Sunday, February 10, 2008


ဒီတပတ် ရုံးပိတ်ရက်မှာ ဘာလုပ်ရမှန်းမသိတာနဲ့ မပေါ့မပါးနဲ့ထွက်လာသမျှစာသားတွေကို အကုန်ချရေးကြည့်လိုက်မိတာပါ။ ကဗျာဖြစ်မဖြစ်တော့မသိဘူး ရေးတော့ရေးပြီးသွားပြီဆိုတော့ ဒီအတိုင်းသိမ်းထားရမှာလည်း နှမြောနေတယ်။ ဒါနဲ့ဘဲ ဘလော့ပေါ်ကိုတင်လိုက်တယ်ဆိုပါတော့ဗျာ…….

ငရဲ…….
ဘာတဲ့…..ငရဲ
စိတ်ထဲမှာရှိသမျှ တွန်းချလိုက်ရင်း
ဘလော့စာမျက်နှာထဲ ကသောင်းကနင်းလွင့်ကျသွားတဲ့ ငရဲ

ခပ်ဝေးဝေးရှောင်ထွက်ပြေးလည်း
ချောင်နံဘေးမှာကပ် အခါမလပ်ပူးဖက်ထားတဲ့ ငရဲ

ထိုငရဲကောင်ကြောင့်
ဟောဒီကောင့်စိတ်တွေမွန်းကျပ်
ရုံးဆင်း ရုံးတက်ချိန်ရဲ့ ဘတ်စ်ကားပျက်တစ်စီးကိုစီးရသလိုမျိုး

မွန်းကျပ်စိတ်နဲ့ ကြိတ်မှိတ်အိပ်တော့လည်း
သန်းခေါင်ကျော်ရဲ့ ညနက်ထဲမှာ ငရဲ….

အိပ်မပျော်လို့ ထထိုင်ပြန်တော့လည်း
စီးကရက်အခိုးအငွေ့တွေထဲမှာ ငရဲ…..

ဒုက္ခတွေကို အမြုံတကောင်လိုဝှက်ထားပြန်တော့လည်း
ဟောဒီ ရင်ဘတ်ထဲမှာ ငရဲ…..

ခေတ်လူငယ်တွေရဲ့ ဟစ်ပ်ဟော့ပ်သီချင်းလိုဆိုရပြန်ရင်လည်း
ဟောဒီကောင်မှာ နှစ်ပေါင်းများစွာပူးကပ်နေတဲ့ ငရဲ….

ပြေးမကြည့်ဘဲ သိနိုင်တဲ့
ပထမအရွယ်ရဲ့ ငရဲ
ဟောဟို မှုန်ပျပျ ရွာထဲမှာကျန်ခဲ့တယ်

အဖေ့သားတော်မောင်က
အအေးလွန်ကဲတဲ့ ကွန်ဆာဗေးတစ်တွေကမ္ဘာမှာ
မြန်မာဆိုတဲ့ တံဆိပ်ကိုအသာအယာကပ်ရင်း
အရွယ်တော် ၃၀ ကျော်ခါမှ တတိယမြေနင်းလေတော့
ပေါ့ပေါ့လေးမဟုတ်တဲ့ ဘဝအတွက်
သက်ပြင်းအခါခါချ
ဒါ ဒုတိယအရွယ်ရဲ့ ငရဲအစ….

ပြီးတော့..တဖန်
ထော့ထော့ကျိုးကျိုးဘာသာဗေဒနဲ့ရုန်းကန်
၎နှစ်တာဘွဲ့ကို ၆နှစ်ခွဲကြာမာန်တင်းပြီးသကာလ
မည်ကာမတ္တ ရတော့ရလိုက်ပါရဲ့
G.P.A က 3.49
စာရွက်တစ်ရွက်ပေါ်မှာ
မင်ပြာပြာတွေနဲ့ နာမတလုံးကခပ်မှိုင်းမှိုင်း
မျက်ဝန်းပြာတွေရဲ့ ကမ္ဘာထဲမှာတော့ ကိုယ်ဟာခပ်ထိုင်းထိုင်း…

အမေ့သားတော်မောင်က
ရုံးတက် ရုံးပြန်မှန်ပါလေရက်နဲ့
မမှန်ကန်လိုက်လေတဲ့
အဝင်အထွက်ပြ ဘက်ဂျက်ဇယား
နေ့နေ့ ညည ဒုက္ခနဲ့ အမျိုးစပ်ထားတယ်
မျက်လုံးခပ်လည်လည်ကို မှိတ်ချီဖွင့်ချီပြုရင်း
သူစိမ်းတရန်ဆာတွေ ကြီးစိုးတဲ့ခေတ်အတွင်းမှာ
ငရဲကောင်က ဗလာကျင်းနေတဲ့ အိတ်ကပ်ကိုတောင်ချမ်းသာမပေး
အချိန်မရွေး နှိုက်တတ်သေးတယ်အမေ….

