Monday, October 6, 2008


ဥပမာလေးတစ်ခုမျှသာ
သားရေ
မင်းကြီးပြင်းလာတဲ့တစ်နေ့ကျရင်
မင်းကိုအဖေဖတ်စေချင်တာက
ဟောဒီ အဖေ့ဘလော့ပေါ်ကကဗျာတစ်ပုဒ်…

သားရေ
မင်းဘယ်နေရာဘဲရောက်နေနေ
မင်းရဲ့ဦးနှောက်တွေနဲ့ အကောင်းဆုံးလမ်းတွေကိုဖောက်
ပြီးတော့
မင်းရဲ့နှလုံးသားတွေနဲ့ အကောင်းဆုံးလမ်းတွေကိုလျှောက်တတ်ဖို့လိုတယ်..

သားရေ..
မင်းကို အဖေဖောက်စေချင်တဲ့လမ်းတွေမှာ
အဆင်ပြေချောမွေ့မှုတွေပါချင်မှပါမယ်
မင်းကို အဖေလျှောက်စေချင်တဲ့လမ်းတွေမှာ
စည်းစိမ်ဥစ္စာတွေပါချင်မှပါမယ်…

ဒါပေမယ့်လည်း သားရယ်
မင်းကိုအဖေဖောက်စေချင်တဲ့လမ်းမှာ
စေတနာတွေပါတယ်
မင်းကိုအဖေလျှောက်စေချင်တဲ့လမ်းတွေပေါ်မှာ
သိက္ခာတွေပါတယ်….

သားရေ..
ကိုယ့်အကျိုးစီးပွားအတွက်
ကိုယ့်အတ္တအတွက်
ကိုယ့်တလွဲမာနတွေအတွက်
သူတပါးရဲ့မနက်ညစာတွေကိုဖောက်စား
အညံ့စားလူသားတွေလို
တွေ့ရာလူကိုငိုပြရင်း
ကိုယ့်ကိုယ်ကိုလေလံတင်ဈေးခင်းရောင်း
သူတပါးသွေးနဲ့ခင်းဖောက်တဲ့လမ်း
စိတ်နဲ့တောင်လှမ်းဖို့မစဉ်းစားနဲ့….

တကယ်လို့များ
အဖေတိမ်းပါးသွားခဲ့ရင်
မင်းအတွက်အဖေထားခဲ့နိုင်တာက
ဒေါ်လာတွေမဟုတ်ဘူးဆိုတာ
မင်းသိထားဖို့လိုလိမ့်မယ်
ဒီတော့…မင်းအတွက်ရနိုင်မယ့်အမွေက
အဖေပြုစုခဲ့တဲ့သမိုင်းတစ်ခု
အဖေယုယခဲ့တဲ့ပျိုးခင်းတစ်ခု
အဖေ့ဘဝနဲ့၇င်းပြီးရေးခဲ့တဲ့ကဗျာတစ်ပုဒ်
ဒီထက်ဘာမှပိုမှာမဟုတ်ဘူး သားရေ….

သားရေ..
အဖေ့ကိုမြန်မာပြည်မှာမွေး
အဖေဟာဗမာသွေးမို့
အဖေဟာ ဘယ်နိုင်ငံကိုဘဲရောက်ရောက်
ဗမာစိတ်မပျောက်ဘူး
အဖေဟာ
သန်းငါးဆယ်ကျော်မြန်မာလူထုကိုမကယ်နိုင်ပေမယ့်
အဖေလက်လှမ်းမှီတဲ့ လူနည်းစုကိုတော့
အဖေတတ်နိုင်တဲ့ဘက်ကကယ်တင်ဖို့ကြိုးစားတယ်..

ဒါကြောင့်မို့လည်း
အဖေဟာ အမေရိကန်ရောက်
မြန်မာဒုက္ခသည်တွေကိုကူညီတဲ့လူတစ်ယောက်အဖြစ်
အဖေ့ရဲ့လုပ်ငန်းခွင်မှာစိတ်နှစ်ရင်း
အဖေတို့မိသားစုအတွက်မနက်စာညစာသိပ်မလှပေမယ့်
သိက္ခာနဲ့စေတနာလှစေတဲ့အလုပ်ကို
အဖေ့နှလုံးသားနဲ့ရင်းပြီးလုပ်နေခဲ့တာဖြစ်တယ်…..

