Tuesday, September 16, 2008

”ဒုက္ခကိုဝါးမြိုကြည့်မိခြင်း”

နေမသာတဲ့နေ့နဲ့လမသာတဲ့ညဟာ
ကိုယ့်ရဲ့ကမ္ဘာဘဲပေါ့.ကလေးရေ...

သက်ပြင်းမောတစ်ခုကိုပြုစုရင်း
အသက်ရှင်ကြီးပြင်းခဲ့ရတဲ့ကိုယ့်ရဲ့ကမ္ဘာမှာ
နေမသာတာမဆန်းသလို
လမလန်းတာလည်းမဆန်းပါဘူး
ဒုက္ခကိုခူးဆွတ်ဝါးမြိုမိနေတာကိုက
ကိုယ့်ရဲ့ဘဝဘဲမဟုတ်လား ကလေးရေ...

ကိုယ့်ရဲ့မေမေက ကိုယ့်ကိုမွေးဖွား
ကိုယ့်ရဲ့ဖေဖေက ကိုယ့်ကိုလူလားမြောက်အောင်ဘဝစင်မြင့်ပေါ်တင်
သူတို့ဖြစ်စေချင်တဲ့ပုံစံသွင်း
အလင်းရောင်ကိုမြင်အောင်မျက်စိနှစ်ကွင်းဖွင့်ပေးခဲ့ပေမယ့်
မှေုင်နေတဲ့ကိုယ့်ပတ်ဝန်းကျင်ကမ္ဘာကြီးကိုယ်တိုင်က
ကိုယ့်ကိုထောင်ချရင်းညှဉ်းပမ်းနှိပ်စက်
လမ်းခုလပ်ပေါင်းများစွာမှာ ကိုယ်ဟာအလင်းဓာတ်ချို့တဲ့သူဖြစ်ခဲ့ရ
ကိုယ့်ဝေဒနာကိုဆေးဝါးကုသမှုခံယူဖို့ဆေးရုံတွေလည်း
ကိုယ့်ပတ်ဝန်းကျင်မှာမရှိခဲ့ကြဖူး.ကလေးရေ…

တကယ်တော့..ကိုယ်ဟာ
အကြွင်းမဲ့ချစ်ခြင်းများစွာနဲ့ကိုယ့်ရဲ့ကမ္ဘာကိုလင်းစေချင်သူ
ကိုယ့်ရဲ့မိတ်ဆွေစစ်ဆိုသူတွေကလည်းအမှန်တရားကိုချစ်
ကိုယ်တို့ကမ္ဘာမှာစစ်ဖြစ်နေတာကိုမလိုလားတဲ့သူတွေပါဘဲကလေးရေ…

ဒါကြောင့်ဘဲ ကိုယ်ဟာကိုယ့်မိသားစုနဲ့ခွဲခွာပြီး
လွတ်လပ်မှုဆိုတဲ့ဝေါဟာရတစ်စုံကိုကိုယ့်ကမ္ဘာအတွက်ပုံအပ်နိုင်ဖို့
ပြိုင်မြင်းတစ်ကောင်လိုရုန်းထခဲ့ရင်း
ငှက်တစ်ကောင်လိုလေဆန်ကိုခွင်းလို့ပျံသန်းခဲ့ရင်း
အတိတ်ရဲ့ရေစီးသန်တဲ့မြစ်ကျဉ်းတစ်ခုကိုလက်ပစ်ကူးဖြတ်ခဲ့ပါတယ်…

ဒါပေမယ့်လည်း ကလေးရယ်
ကိုယ်ရုန်းထခဲ့တဲ့ပြေးလမ်းတွေမှာ
တခါတခါဆူနာမီလှိုင်းလုံးကြီးတွေရိုက်ခတ်တတ်သလို
ကိုယ်ပျံသန်းတဲ့ကောင်းကင်မှာ
မကြာမကြာ နာဂစ်မုန်တိုင်းတွေလည်းပါတယ်
ဒါကြောင့်ကိုယ်ရဲ့နေ့နဲ့ညတွေဟာ
ဝေါလ်ထရိတ်စန်တာတစ်ခုလိုမကြာခဏပြိုလဲကျ
ကိုယ့်ရဲ့အနာဂတ်ဆိုတာကိုတောင်ကိုယ်တိုင်မမြင်ရသေးတဲ့ဘဝပါ...

ဒါပေမယ့်လည်း ကလေးရယ်
ကိုယ်ဟာ.အရာရာကိုလွယ်လွယ်နဲ့အရှုံးမပေးတတ်သူတစ်ယောက်မို့
ကိုယ်ဖောက်တဲ့လမ်းကိုလိုချင်တပ်မက်စွာနဲ့ဆက်လျှောက်နေဦးမှာသေချာတယ်
ပန်းတိုင်မရောက်မချင်း ခရီးများမဆုံးသရွေ့
ကိုယ့်ရဲ့ဦးခေါင်းကိုမော့်ရင်း
ကိုယ့်ရဲ့အသက်ရှုသံပြင်းပြင်းကို ကိုယ်တိုင်နာခံယူရင်း
ညရဲ့လမင်းနဲ့လင်းတဲ့လမ်းတွေဆီကိုရောက်သည်အထိ
နေ့ရဲ့နေမင်းနဲ့လင်းတဲ့လမ်းတွေဆီကိုရောက်သည်အထိ
ဒုက္ခကိုနှစ်သက်စွာနဲ့ဝါးမြိုကြည့်နေဦးမယ်….။

2 comments:

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ် အစ်ကို။ အောက်က "ကဗျာနဲ့ ငါ"ကိုလည်း ကြိုက်တယ် အစ်ကို။ ကဗျာနဲ့ အစ်ကို မြန်မြန် ပြန် ဆုံဆည်းခွင့် ရပါစေဗျာ။

Oway Myo said...

လမင်းမလင်းတဲ့လမ်းတွေပေါ်က
အသက်ရှုသံပြင်းပြင်းကိုတောင်..ကြားမိသလိုပါပဲဗျာ

thanks alot