Saturday, October 11, 2008


ခရီးသည်တစ်ဦးရဲ့နောက်ဆုံးညနေခင်း
အသိအာရုံတွေမှာ
အမြင်အာရုံတွေမှာ
အကြားအာရုံတွေမှာ
အားလုံးဆန်းကြယ်
ဟုတ်တယ်..အားလုံးဆန်းနေတယ်..

တကယ်တော့ ဒါသူ့ကမ္ဘာမဟုတ်ဘူး
ဒါသူတခါမှမမက်ခဲ့ဖူးတဲ့အိပ်မက်
အရာအားလုံးကသူ့အတွက်အသစ်စက်စက်ပေါ့..

သူ့ကိုမွေးတဲ့နေရာမှာ
သူ့ကိုမွေးတဲ့အချိန်ကဆိုရင်
လူပေါင်းထောင်ကျော်သာသာဘဲရှိ
ဘယ်နေရာကြည့်လိုက်ကြည့်လိုက်တောကြီးမျက်မည်း
တောင်တန်းတွေနဲ့သစ်ပင်တွေကဘဲသူ့ကိုဝိုင်းရံထားကြ
သဘာဝတောလေတောရနံ့ကိုရှုရှိုက်ရင်းသူကြီးပြင်းခဲ့တာ..
သူ့ကိုသူနဲ့အနီးကပ်ဆုံးနေတဲ့တနိုင်ငံတည်းသားတွေက
သူရှိနေမှန်းသိပ်မသိကြသလို
သူကိုယ်တိုင်ကတော့သူနေတဲ့နေရာဟာသူ့ကမ္ဘာ
နောက်ထပ်တခြားကမ္ဘာဆိုတာသူ့မှာမရှိ
အပြောကျယ်တဲ့ကမ္ဘာကြီးတစ်ခုရှိနေတယ်ဆိုတာကိုလည်းသူမသိခဲ့ရ
ဂျွန်စတိမ်းဘတ်စ်ရဲ့တို့ဘဝတို့ကမ္ဘာထဲကလိုမျိုး
သူဟာသူ့ကမ္ဘာကျဉ်းကျဉ်းလေးကိုဘဲမြတ်နိုးခဲ့တာပါ….

တခါတခါသူ့ကမ္ဘာကို လူဖြူဖြူတွေလာရင်
သူ့မျက်လုံးတွေပြူးကျယ်သွားတဲ့အထိကြည့်မိ
သူ့အသိထဲမှာတော့ဒီလူတွေကိုနတ်ဘုရားတွေအဖြစ်သတ်မှတ်
သူတို့ကျွေးတဲ့ချောကလတ်တွေကိုစားရရင်ပျော်နေတတ်
သူတို့တိုက်တဲ့ဆေးတွေကိုသောက်ရရင်ကျေနပ်နေမိ…

ဒီလိုနဲ့..တနေ့မှာ
သူနေတဲ့ကမ္ဘာမှာသတင်းတစ်ခုကြားရ
သူတို့တနေရာကိုထွက်သွားကြရတော့မယ်တဲ့
သူတို့သွားရမယ့်နေရာမှာ
လူဖြူဖြူ လူမည်းမည်း လူဝါဝါအားလုံးရှိနေကြတယ်ဆိုတာကိုလည်းသိရ
တချို့ကပြောကြသေးတယ်
အဲဒီကမ္ဘာမှာ ငါတို့ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကလိုဘဲ
ကားတွေတဝီဝီ လူတွေစည်စည်ကားကား
တိုက်တွေမိုးပေါ်ရောက်နေသလားအောက်မေ့ရတဲ့မြို့ကြီးတွေရှိ
ငါတို့အသိတစ်ယောက်မှမရှိတဲ့အဲဒီကမ္ဘာကြီးဆီမှာအရာရာဆန်းကြယ်ဆိုဘဲ…

ဒီလိုနဲ့တရက်မှာ
သူ့ကိုလူတချို့ကလာခေါ်ပြီးကားပေါ်တင်
အဝေးပြေးလမ်းမကြီးတွေဆီကိုမောင်းထွက်
သူ့တစ်သက်မမြင်ဘူးတဲ့မြို့ပြကြီးတစ်ခုဆီဖက်ကိုပေါ့…

အဲဒီမွန်းကြပ်လှတဲ့မြို့ကြီးရဲ့အင်မတန်မှကြီးကျယ်ခန်းနားတဲ့
အဆောက်အဦကြီးရှေ့တည့်တည့်မှာသူ့ကိုဆင်းခိုင်းပြီး
အတောင်ပံနှစ်ဘက်ပါတဲ့ငှက်လိုလိုအကောင်ပေါ်ကိုသူ့ကိုတွန်းတင်ကြ..