ရယ်ရွှင်ဖွယ်ရာဝတ္ထုတိုလေးတစ်ပုဒ်မှာ
နှလုံးအစားထိုးကုသမှုခံယူရမယ့် လူနာတစ်ယောက်က
ဟောဒီလို အလောတကြီးတောင်းဆိုတယ်တဲ့ သားရယ်
ဆိုရှယ်ဝါးကားတစ်ယောက်ရဲ့ နှလုံးသားထက်
ရှေ့နေတစ်ယောက်ရဲ့နှလုံးသားကိုဘဲလိုအပ်တယ်တဲ့
ဘာကြောင့်လဲဆိုတော့…
ရှေ့နေရဲ့နှလုံးသားကမာကျောပြီး
ဆိုရှယ်ဝါးကားရဲ့နှလုံးသားကအမြဲသွေးထွက်နေတတ်လို့တဲ့
ဟုတ်တယ်..
အဖေ့နှလုံးသားကို မင်းသာမြင်အောင်ကြည့်တတ်မယ်ဆိုရင်
အမြဲတမ်းသွေးစိမ်းရှင်ရှင်ထွက်နေတာကိုတွေ့ရလိမ့်မယ်..

ဒါပေမယ့်လည်းသားရယ်
အဲဒီ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့နှလုံးသားဟာ
ဘယ်တော့မှမပုတ်သိုးဘူး
ဘယ်တော့မှမဆွေးမြေ့ဘူး
အမြတ်ထုတ်သွေးစုပ်မှုတွေမရှိဘူး
သူတပါးကိုပုတ်ခတ်လုပ်ဇာတ်တွေမခင်းတတ်ဘူး…

သားရေ….
ငါ့သားဟာ မြန်မာစာပေကိုဖတ်လာတတ်တဲ့တစ်နေ့ကျရင်
ဟောဒီကဗျာလေးကိုနှလုံးသားနဲ့ဖတ်ပြီး
ဦးနှောက်နဲ့စဉ်းစားတတ်အောင်ကြိုးစားပါ
တကယ်တော့ ဒီကဗျာလေးဟာ
င့ါသားအရွယ်ရောက်လာတဲ့အခါကျရင်
လူ့လောကမှာနေတတ်အောင်ကြီးပြင်းရင်း
ရိုးသားခြင်းဝတ်စုံကိုလွှမ်းခြုံနိုင်ဖို့အတွက်
အဖေ့ရင်ဘတ်နဲ့ရေးစပ်ခဲ့တာသာဖြစ်တယ်….

သားလေးသူရိန်လင်းအတွက်နှလုံးသားဖြင့်ရေးဖွဲ့ပါသည်။

9 comments:

Kaung Kin Ko said...

ရယ်ရွှင်ဖွယ်ရာဝတ္ထုတိုလေးတစ်ပုဒ်မှာ
နှလုံးအစားထိုးကုသမှုခံယူရမယ့် လူနာတစ်ယောက်က
ဟောဒီလို အလောတကြီးတောင်းဆိုတယ်တဲ့ သားရယ်
ဆိုရှယ်ဝါးကားတစ်ယောက်ရဲ့ နှလုံးသားထက်
ရှေ့နေတစ်ယောက်ရဲ့နှလုံးသားကိုဘဲလိုအပ်တယ်တဲ့
ဘာကြောင့်လဲဆိုတော့…
ရှေ့နေရဲ့နှလုံးသားကမာကျောပြီး
ဆိုရှယ်ဝါးကားရဲ့နှလုံးသားကအမြဲသွေးထွက်နေတတ်လို့တဲ့
ဟုတ်တယ်..
အဖေ့နှလုံးသားကို မင်းသာမြင်အောင်ကြည့်တတ်မယ်ဆိုရင်
အမြဲတမ်းသွေးစိမ်းရှင်ရှင်ထွက်နေတာကိုတွေ့ရလိမ့်မယ်..

အစ်ကိုတို့ ရဲ့ သွေးစိမ်းရှင်ရှင် ထွက်နေတဲ့ နှလုံးသားတွေကို လေးစားအားကျ မိပါတယ်။ နှလုံးသားနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေး ခံစားသွားတယ် အစ်ကို။

mama said...

