစတဲ့ ခေါင်းစဉ်တွေရဲ့အောက်မှာဘဲ ယဉ်ကျေးမှုဟာ ကျိုးပဲ့တတ်ပါ
သလား။ တကယ်တမ်းတော့ ထိုအကြောင်းတရားများကြောင့် ယဉ်ကျေးမှုကျိုးပဲ့ပျက်စီးရ
ခြင်းမဖြစ်နိုင်လှပေ။ ယဉ်ကျေးမှုချို့တဲ့ယို့ယွင်းလာရခြင်း၏ အဓိကတရားခံမှာ ယဉ်ကျေးမှု
ကိုပြုလုပ်သူ လူသားတို့၏ စိတ်ဓာတ်များပေါ်တွင်သာအခြေခံပြီး နိုင်ငံကိုအုပ်ချုပ်သော
အစိုးရတစ်ရပ်အပေါ်တွင်သာပိုပြီးအခြေခံသည်ဟုဆိုရပေလိမ့်မည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကျနော်အမျိုးမျိုးစဉ်းစားကြည့်မိခဲ့ လေ့လာကြည့်မိခဲ့
သည်မှာ ဆယ်စုနှစ်တခုစာမျှပင်ကြာခဲ့ပေပြီ။ ၁၉၈၈ ခုနှစ်များနောက်ပိုင်း ကျနော်မြန်မာပြည်မှ
ထွက်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် မလွတ်လပ်သောဘဝတချို့နှင့်ပေါင်းဖက်ခဲ့ဖူးလေ၏။
လွတ်လပ်မှုရှိသောနိုင်ငံတနိုင်ငံ၌ နေထိုင်ကြသော ပြည်သူပြည်သားများအနေဖြင့်
လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိသည်ဆိုသည်မှာကား ယုံမှားဖွယ်ရာမရှိပေ။ ထို့ကြောင့်ထိုင်းနိုင်ငံသားများအနေဖြင့် မိမိတို့မကြိုက်သည့် အစိုးရတရပ်အား မကြိုက်ကြောင်း
ပြောဆိုနိုင်ခွင့်ရှိသလို တခြားသောလွတ်လပ်ခွင့်များလည်းရှိကြကြောင်းကို ကျနော်ကိုယ်တိုင်
မျက်မြင်ကိုယ်တွေ့သိရှိခဲ့ရပါသည်။ ထိုလွတ်လပ်မှုနှင့်အတူ ထိုင်းလူမျိုးတို့၏ ယဉ်ကျေးမှု
အကြောင်းတစေ့တစောင်းကိုလည်း ကျနော်အနေဖြင့် အကဲခတ်လေ့လာသိရှိခဲ့ရပါသည်။

ကျနော်တို့မြန်မာလူမျိုးများ လူတဦးနှင့်တဦးတွေ့ကြလျှင် နှုတ်ခွန်းဆက်စကားအနေဖြင့်မင်္ဂလာ
ပါဟုပြောလေ့ရှိကြကြောင်းကို မြန်မာယဉ်ကျေးမှုစာပေများအရ လေ့လာသိရှိခဲ့ရသော်လည်း လက်တွေ့ ပြင်ပလောက၌ မင်္ဂလာပါဟူသောအသုံးအနှုံးကို လူတဦးနှင့်တဦးတွေ့ဆုံစဉ် ပြော
လေ့ပြောထမရှိသလောက်ပင်ရှားပါးလှပါသည်။ စာအရေးအသား၌သာ သုံးလေ့သုံးထများ
သည်ဆိုကြောင်း လူတိုင်းလက်ခံသဘောပေါက်မိပေလိမ့်မည်ဖြစ်၏။ ထိုင်းလူမျိုးများတဦးနှင့်
တဦးတွေ့ဆုံပါက ဆာဝါဒီခပ်ဟူသောနှုတ်ခွန်းဆက်စကားကို ကလေးမှအစ သက်ကြီးရွယ်အို
အဆုံး နေ့စဉ်သုံးစကားအဖြစ်တွင်တွင်သုံးလေ့ရှိကြပြီး လူတဦးနှင့်တဦးလေးစားရိုသေမှုရှိကြ
ကြောင်းကို ထိုင်းနိုင်ငံကိုရောက်ဖူးသူတိုင်း ထိုင်းလူမျိုးများအကြောင်းလေ့လာဖူးသူတိုင်းသိရှိ
ကြပေလိမ့်မည်။

