”စိတ်မြို့ဟောင်းကိုတူးဖော်မိသူ”
တခါတခါ ကိုယ်ဘာကောင်လဲဆိုတာကို မိမိကိုယ်ကိုအားမနာတမ်းပြန်လည်ဆန်းစစ်
တဲ့အခါမှာ ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုကိုယ်တိုင်တွေ့လာခဲ့မိတယ်။
ပြီးတော့ ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ ဒါဟာငါ့ရဲ့အားနည်းချက်တွေ ဒါဟာ ငါ့ရဲ့ အားသာ ချက်တွေဘဲလို့ခိုင်ခိုင်မာမာနဲ့ကောက်ချက်ချလာတတ်ခဲ့တယ်။
အဲဒီလို ကောက်ချက်ချပြီးတဲ့အခါမှာ ပြုပြင်သင့်တာတွေကိုပြုပြင်ဖို့အတွက် နှလုံးသားဆီကို
ဦးနှောက်တစ်စုံကအကြမ်းထည်တွေပို့ပေးတတ်လေ့ရှိတယ်။ ဒီကနေ့ကျနော့်ဦးနှောက်ကနေ နှလုံးသားဆီကို ပို့ပေးလိုက်တဲ့အကြမ်းထည်လေးတစ်ခုကအောက်ဖော်ပြပါ ကဗျာလေး
တစ်ပုဒ်ကိုဖြစ်သွားစေခဲ့ပါတယ်။
ယုံကြည်မှုပေတံတစ်ချောင်းနဲ့
ရေးဆွဲခဲ့တဲ့မျဉ်းတစ်ကြောင်း
တိမ်းစောင်းရွဲ့သွားတဲ့အခါတုန်းက
ပြာယာခတ်သွားခဲ့ဖူးတဲ့ ဟောဒီရင်ဘတ်
ခုတော့လည်း အေးစက်ခြင်းတွေနဲ့ပေါင်းဖက်တတ်ပြီ…
လေဘယ်လ်ကပ်ထားတဲ့
ခံယူချက်တွေအဖတ်လိုက်ကွာကျသွားတဲ့အခါတုန်းက
နူံးချိသွားခဲ့ဖူးတဲ့ ဟောဒီစိတ်ဓာတ်
ခုတော့လည်း မတည်မြဲခြင်းတွေနဲ့မွေ့ပျော်အိပ်စက်တတ်ပြီ…
အိပ်မက်ကြမ်းပြင်ကို
ပင်လယ်လိုမှတ်ထင်ပြီး
မရပ်မနားဖြတ်သန်းကူးခတ်ချင်နေခဲ့တဲ့
ခြေလက်တစ်စုံနဲ့အသိအာရုံတွေဟာလည်း
အခုအခါ
နာကျင်မှုဝေဒနာတွေကိုလစ်လျူရှုတတ်လာခဲ့ပြီ…
မြစ်များရဲ့အဆုံးလမ်းမှာ
ဘာတွေရှိနေတယ်ဆိုတာကိုမသိခင်
ကောင်းကင်ရဲ့တစ်နေရာမှာ
ဘာကြောင့်ပြာနေတယ်ဆိုတာကိုမသိခင်
ရှင်သန်ခြင်းကိုတိတ်ဆိတ်ငြင်သာစွာခိုးယူနေတဲ့
အချိန်တွေကိုမုန်းတတ်ချင်လာပြီ..
ကောင်းကင်ကြီးရေ
လေးလံထိုင်းမှိုင်းတဲ့ စိတ်တွေအတွက်
ဆေးကုသဖို့ရာ
လှပတဲ့နံနက်ခင်းတစ်ခု ကိုယ့်ကိုပေးပါ…
ကမ္ဘာမြေကြီးရေ
မီးကျွမ်းလောင်ပြာကျထားတဲ့ ဟင်းလင်းပြင်ရင်ဘတ်အတွက်
ငြိမ်သက်စွာခရီးဆက်ဖို့ရာ
အေးချမ်းတဲ့ညနေခင်းတစ်ခု ကိုယ့်ကိုပေးပါ….

3 comments:
ကဗျာလေး ခံစားသွားတယ်အစ်ကိုရေ။ လှပတဲ့ နံနက်ခင်း တစ်ခုနဲ့ အေးချမ်းတဲ့ ညနေခင်းတစ်ခု အမြန်ဆုံး ရပါစေဗျာ။
အစ်ကိုဆောင်းယွန်းလရေ
ဒီကလောင်လေးနဲ့
ကဗျာ ၀ိညာဉ်တွေ ကွန့်မြူးနေတဲ့
ကဗျာများစွာနဲ့ ဘလော့ရပ်ဝန်းမှာ
ဆက်လက်ရပ်တည်လို့
ကဗျာများစွာကို မွေးထုတ်ပေးပါဦးလို့.............
ကဗျာကြိုက်တယ်ဗျာ ကိုဆောင်းရေ။
Post a Comment