သူရိန်လင်း လေး ကြီးလာတဲ့ တစ်နေ့ကျရင်
သူ့အဖေ အတွက် ဂုဏ်ယူ ၀င့်ကြွား နေမှာ
အသေအချာ ပါပဲ...။

Anonymous said...

မင်္ဂလာပါ ကိုဆောင်း

ဒီကဗျာကို ခံစားသွားတယ်။ ကျွန်နော်မှာတော့ ဒီကဗျာမျိုး ရေးတတ်ပေမဲ့ အတွေးမရှိသေးဘူးဗျ..ဟဲဟဲ လူပြိုကြီး ဆိုတော့လဲ ဟ ဟ..။
ဘာပြောပြော ဒီကဗျာ မိုက်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

Nyein Chan Aung said...

ရင်တွင်းခံစားချက်မို့ သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲကိုဆောင်းရေ..

မိသားစု ပျော်ရွှင်ပါစေဗျာ...

သားရေ..
ကိုယ့်အကျိုးစီးပွားအတွက်
ကိုယ့်အတ္တအတွက်
ကိုယ့်တလွဲမာနတွေအတွက်
သူတပါးရဲ့မနက်ညစာတွေကိုဖောက်စား
အညံ့စားလူသားတွေလို
တွေ့ရာလူကိုငိုပြရင်း
ကိုယ့်ကိုယ်ကိုလေလံတင်ဈေးခင်းရောင်း
သူတပါးသွေးနဲ့ခင်းဖောက်တဲ့လမ်း
စိတ်နဲ့တောင်လှမ်းဖို့မစဉ်းစားနဲ့….

တကယ်လို့များ
အဖေတိမ်းပါးသွားခဲ့ရင်
မင်းအတွက်အဖေထားခဲ့နိုင်တာက
ဒေါ်လာတွေမဟုတ်ဘူးဆိုတာ
မင်းသိထားဖို့လိုလိမ့်မယ်
ဒီတော့…မင်းအတွက်ရနိုင်မယ့်အမွေက
အဖေပြုစုခဲ့တဲ့သမိုင်းတစ်ခု
အဖေယုယခဲ့တဲ့ပျိုးခင်းတစ်ခု
အဖေ့ဘဝနဲ့၇င်းပြီးရေးခဲ့တဲ့ကဗျာတစ်ပုဒ်
ဒီထက်ဘာမှပိုမှာမဟုတ်ဘူး သားရေ….

မသက်ဇင် said...

ဒါပေမယ့်လည်းသားရယ်
အဲဒီ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့နှလုံးသားဟာ
ဘယ်တော့မှမပုတ်သိုးဘူး
ဘယ်တော့မှမဆွေးမြေ့ဘူး
အမြတ်ထုတ်သွေးစုပ်မှုတွေမရှိဘူး
သူတပါးကိုပုတ်ခတ်လုပ်ဇာတ်တွေမခင်းတတ်ဘူး…

ကဗျာက အားလုံးကောင်းပါတယ်---
ဒီအပိုဒ်လေးကိုတော့ အနှစ်သက်ဆုံးပါပဲ---
အနုပညာဖန်တီးမှုနဲ့ ရိုးသားစွာပရဟိတ
လုပ်နေသူတယောက်ဟာ--သူတပါးကို ပုတ်ခတ် လုပ်ဇာတ်တွေမခင်းတတ်တာ --
ကောင်းမြတ်သည့်ကိုယ်ကျင့်သိက္ခာရှိသော
လူ ပါပဲ ကိုဆောင်းရေ----

Chaos said...

နှလုံးသားနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးကို နှလုံးသားနဲ့ ခံစားပြီး ဖတ်သွားတယ်နော် အစ်ကို။ အစ်ကို့ သားလေးလဲ ဒီကဗျာလေးကိုဖတ်နိုင်တဲ့တစ်နေ့ သူနားလည်နိုင်တဲ့ တစ်နေ့သူလဲ အစ်ကို့လိုကဗျာလေးတွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဖြိုးငယ် said...

အရေးအသားလေးကိုတော့ ကြိုက်တယ်အကိုရာ

Unknown said...

Hi Ko,

Now you become a father of three...I am proud of you and your son and daughters will be proud of you too. I believe.

best,
MYO

MANORHARY said...

စာတွေပြန်လာဖတ်သွားပါတယ်။...