ကျနော်ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှစ်ကြိမ်နေထိုင်ဖူးခဲ့ပါတယ်။ ပထမတကြိမ်က တနှစ်
လောက်ကြာပြီး ဒုတိယအကြိမ်ကတော့ ထိုင်းနဲ့အင်္ဂလန်နိုင်ငံပူးတွဲဖွင့်လှစ်ထားတဲ့ကောလိပ်
တခုမှာ နှစ်နှစ်ကြာတက်ပြီး အမေရိကန်နိုင်ငံကိုမထွက်ခင်အထိဆိုရင် သုံးနှစ်ကျော်နီးပါးနေ
ထိုင်ခဲ့ဖူးပါတယ်။ ပထမတကြိမ်တနှစ်လောက်နေတုန်းကတော့ ကျနော့်မှာတရားဝင်နေထိုင်
ပိုင်ခွင့်မရှိဘဲ ဘန်ကောက်မြို့မှာခိုးကြောင်ခိုးဝှက်နေထိုင်ခဲ့ရတာပါ။ ဒါပေမယ့် ထိုင်းရဲတွေနဲ့
လူဝင်မှုကြီးကြပ်ရေးတွေကလွဲပြီး ဘယ်သူ့ကိုမျှမကြောက်ခဲ့ရပါဘူး။ ထိုင်းလူမျိုးများဘယ်
လောက်ယဉ်ကျေးကြသလဲဆိုရင် ကျနော်တို့လို တရားမဝင်နေထိုင်နေကြတဲ့ဗမာလူမျိုးတွေ
သူတို့ပတ်ဝန်းကျင်ရပ်ကွက်မှာနေထိုင်နေလို့လည်း ရန်လုပ်တယ်ဘာရယ်လို့မရှိခဲ့ကြပါဘူး။
ခြွင်းချက်အနေနဲ့ ရိုင်းပျစော်ကားတတ်ကြတဲ့သူအနည်းငယ်တော့ရှိကြတာပေါ့။ ဒါကတော့
ဘယ်နိုင်ငံဘယ်လူမျိုးမှာမဆို ခြွင်းချက်အနေနဲ့ရှိတတ်ကြတာမို့ခွင့်လွှတ်နိုင်စရာပါ။ အဲဒီ
ကာလများမှာ ကျနော်နက်နက်နဲနဲစဉ်းစားမိခဲ့တဲ့အကြောင်းအရာကတော့ ”တကယ်လို့သာ
ငါတို့မြန်မာနိုင်ငံမှာ ထိုင်းလူမျိုးတွေက ငါတို့သူတို့နိုင်ငံမှာနေသလို တရားမဝင်လာပြီးနေကြ
ထိုင်ကြမယ်ဆိုရင် ငါတို့လူမျိုးတွေက သူတို့လိုမျိုးသည်းညဉ်းခံနိုင်ကြပါ့မလား”
ဆိုတာပါဘဲ။
အဲဒီအကြောင်းအရာနဲ့အတူ တဆက်တည်းတွေးမိတာက မြန်မာပြည်မှာ လူငယ်ဘဝတုန်းက
ရပ်ကွက်ထဲတွေမှာနေ့စဉ်တွေ့မြင်နေကြဖြစ်တဲ့လူငယ်တွေရဲ့အကြောင်းတွေ တရပ်ကွက်နဲ့
