Saturday, February 16, 2008

ညီလေးအတွက်ဖတ်စာကဗျာ…..
ညီလေးရေ နားထောင်
ပုံပြင်မဟုတ်တဲ့ လက်တွေ့ဖြစ်ရပ်
ကဗျာတစ်ပုဒ်စပ်ရင်း ကိုယ်ရွတ်ဖတ်ပြမယ်…

အနှစ် ၂၀ ကျော်ကြာ ခေတ်စားနေခဲ့တဲ့ဖြစ်ရပ်မှာ
အနောက်တိုင်း ပဉ္စလက်ဆရာဟာ
အသပြာကို သိက္ခာခါးပိုက်ထောင်ထဲထည့်ရင်း
နယ်လှည့်ကွင်းဆင်းတဲ့အခါ
မာယာနဲ့လင်းတဲ့ ညနေခင်းတစ်ခု
မျက်ရည်တုတွေလိမ်းကျံ
နံရံပေါ်က နေ့စွဲတွေနောက်ပြန်လဲကျ
နိုက်ကလပ်တွေပေါ်မှာကတော့
အေဗရာဟင်လင်ကွန်းဟာ လှလှပပပြန့်ကျဲကျသွားတယ်…..

အဖေကြီးက သားဆရာဝန်ဖြစ်ဖို့အရေး
သူ့လူနာရဲ့ရောဂါကို လက်သပ်မွေးဆေးကုရင်း
လူနာရဲ့မျှော်လင့်ခြင်းပန်းခင်းကိုခြေနဲ့နင်းတယ်
ပြီးတော့…..
ကတိသစ္စာဟာ အသပြာမွေ့ရာမှာအိပ်ပျော်တဲ့အခိုက်
ဦးတည်ရာ ယုံကြည်ချက်
တစ်မနက်တည်းနဲ့လည်း အသက်ထွက်တတ်တယ်ဆိုတဲ့
မကြာခဏကြားခဲ့ဖူးတဲ့ဇာတ်လမ်း
ယုံတမ်းစကားမဟုတ်မှန်း အခုတော့သိပြီ
ရာသီပေါင်းများစွာထဲက ကိုယ့်ရဲ့ရင်ဘတ်အနာနဲ့ရင်းခဲ့ရပြီး….

ညီလေးရေ ဆက်ပြီးနားထောင်ကြည့်
ဒီဖြစ်ရပ်မှန်ကလေးကတော့ ရင်နာဖွယ်အတိ
ခံစားတတ်တဲ့နှလုံးသားရှိရင်
သူလိုလူမျိုးတွေအတွက် မင်းဂုဏ်ယူတတ်မှာပါ
သူတို့က……
ကိုယ့်အတွက်ဆိုလို့ နှစ်ချို့နေတဲ့အဝတ်ဟောင်းတစ်စုံ
လုံခြုံအောင်သိမ်းဝှက်ထားတဲ့ သိက္ခာနဲ့ ရွှေချထားတဲ့မာန
ကိုယ်ပိုင်ရင်သွေးကိုတောင် ပိုင်ပိုင်နိုင်နိုင်ကျောင်းမထားနိုင်ကြတဲ့
၁၉နှစ်ကျော်သား တောတောင်တွေထဲကဘဝ
သဘာဝတရားရဲ့အလှကို မခံစားအားကြဘဲ
ခါးသက်နေ့စွဲတွေကို ရဲရင့်တေးတွေနဲ့ဖြိုကြ
တကယ်တော့..သူတို့ဆိုတာက
မင်းတို့ ကိုယ်တို့လိုပါဘဲ
တစ်ချိန်သောအခါက ဟောဟိုမြို့ပြတွေထဲမှာ
မိသားစုစုံညီစွာနဲ့ ပညာရှာရင်း
အဲဒီတောနက်နက်ကို သမိုင်းပေးတာဝန်အရနင်းခဲ့ကြတာပါ….

ညီလေးရေ
ဒီလိုနဲ့နှစ်တွေကြာလာတော့
ငါတို့အထဲကတချို့
ခေါင်းလည်တမော့မော့နဲ့ ရော့ခ်တေးတစ်ပုဒ်ကိုဟစ်
တော်လှန်စစ်ကို သေရည်တခွက်နဲ့ဖျော်သောက်
ကာရာအိုကေညတွေမှာ အိပ်မက်ပြာပြာကိုဆောက်
မူးလာတဲ့အခါ မြေပုံတစ်ချပ်ပေါ်မှာဗိုက်မှောက်အိပ်ရင်း
ပါးစပ်သေနတ်တွေပစ်ခွင်းတယ်….

