Monday, October 13, 2008

ကံကောင်းခြင်းသစ်ပင်ထက်မှာပွင့်မယ့်အသီး
ဒုက္ခကိုမသိကျိုးကျွံပြုအိုးတစ်လုံးထဲမှာနှစ်ရင်း
အရက်ပြင်းတစ်ခွက်လိုငှဲ့သောက်ပစ်လိုက်မိ
ဒီလိုနဲ့….
တစ်ခွက်…နှစ်ခွက်
သောကတွေရေချိန်တက်လာတဲ့အခါ…..
အပြင်းစားဒဏ်ရာတွေကို
နာကျည်းလွမ်းဆွတ်မှုတွေနဲ့ကုစား
ငါတို့ရဲ့ နှစ်လရက်အတော်များများမှာ
တရားဒေသနာတော်တွေကိုလည်း ခဏမေ့ထားခဲ့လိုက်တယ်….

ဟာမူရာဘီရဲ့ကိုဒဥပဒေကိုလက်ခံနိုင်ဖို့တွက်
ဒီနှစ်ချို့အရက်ခွက်ပေါင်းများစွာကို
ငါတို့ကိုယ်တိုင်က မက်မက်မောမောသောက်မြိုခဲ့တာပါ…

ငါတို့ရဲ့ခေါင်မိုးနဲ့ကြမ်းပြင်
ငါတို့မိခင်နဲ့ချစ်သူတွေရဲ့ကောင်းကင်နဲ့မြေကြီး
ငါတို့ဖခင်နဲ့သူငယ်ချင်းတွေရဲ့ပင်လယ်နဲ့ကမ်းခြေမှာ
အလင်းနှစ်ရဲ့ငှက်တွေလွတ်လပ်စွာနားခိုနိုင်စေဖို့အတွက်
အမှောင်ဆုံးညနက်နက်တွေမှာ…ငါတို့ဟာ…
အပြင်းဆုံးမီးတောက်တွေကိုသောက်စို့ခဲ့ကြ
အနက်ရှိုင်းဆုံးချောက်ကမ်းပါးတွေကိုလမ်းဖောက်ခဲ့ကြ

အမြင့်မားဆုံးတောင်ကြီးတွေကို
ဖဝါးအောက်ရောက်အောင်လျှောက်ခဲ့ကြ….

လေပြေတွေကြောင့်သစ်ရွက်တွေဦးညွှတ်ရင်ညွှတ်မယ်
အချိန်တွေကိုလူတွေကဦးညွှတ်ရင်ညွှတ်ရမယ်
ငါတို့ရဲ့ဦးခေါင်းတွေ ညောင်းရင်တောင်မညွှတ်စေရဘူး
သူရဲကောင်းတွေကြောင့်ပွင့်ဖူးတဲ့ပန်းဥယျာဉ်တစ်ခုဆီမရောက်သရွေ့….

ဟေ့..
ဘယ်သူတွေဘာပြောပြော ဘယ်သူတွေဘာလုပ်လုပ်
ငါတို့ဘယ်တော့မှနောက်မဆုတ်ဘူး
တနေ့မှာ…ကံကောင်းခြင်းသစ်ပင်ထက်
ဒုတိယအကြိမ်မြောက်လွတ်လပ်ခြင်းအသီးအပွင့်တွေ
လတ်ဆတ်နေခြည်နဲ့အတူ နေရာယူလာမှာသေချာတယ်…..။
.

1 comment:

Nyein Chan Aung said...

ကဗျာကောင်းတယ်ဗျာ ကိုဆောင်း..။ သီတင်းကျွတ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...