တရပ်ကွက်ကျူးကျော်လာတဲ့လူငယ်အချင်းချင်း ရည်းစားကြောင့် သူငယ်ချင်းကြောင့် ရန်ဖြစ်
တတ်ကြတာတွေ အစရှိတာတွေပါဘဲ။ ဒီလိုစဉ်းစားပြီးတွေးမိလာတဲ့အချိန်မှာ ကျနော့်အနေနဲ့
ထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုကိုမြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ယှဉ်ထိုးပြီးကြည့်လာတတ်မိ
ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေကဘဲ ယဉ်ကျေးမှုတွေခေါင်းပါးလာတာလား ဒါမှမဟုတ်
ထိုင်းလူမျိုးတွေကဘဲ အရမ်းယဉ်ကျေးလာကြလို့လား စတဲ့ခေါင်းစဉ်တွေက ကျနော့်ခေါင်း
ထဲမှာစဉ်းစားစရာအဖြစ် အစီအရီပေါ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်ခဲ့စဉ်ကာလနဲ့ တောထဲမှာကျောင်းသားတပ်မတော်တပ်ရင်းတခုရဲ့ ဆေးမှုး
ဘဝနဲ့ နေထိုင်ခဲ့စဉ်အချိန်တွေအတွင်းမှာ ကျနော်ဟာ မိဘဆွေမျိုးတွေနဲ့ဝေးကွာရင်း မိခင် ဖခင်တို့ရဲ့အုပ်ထိမ်းမှုအောက်က ဝေးကွာခဲ့ရတဲ့အတွက် ကျနော့်ရဲ့အပြောအဆိုတွေ ရိုင်းစိုင်း
ခဲ့လေပြီလားလို့ ကိုယ့်ကိုယ်ကိုမကြာခဏဆန်းစစ်လေ့ရှိခဲ့ပါတယ်။ တောထဲမှာနေခဲ့စဉ်ကာလ
တွေကဆိုရင် အားလုံးကလည်းရွယ်တူတန်းတူတွေများတော့ ကျနော်တို့ဟာတဦးနဲ့တဦး
ပြောမနာဆိုမနာကြဘဲလူငယ်တို့သဘာဝအတိုင်း ရင်းရင်းနှီးနှီးနောက်ပြောင်ဆဲဆိုကြရင်း
နေ့ပေါင်းများစွာကိုဖြတ်သန်းခဲ့ကြရပါတယ်။ ရှေ့တန်းဒေသတွေမှာခရီးထွက်ရင်း ကျေးရွာ
ပြည်သူလူထုတွေနဲ့ ဆက်ဆံခဲ့ရတဲ့ဆက်ဆံရေးတွေကိုသုံးသပ်ကြည့်ရင်း ကိုယ့်ကိုယ်ကို
မရိုင်းပျသေးကြောင်းသုံးသပ်မိခဲ့ပါတယ်။

