Wednesday, September 17, 2008

"အဲဒီရပ်ကွပ်ထဲမှာ…"

မနက်စောစောရုံးကိုရောက်အပြီး
တစ်နာရီခန့်အကြာ
ကျနော်..ခရီးတစ်ခုထွက်ခဲ့ပါတယ်..

ကျနော်သွားရမယ့်ခရီးစဉ်
ကားမောင်းနေရင်းကတန်းစီလို့စဉ်းစား
အားပါး..မနည်းပါလား
ကြားရလိမ့်ဦးမယ်
စားစရာဝယ်ဖို့ ထောက်ပံ့စရိတ်မရသေးတဲ့အကြောင်း
မယ်ဒီကိတ်(ဆေးကုသခွင့်ကဒ်ပြား) မရသေးတဲ့အကြောင်း
အိမ်လခပေးဖို့ငွေမလောက်တဲ့အကြောင်း
ဗိုက်နာလို့.ခေါင်းကိုက်လို့
သွားနာလို့ အဆစ်အမြစ်ကိုက်လို့
သွေးတိုးလို့ သွေးပေါင်ကျလို့
ဖျားနာလို့ ခါးနာလို့
ဆီးချိုရှိလို့ အအေးမိလို့
မီတာခပေးဖို့ပိုက်ဆံမရှိလို့
ဈေးဝယ်သွားဖို့ ကားအခက်အခဲတွေ့နေတဲ့အကြောင်း
အလုပ်ရှာမရလို့ စိတ်ညစ်နေတဲ့အကြောင်း
ကျောင်းကဆရာပေးလိုက်တဲ့စာမဖတ်တတ်လို့
ဒီအတိုင်းဆက်နေရမယ်ဆိုရင် သေချင်ပြီဆရာ
လာရာလမ်းကိုဘဲပြန်ပို့ပါတော့ဆိုပြီးငြီးငြူတဲ့အကြောင်း
မနေ့တနေ့ကဘဲရောက်လာပြီး
ယောကျာင်္းနောက်ကောက်ကောက်ပါသွားတဲ့
အသက်မပြည့်သေးတဲ့ကျောင်းသူကောင်မလေးတစ်ယောက်အကြောင်း
လိုင်စင်မရှိဘဲကားမောင်းရင်း
သူများခြံဝင်းကိုကားနဲ့တိုက်မိလို့အမှုရင်ဆိုင်ရမယ့်အကြောင်း
မကြာခင်..
အဲဒီအကြောင်းအစုံအလင်ကြားရတော့မယ်လို့စဉ်းစားရင်း
ကျနော်ကိုယ်တိုင်အပျင်းဖျားတဲ့လူမမာတစ်ယောက်လိုဖြစ်သွားခဲ့
နောက်ကျိတဲ့ခေါင်းတစ်စုံနဲ့ အဲဒီရပ်ကွပ်ထဲကားချိုးဝင်ခဲ့တယ်..

တကယ်ဆိုတော့..
ကျနော်ကိုယ်တိုင်လည်းနတ်ဘုရားမဟုတ်
ဒုက္ခသည်တွေရဲ့အမျိုးစုံလှတဲ့ပြဿနာအရှုပ်အထွေး
ဘယ်လိုခေါင်းအေးအေးနဲ့ဖြေ့ရှင်းနိုင်ပါ့မတုန်း
ဒါပေမယ့်..အပြုံးတစ်ဝတ်ကိုမျက်နှာပေါ်တင်
တတ်နိုင်သမျှဖြေ့ရှင်းပေးနိုင်ဖို့ကြိုးစား
ကိုယ့်ရဲ့ကိုယ်ပိုင်ဒုက္ခကိုခဏမေ့ထားရင်း
လူတစ်ဦးချင်းစီရဲ့ဒုက္ခကိုဦးနှောက်ထဲသွင်းရတဲ့
ကေ့စ်ဝါးကားကျနော်..
တစ်နေ့မှမပျော်နိုင်တာတော့အမှန်ပါဘဲ
ကျနော်ကိုယ်တိုင်ကလည်းအသည်းနူပေသကိုး…

အဲဒီရပ်ကွပ်ထဲမှာ
မျက်ရည်မပါဘဲ ကျနော့်မျက်ဝန်းတွေငိုနေခဲ့ရတာကြာပြီ
အဲဒီရပ်ကွပ်ထဲမှာ
ရင်ဘတ်အနာကြီးကိုဖုံးဖိရင်း ကျနော်ကြီးပြင်းခဲ့ရတာကြာပြီ…

အဲဒီရပ်ကွပ်ထဲကအပြန်
တစ်နေ့တာရဲ့တစ်ဝတ် ရုံးပေါ်ပြန်တက်လာတဲ့အခါ
ကျနော့်လွယ်အိတ်ထဲမှာစာရွက်တွေပါလာခဲ့
ကျနော့်ခေါင်းထဲမှာပြဿနာတွေပါလာခဲ့
တချို့တဝတ်ကဖုန်းဆက်ပြီးအသနားခံရဖို့
တချို့တဝတ်ကရုံးတက်ပြီးအသနားခံရဖို့….

ဒီလိုနဲ့ရုံးကအပြန်
ယခု..လမ်းမှာကျနော်တွေးနေမိတာက
သူတို့တတွေနဲ့ငါတို့တတွေ
ဒီလိုပုံစံနဲ့နောက်ထပ်ဘယ်လောက်ကြာကြာရှင်သန်နေရဦးမှာလဲ
နောက်ထပ်ရောက်လာဦးမယ့်ဒုက္ခသည်တွေရဲ့နာမည်စာရင်း
နိုင်ငံကျဉ်းကျဉ်းတစ်ခုထဲကအလုံးအရင်းထွက်လာကြဦးမယ့်
ဒုက္ခသည်အရေအတွက်
ကျနော်ကိုယ်တိုင်အိပ်မက်မမက်နိုင်သေးတဲ့
တိုင်းပြည်ငယ်တစ်ခုရဲ့အနာဂတ်
နောက်ထပ်..အတွေးပေါင်းများစွာ……

2 comments:

Nyein Chan Aung said...

ကဗျာတွေ ပြန်ရေးလာတာတွေ့ရလို့ ၀မ်းသာတယ်ဗျာ

chaos said...

အစ်ကိုရေ ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူး
အစ်ကိုကိုယ်တိုင်လဲ စိတ်ကျဉ်းကျပ်နေပုံရတယ်။

ကဗျာ ဆရာဆိုတာ
ခံစားချက်ပေါင်းများစွာကို
ခြယ်မှုန်းနေတဲ့
မာယာများတဲ့ လောကရဲ့လျှို့ဝှက်ချက်တွေကို ဖော်ကြူးခွင့်ရနေတဲ့
မရေရာ မသေချာ ရှုထောင့်ကလို့
ထင်ယောင်ထင်မှား မြင်ခံနေရတဲ့ လူလိုပါပဲ။

အစ်ကိုအားလုံး အဆင်ပြေပါစေ။ အစ်ကို့ကလေးလေးအကြောင်း ပို့စ်ရေးပါဦး ဖတ်ချင်တယ်။