တားမရတဲ့ဝမ်းနည်းမှုတစ်စုံက
သူ့ကိုမျက်ရည်ဖြိုင်ဖြိုင်ကျစေရင်း
သူ့ရဲ့ကမ္ဘာကျဉ်းကျဉ်းလေးဆီကိုသာပြန်လိုတဲ့စိတ်နဲ့
အဲဒီအတောင်နှစ်ဘက်ပါငှက်လိုလိုအကောင်ကြီးပေါ်မှာတရေးမှမှေးမရခဲ့…

ငှက်လိုလိုစက်တပ်အကောင်ကြီးပေါ်မှာ
သူဟာအိမ်သာလည်းမတက်ရဲ
ကျွေးတဲ့အစာတွေလည်းစားမရ
ပျို့တက်လာတဲ့ဝေဒနာကြောင့် တခါတခါအန်ချမိသေးတယ်…

နောက်ဆုံးမှာ
သူဟာတခြားကမ္ဘာအသစ်
သူ့ကိုယ်သူလူအသစ်တစ်ယောက်အဖြစ်ပွဲထုတ်ရမယ့်နေရာကိုရောက်လာခဲ့
ဒါပေမယ့်..သူမပျော်ပါဘူး
အသိအာရုံတွေမှာ
အမြင်အာရုံတွေမှာ
အကြားအာရုံတွေမှာ
အားလုံးဆန်းကြယ်
ဟုတ်တယ်..အားလုံးဆန်းနေတယ်..

နောက်ဆုံးမှာ..အဲဒီဆန်းကြယ်မှုတွေကဘဲ
သူ့ကိုအပြီးတိုင်ဇီဝိန်ခြွေခဲ့ကြ
သူမနှစ်သက်တဲ့ဘဝမှာ
သူဘာမှမသိတဲ့ကမ္ဘာဆန်းဆန်းမှာမနေလိုတဲ့
သူ့ရဲ့အားငယ်ကြောက်ရွံ့စိတ်တွေကဘဲ
သူ့ကိုယ်သူကြိုးဆွဲချသေစေရင်း
သူ့ရဲ့ကမ္ဘာကျဉ်းကျဉ်းလေးဆီကိုအရောက်ပြန်ပို့ပေးခဲ့ကြ
မီးသဂြိုလ်စက်မှာတော့ အငွေ့တလူလူထွက်နေတဲ့ညနေခင်းတစ်ခုပေါ့……..။

ဒုက္ခသည်တစ်ဦးရဲ့ရင်ဘတ်ထဲသို့ဝင်ရောက်ပြီးရေးဖွဲ့ထားတာဖြစ်ပါတယ်.....။

4 comments:

Kay said...

ကိုယ်တိုင် ဖြေရှင်းကိုင်တွယ်ဖူး တဲ့ ပြသာနာလေး တခု ထင်ပါတယ်။ ကမ္ဘာကြီး မှာတော့..ရှေ့လျှောက်.. ဒုက္ခသည် တွေ ပို များလာ ဦးမယ့် လက္ခဏာပဲ နော်။ တချိန်တည်းမှာပဲ.. genuine refugee တွေလည်း..ပိုပြီး လုံးပါးပါး လာနိုင်မဲ့.. အနေအထားတွေ..ပိုများလာ နေသလိုပါပဲ။

စိတ်ဝင်စားစရာ ကောင်းမဲ့ တခြား ဖြစ်ရပ်မှန် ဇတ်လမ်းလေး တွေ လည်း..ဖတ်ချင်ပါသေးတယ်။

ကောင်းကင်ကို said...

ကဗျာလေး ကောင်းတယ် အစ်ကို။ စိတ်တော့ မကောင်းဘူးဗျာ။ ဒုက္ခသည်တွေ တိုက်ပေါ်က ခုန်ချတာတွေ လည်း ခဏခဏ ကြားရတယ်။ စစ်အစိုးရပေးလိုက်တဲ့ အမာရွတ်က အဝေးရောက်တာတောင် မလွတ်ဘူး။း-(

Nyein Chan Aung said...

ကဗျာခံစားသွားတယ်ဗျာ..

ယောနသံစင်ရော် said...

ဟုတ်တယ်အကို…သူ့လိုလူတွေ တွေ့ဖူးတယ်။
သူတို့ ဒီမှာ မပျော်ကျဘူး….
ပြန်စရာလည်း အိမ်မရှိဘူး…။