ကျနော်ဆွေးနွေးလိုတဲ့အကြောင်းအရာဖြစ်တဲ့ ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အဓိက
ဆွေးနွေးလိုတဲ့အချက်က အပြောအဆိုအသုံးအနှုံးတွေနဲ့ လူတွေရဲ့အကျင့်စရိုက်တွေသာပါဝင်
ပြီး ဝတ်စားဆင်ယင်မှုတွေတခြားကျယ်ပြန့်တဲ့ ယဉ်ကျေးမှုဆိုင်ရာဝေါဟာရတွေ ပါဝင်ပတ်
သက်ခြင်းမရှိပါဘူး။ အဲဒီလောက်ကျယ်ပြန့်တဲ့ဆွေးနွေးမှုမျိုးကို ဆွေးနွေးဖို့ဆိုရင်လည်း ကျနော့်
အနေနဲ့လေ့လာအားထုတ်မှုတွေ အများကြီးလိုနေပါလိမ့်ဦးမယ်။

ယနေ့ ကျနော်အမေရိကန်နိုင်ငံကိုရောက်ရှိလာခဲ့ပြီး ခုနှစ်နှစ်ကျော်ကျော်လောက်ကာလထဲမှာ
အမေရိကန်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်းတစေ့တစောင်းလေ့လာနိုင်ခဲ့ပါတယ်။
သူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ပတ်သက်ပြီး ဒီပို့စ်ထဲမှာတော့ မဆွေးနွေးတော့ပါဘူး။ နောက်ပိုင်းကြုံကြိုက်တဲ့အခါမှသာ အခြားပို့စ်တခုအနေနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျနော်
အမေရိကန်နိုင်ငံမှာနေထိုင်စဉ်ကာလအတွင်း မြန်မာပြည်အလွမ်းပြေ ရုပ်ရှင်တွေ ဗွီဒီယိုဇာတ်
ကားတွေတော်တော်များများကြည့်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရသတိထားမိတာက ဗွီဒီယိုဇာတ်
ကားတွေ ပြဇာတ်တွေထဲမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေပြောတဲ့စကားတွေဟာ ကျနော့်တဦး
တည်းပုဂ္ဂလိကခံစားမှုအနေနဲ့ဆွေးနွေးရမယ်ဆိုရင် နားမခံသာအောင်ရိုင်းပျလာတယ်လို့ထင်မိ
ပါတယ်။ ဒါတွေဟာဘာကြောင့်ဖြစ်ရတာလဲ ဒီလိုဘာအနှစ်သာရမှမရှိဘဲ မောင်နဲ့နှမ မကြားဝံ့
မနာသာစကားတွေကို ပြဇာတ်တွေထဲမှာပြောကြတာလဲ အောက်ကကြည့်တဲ့ပရိသတ်ကရော
ဘာကြောင့် တဝါးဝါးတဟားဟားနဲ့ရယ်မောအားပေးကြတာလဲဆိုတဲ့ အတွေးပေါင်းများစွာက
ဒီဘက်ရက်စွဲတွေမှာ ကျနော့်ကိုတော်တော်လေးနှိပ်စက်ထားခဲ့ကြပါတယ်။
ဥပမာတခုပြောရရင် ပြဇာတ်တခုထဲမှာ ရဲလေးတို့ ထွန်းထွန်းတို့ပြောကြ ဟာသလုပ်ကြတဲ့စကားတွေဟာ
မောင်နဲ့နှမအတူတူထိုင်ပြီး အဲဒီပြဇာတ်ကိုမကြည့်ရဲလောက်အောင်ကို ရိုင်းရိုင်းပျပျဖြစ်နေ
ကြတာကိုတွေ့ရပါတယ်။ အလားတူပြဇာတ်မျိုးတွေ ရုပ်ရှင်ဗွီဒီယိုဇာတ်ကားမျိုးတွေ မြန်မာပြည်
မှာဘယ်လောက်တောင်ထွက်ပြီးပြသပြီးပြီလဲဆိုတာတော့ကျနော်လည်းအသေအချာမသိနိုင်ပါဘူး။ ကျနော်အခိုင်အမာပြောဆိုနိုင်တာကတော့ ဒါဟာနအဖစစ်အုပ်စုရဲ့တဖက်လှည့်မှိုင်းတိုက်
တံခါးဖွင့်မှုတခုသက်သက်သာဖြစ်တယ်ဆိုတာပါဘဲ။
ဒီလိုပြဇာတ်မျိုးတွေမှာ ပြောတဲ့စကားတွေဟာ ပြောသူတွေအနေနဲ့ကရော ဒီလိုအပြောအဆို
တွေကြောင့်သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးဘယ်လောက်အထိကျနိုင်တယ်ဆိုတာကိုမစဉ်းစားမိ
တော့ဘူးလား။ ပြီးတော့ သူတို့ကိုယ်သူတို့အနူပညာသမားတွေလို့ခံယူထားပြီး သူတို့ကပြည်သူ
ကိုတင်ပြဖျော်ဖြေနေတာတွေဟာ အနူပညာမဟုတ်ဘဲ အဆိပ်အတောက်တွေဖြစ်တယ်ဆိုတာ
မတွေးမိကြဘူးလား။ သူတို့ပေးတဲ့အဆိပ်အတောက်တွေကို ဆယ်ကျော်သက်လူငယ်တွေက
အဆိပ်အတောက်မှန်းမသိဘဲ ချိုမြိန်စွာစားသောက်ရင်းနဲ့ ယဉ်ကျေးမှုတွေ လူမှုစရိုက်တွေပျက်
စီးသွားနိုင်တယ်ဆိုတာတွေကိုရော မစဉ်းစားမိကြတော့ဘူးလား။
ဒီလိုအကြောင်းတရားတွေ
ရဲ့အဓိကရေသောက်မြစ်က ဘယ်မှာအခြေခံပါသလဲ။