အမေပြောတဲ့…
ဒုက္ခလှလှဆိုတာ ဒါမျိုးထင်ပါရဲ့
လူမှုဘဝလှလှထဲမှာ ပြာပြာသလဲ
ကိုငှက်ရဲ့ ဒုက္ခအိုးလေးတစ်လုံးကိုလည်မှာဆွဲရင်း
မာနနဲ့ သိက္ခာတွေကို အခဲလိုက်မြိုထားဆဲမှာ
တခါတခါ ဒေါသတွေကိုအန်ချ
အဲဒီထွက်ကျလာတာတွေကိုဘဲ တခါပြန်မြိုချ
ငရဲကောင် ပျော်ပါးတဲ့ နေ့ညတွေထဲမှာ….

နောက်ဆုံးတော့လည်း
အဲဒီ ငရဲကောင်က ..
ဟောဒီကောင်ရဲ့ ခန္ဒာကိုယ်တခုလုံးလည်ပတ်
လက်ချောင်းဖျားတွေထိပ်မှာ ရပ်တန့်ရင်း
မတတ်တတတ်ဖန်ဆင်းထားတဲ့ ဘလော့တွင်းထဲခုန်ဆင်း
ကဗျာတပုဒ်အနေနဲ့ အခန့်သားတည်ခင်းလေရဲ့……….

ဘာတဲ့…..ငရဲ
စိတ်ထဲမှာရှိသမျှ တွန်းချလိုက်ရင်း
ဘလော့စာမျက်နှာထဲ ကသောင်းကနင်းလွင့်ကျသွားတဲ့ ငရဲ…….။

ဆောင်းယွန်းလ

5 comments:

Mintasay said...

Your awesome writing remind me of Plague by Albert Camus. Wickedly aesthetic, bro.

စိုးထက် - Soe Htet ! said...

GPA က 3.49

အဲလိုပေးသလားဗျ မသိလို့ :P

စိုးထက် - Soe Htet ! said...

ကျွန်တော်က ၀.၅ နဲ့ rounding လုပ်ယူသလားလို့ ... သေချာ ချန်ထားခဲ့ သလိုကြီးပဲ ဗျ ... :P

ကောင်းကင်ကို said...

ပြေးမကြည့်ဘဲ သိနိုင်တဲ့
ပထမအရွယ်ရဲ့ ငရဲ
ဟောဟို မှုန်ပျပျ ရွာထဲမှာကျန်ခဲ့တယ်

အဖေ့သားတော်မောင်က
အအေးလွန်ကဲတဲ့ ကွန်ဆာဗေးတစ်တွေကမ္ဘာမှာ
မြန်မာဆိုတဲ့ တံဆိပ်ကိုအသာအယာကပ်ရင်း
အရွယ်တော် ၃၀ ကျော်ခါမှ တတိယမြေနင်းလေတော့
ပေါ့ပေါ့လေးမဟုတ်တဲ့ ဘဝအတွက်
သက်ပြင်းအခါခါချ
ဒါ ဒုတိယအရွယ်ရဲ့ ငရဲအစ….

ပြီးတော့..တဖန်
ထော့ထော့ကျိုးကျိုးဘာသာဗေဒနဲ့ရုန်းကန်
၎နှစ်တာဘွဲ့ကို ၆နှစ်ခွဲကြာမာန်တင်းပြီးသကာလ
မည်ကာမတ္တ ရတော့ရလိုက်ပါရဲ့
G.P.A က 3.49
စာရွက်တစ်ရွက်ပေါ်မှာ
မင်ပြာပြာတွေနဲ့ နာမတလုံးကခပ်မှိုင်းမှိုင်း
မျက်ဝန်းပြာတွေရဲ့ ကမ္ဘာထဲမှာတော့ ကိုယ်ဟာခပ်ထိုင်းထိုင်း…

အတွေးတွေ စာသားတွေထိတယ်ဗျာ။

Nyein Chan Aung said...

အဖေ့သားတော်မောင်က
အအေးလွန်ကဲတဲ့ ကွန်ဆာဗေးတစ်တွေကမ္ဘာမှာ
မြန်မာဆိုတဲ့ တံဆိပ်ကိုအသာအယာကပ်ရင်း
အရွယ်တော် ၃၀ ကျော်ခါမှ တတိယမြေနင်းလေတော့
ပေါ့ပေါ့လေးမဟုတ်တဲ့ ဘဝအတွက်
သက်ပြင်းအခါခါချ
ဒါ ဒုတိယအရွယ်ရဲ့ ငရဲအစ….

ပြီးတော့..တဖန်
ထော့ထော့ကျိုးကျိုးဘာသာဗေဒနဲ့ရုန်းကန်
၎နှစ်တာဘွဲ့ကို ၆နှစ်ခွဲကြာမာန်တင်းပြီးသကာလ
မည်ကာမတ္တ ရတော့ရလိုက်ပါရဲ့
G.P.A က 3.49
စာရွက်တစ်ရွက်ပေါ်မှာ
မင်ပြာပြာတွေနဲ့ နာမတလုံးကခပ်မှိုင်းမှိုင်း
မျက်ဝန်းပြာတွေရဲ့ ကမ္ဘာထဲမှာတော့ ကိုယ်ဟာခပ်ထိုင်းထိုင်း…

a good poem you create again. i love to read your poems.