ညီလေးရေ
စိတ်ပျက်နေပြီလား
ဖြစ်ရပ်မှန်တွေကိုကြားပြီး…
နားမငြီးသေးဘူးဆိုရင် ဆက်ပြီးနားထောင်
လက်တွေ့သဘောမဆောင်တဲ့ဖြစ်ရပ်မှန်တွေအကြောင်း…
ကိုယ့်ပေါင်မှကိုယ်လှန်မထောင်းရင်
အာဏာရှင်ဆိုတဲ့အကောင်က
ခေါင်းတစ်လုံးလုံးကို ဖြတ်နင်းသွားမှာမို့
ချို့တဲ့နေတဲ့စိတ်ဓာတ်တွေအကြောင်းကို
ကဗျာတစ်ပုဒ်အဖြစ်မစောင်းမချိတ်ဘဲ
တည့်တည့်တွေးပြီး တည့်တည့်ရေးထားတာပါ….
နာစရာဆို ကိုယ့်တစ်ယောက်တည်းနဲ့ကြိတ်ခံလို့မရတဲ့
နိုင်ငံရဲ့အရေးပေမို့
ကိုယ်တို့ …..တွေးငေးနေဖို့မလို
အိပ်ငိုက်နေသူတွေကို နိုးထစေ
အိပ်မက်နေသူတွေကို တပ်လှန့်
ရပ်တန့်နေသူတွေကို နှိုးဆွ
ထကြွနေသူတွေကို လက်တွဲ
အနာဂတ်ကို အသပြာနဲ့လဲနေသူတွေကိုတော့ ထားရစ်ခဲ့ကြ
မဝေးတော့တဲ့ ကာလတစ်ခုမှာ
ရွှေရောင်နံနက်တွေကတော့ ဦးမော့လာကြရဦးမှာပါ
ကိုယ်တို့ရဲ့ သမိုင်းစာမျက်နှာတွေထဲ
ခွပ်ဒေါင်းရဲ့သွေးတွေ ရဲရဲနီသွားကြရင်း…..။
ဆောင်းယွန်းလ၏ရင်ဘတ်မှလာသောခံစားချက်အစစ်အမှန်ဖြစ်၏။

8 comments:

စိုးထက် - Soe Htet ! said...

ညီလေး တစ်ယောက် လာခံစားသွားတယ် အစ်ကို ... :P

Pinkgold said...

ကောင်းတယ် အကို
ရင်ထဲက လာတဲ့ စကားလုံးတွေကို
ခံစားလို့ရတယ်.......

သူတို့တွေလည်း ကြာကြာ မနေနိုင်တော့ပါဘူး အကိုရယ်
ဆရာတော် ရှင်ဥာဏိသရ ဟောသလို ရွှေမိုး ငွေမိုး ပန်းမိုး ရွာချ နေချိန်မှာတော့ ပျော်နေကြအုံးပေါ့လေ

မေလ်းရတယ် အကို.. ဒီကြားထဲ ကော်နက်ရှင် လုံးဝ မကောင်းတာ proxy ကျော်မရတာနဲ့ပဲ ဘယ်ဘလောဂ့်မှ မဖတ်ဖြစ်ဘူး

Nyein Chan Aung said...

ရင်ဘတ်မှလာသောခံစားချက် အစစ်အမှန်ကို လာ ခံစားသွားတယ်ဗျို့။ အစဉ်အားပေးလျှက်ပါ ကိုဆောင်းရေ။

enigma13 said...
This comment has been removed by the author.
enigma13 said...

ကိုဆောင်းရဲ့ကဗျာလေးကအဓိပါယ်အပြည့်ရှိတယ်ဗျို့.
ကိုဆောင်းရေ, ပါးစပ်သတ်နတ်တွေ ရပ်တန့်ပြီး မဝေးတော့တဲ့အချိန်တစ်ခုမှာ
တရားသောစစ်ကိုတစ်ပေါင်းတစည်းတည်း ချီတက်ကြစို့ဗျာ......

Smilemay said...

သာဆရာ)န်ဖြစ်ဖို့-
(အဖေကြီးက သားဆရာဝန်ဖြစ်ဖို့အရေး
သူ့လူနာရဲ့ရောဂါကို လက်သပ်မွေးဆေးကုရင်း
လူနာရဲ့မျှော်လင့်ခြင်းပန်းခင်းကိုခြေနဲ့နင်းတယ်
ပြီးတော့…..)
နေမကောင်းရင် ဆေးခန်းပြရမှာတောင် ခပ်လှန့်လှန့် ဖြစ်သွားတယ်

ကောင်းကင်ကို said...

အနှစ် ၂၀ ကျော်ကြာ ခေတ်စားနေခဲ့တဲ့ဖြစ်ရပ်မှာ
အနောက်တိုင်း ပဉ္စလက်ဆရာဟာ
အသပြာကို သိက္ခာခါးပိုက်ထောင်ထဲထည့်ရင်း
နယ်လှည့်ကွင်းဆင်းတဲ့အခါ
မာယာနဲ့လင်းတဲ့ ညနေခင်းတစ်ခု
မျက်ရည်တုတွေလိမ်းကျံ
နံရံပေါ်က နေ့စွဲတွေနောက်ပြန်လဲကျ
နိုက်ကလပ်တွေပေါ်မှာကတော့
အေဗရာဟင်လင်ကွန်းဟာ လှလှပပပြန့်ကျဲကျသွားတယ်…..

ကဗျာလေးထိတယ်ဗျာ

မေပျို said...

ကဗျာလေးက ကောင်းတယ် အကိုရေ။ ဖတ်စာကို ညီမေး ဖတ်သွားပါတယ်နော်။

လေးစားစွာဖြင့်
မေပျို