ကျနော်လက်လှမ်းမီသလောက်တွေးကြည့်မိရရင် ဒီလိုဖြစ်ရတဲ့အကြောင်းအရာတွေက လွတ်
လပ်စွာပြောဆိုပိုင်ခွင့်မရှိတဲ့ နအဖစစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်မှာ လူတွေဟာထွက်ပေါက်ရှာမရ
ဖြစ်ရင်း တွေ့ရာအပေါက်ကနေလွတ်လပ်ရာလေးရလိုရငြားပြေးထွက်မိကြတာဖြစ်နိုင်သလို နအဖစစ်အုပ်စုက သူတို့ဘက်ကိုလူတွေရဲ့မြားဦးပစ်ချက်တွေလှည့်မလာနိုင်အောင် လမ်းလွှဲ
ပေးထားတာတွေလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် လူတွေယဉ်ကျေးမှုခေါင်း
ပါးလာကြတာကတော့သေချာပါတယ်လို့ အခိုင်အမာဆိုနိုင်ပါတယ်။ ဒီလိုယဉ်ကျေးမှုတွေ
ခေါင်းပါးလာတာနဲ့အမျှ လူငယ်တွေရဲ့အမျိုးသားရေးစိတ်ဓာတ်တွေဟာလည်း တဖြေးဖြေးနဲ့ ဟိုးအောက်ဆုံးအလွှာမြေကြီးထဲထိရောက်ရှိသွားနိုင်ပါတယ်။ တကယ်တမ်း နအဖ စစ်အုပ်စုရဲ့
အမျိုးသားစိတ်ဓာတ်ရှင်သန်ရေးတို့ ဇာတိမာန်တက်ကြွရေးတို့ဆိုတဲ့ဆောင်ပုဒ်တွေဟာဆိုရင် ဝါဒဖြန့်ချီရေးတိုင်းမ်ဗုံးတစ်လုံးကို စနက်တံတပ်ပေးထားခြင်းမျှသာဖြစ်ပါတယ်။

ဒီပုံစံအတိုင်းသာဆက်ပြီးစခန်းသွားကြမယ်ဆိုရင် နိုင်ငံသားအားလုံးက ကိုယ့်နိုင်ငံရဲ့
အရေးကို တာဝန်သိသိနဲ့မထမ်းရွက်ကြဘဲ ဘာသိဘာသာနေသွားကြမယ်ဆိုရင် တချိန်က
ရာဇဝင်တွေထဲမှာ အင်မတန်မှယဉ်ကျေးမှုထွန်းကားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ မကြာခင်
မှာ ဗိုလ်ချုပ်အောင်ဆန်းတခါကပြောခဲ့ဖူးတဲ့နိုင်ငံတနိုင်ငံဘဝကိုရောက်ရှိသွားဖွယ်ရာသာ
ရှိပါတော့တယ်။


2 comments:

မေပျို said...

ဟုတ်ပါတယ်အကိုရေ။ ဒီခေတ်ထဲမှာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေက တဖြည်းဖြည်း လျော့ပါးလာသလိုပါပဲ။ မိန်းကလေးတွေကလည်း အပြောအဆို ကြမ်းလာကြသလို ယောက်ျားလေးတွေကလည်း နှမသားချင်းမစာနာ နောက်ပြောင်မှုတွေလည်း ရှိလာကြပါတယ်။ အထူးသဖြင့် သင်္ကြန်လို အချိန်မျိုးမှာပေါ့။ ဒီလို ပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ ယဉ်ကျေးမှုကို ဘယ်လိုများ ပြန်လည်ရှင်သန်နိုင်အောင် လုပ်ရမှန်းကို မသိတော့ပါဘူး ကိုဆောင်းရယ်။

လေးစားစွာဖြင့်
မေပျို

ရန်ကင်း said...

ဒီပို့ စ်လေးကတကယ်ကိုထိမိပါတယ်အကိုဆောင်းယွန်းခင်ဗျာ...